ကြာသပတေး၊ ဧပြီလ ၁၈ရက်၊ ၂၀၂၄

AA ထံ ဖမ်းဆီးခံခဲ့ရသည့် ကုန်လမ်းပို့ဆောင်ရေးဝန်ထမ်း ၁၈ ဦးကို တာဝန်ထမ်းဆောင်ရန်ပျက်ကွက်မှုဖြင့် ခုံရုံးဖွဲ့စစ်ဆေးမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ ဇန်နဝါရီ ၂၀၂၀
  • | ကြည့်ရှုသူ: 9.2k

စိုးဇံအောင်
နိရဥ္စရာ၊ဇန်နဝါရီ ၁၂ / ၂ဝ၂ဝ

တာဝန်ထမ်းဆောင်မည့် မောင်တောမြို့နယ်သို့ မသွားဘဲ ဘူးသီးတောင်မြို့မှနေ နေပြည်တော် မိခင်ဌာနသို့ ပြန်သွားသူ ကုန်လမ်းပို့ဆောင်ရေး ဝန်ထမ်း ၁၈ ဦးကို သက်ဆိုင်ရာမှ ခုံရုံးဖွဲ့ စစ်ဆေးသွားမည်ဟု သတင်းရရှိသည်။

ကုန်လမ်းပို့ဆောင်ရေးဌာနမှ ကြီးကြပ်သူ (၁) ဦး၊ ယာဉ်မောင်း (၁၇) ဦးတို့သည် ဒီဇင်ဘာလ ၃၁ ရက်နေ့က မောင်တောမြို့နယ်သို့ တာဝန် ထမ်းဆောင်ရန် စစ်တွေမှ ဘူးသီးတောင်သို့ ပြေးဆွဲနေသည့် အောင်တံခွန် (၇) သင်္ဘောပေါ်ဖြင့် သွားရောက်ရာ ရသေ့တောင်မြို့နယ် မှန်နီပြင်ကျေးရွာအနီး မေယူမြစ်ထဲတွင် ရက္ခိုင့်တပ်တော် (AA)က ဖမ်းဆီးခေါ်ဆောင်ခြင်းကို ခံခဲ့ရသည်။

AA မှ ၎င်းတို့အား တစ်ညခန့်စစ်ဆေးပြီးနောက် သာမာန်ကားမောင်းသမားများဖြစ်ကြောင်း သိသွားပြီးနောက် ဇန်နဝါရီလ ၁ ရက်နေ့တွင် ဘူးသီးတောင်မြို့နယ် ကျောက်ဖြူသား သည်ကံခွဆုံကျေးရွာတွင် ပြန်လွှတ်ပေးခဲ့သည်။

၎င်းနောက် ကုန်လမ်းပို့ဆောင်ရေး ဝန်ထမ်း ၁၈ ဦးသည် တာဝန်ကျရာ မောင်တောသို့ ဆက်မသွားတော့ဘဲ ဘူးသီးတောင်မှ လှည့်ပြန်ကာ နေပြည်တော် မိခင်ဌာနသို့ ပြန်သွားခဲ့ကြသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ကုန်းလမ်းပို့ဆောင်ရေး ခရီးသည်ပို့ဆောင်ရေးဌာန ဒုကြီးကြပ်ရေးမှူး ဦးဇော်ထွန်းဦး က “ကျွန်တော်တို့အဖွဲ့တွေကို ရုံးတက်လည်း မခံဘူး။ လက်မှတ်တွေဘာတွေလည်း မထိုးရဘူး။ အတင်းရာထူး ချပြီးတော့ ခုံရုံးစစ်မှာပေါ့။ ကျွန်တော်တို့ကို အရေးယူမယ်ပေါ့ဗျာ ။ဖြုတ်မယ်၊ထုတ်မယ်ပေါ့။ အခုသူတို့ အဲလိုစစ်မယ်ဆိုပြီး ကျွန်တော့်ကို ရုံးစာထုတ်ပေးတယ်။ ကျွန်တော်တို့က ဖြစ်စေချင်တာကတော့ ကျွန်တော်တို့ နွေးထွေးစွာပြန်ကြိုရမယ့် ဥစ္စာ မကြိုဆိုဘဲနဲ့ ကိုယ့်ကို ဒီလိုကြီးဆက်ဆံတယ်ဆိုတော့ ကိုယ့်ရဲ့ မိခင်ဌာန၊ မိခင်အစိုးရအပေါ် ကျွန်တော်တို့က တော်တော်လေး စိတ်မကောင်းဖြစ်မိတယ်။ တစ်ဘက်က လက်နက်ကိုင် အဖွဲ့အစည်းကတောင် ကိုယ့်ကို လူလိုသူလို ဆက်ဆံသေးတာ။ကိုယ့်မိခင်ဌာနက ကိုယ့်ကို ကောင်းကောင်း မဆက်ဆံဘူး”ဟု နိရဥ္စရာသို့ ပြောသည်။

၎င်းတို့သည် မောင်တောခရိုင် နေရပ်စွန့်ခွာသူများပြန်လည်လက်ခံရေးစခန်းများတွင် ပထမအသုတ် တာဝန် ထမ်းဆောင် နေသော ဝန်ထမ်းများနှင့် အစားထိုးလဲလှယ် တာဝန်ထမ်းဆောင်ရန် ရခိုင်သို့ လာကြသူများ ဖြစ်ကြသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ကုန်းလမ်းပို့ဆောင်ရေး၏ ရုံးမိန့်အမှတ် (ဝဝ၆/၂ဝ၂ဝ) ဖြင့် ထုတ်ပြန်သော အမိန့်စာတွင် ကြီးကြပ်သူ (၁) ဦး၊ ယာဉ်မောင်း (၁၇) ဦးတို့သည် ရခိုင်ပြည်နယ်၊ မောင်တောခရိုင်ရှိ နေရပ်စွန့်ခွာ သူများ ပြန်လည်လက်ခံရေး စခန်းများတွင် ပထမအသုတ် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့် အစားထိုး လဲလှယ် တာဝန်ထမ်းဆောင်ရန် စေလွှတ်ခဲ့ရာတွင် သတ်မှတ်တာဝန်ကျသည့် နေရာသို့ မရောက်မီ AA လက်နက်ကိုင်အဖွဲ့၏ ဖမ်းဆီးခံရာ ပြန်လည် လွှတ်မြောက်လာပြီးနောက် မူလ တာဝန်ကျရာ နေရာသို့ ဆက်လက် ထွက်ခွာခြင်း မပြုဘဲ ဘူးသီးတောင်မြို့မှ ၄-၁-၂ဝ၂ဝ နေ့ နံနက် ၇နာရီအချိန်တွင် တာဝန်ရှိသူ အဆင့်ဆင့်၏ ခွင့်ပြုချက်မရရှိဘဲ မိခင်ဌာနများသို မိမိသဘောဆန္ဒ အလျောက်  ပြန်လည် ထွက်ခွာသွားခြင်းနှင့် ပတ်သက်၍ ဖြစ်ရပ်မှန် ပေါ်ပေါက်စေရေး စစ်ဆေးတင်ပြရန်ဟု ပါရှိသည်။

ဖမ်းဆီးခံခဲ့ရသူများအထဲတွင်  ဦးဇော်ကိုဦး(၃၉)နှစ်၊ဦးခင်မောင်ကျော်(၅၅)နှစ်၊ ဦးဆန်းထွန်းအောင်(၄၄)နှစ်၊ ဦးတင်ထက်အောင်(၃၁)နှစ်၊ဦးအောင်မိုးလွင်(၃၇)နှစ်၊ဦးဇော်ထွန်းဦး(၄၄)နှစ်၊ ဦးဝင်းထွန်းသန်း(၄၆)နှစ်၊ ဦးအေးထွန်း(၄၁)နှစ်၊ဦးမင်းမင်း(၃၅)နှစ်၊ဦးမောင်မောင်အေး(၅၄)နှစ်၊ဦးအောင်ကျော်သူ(၄၄)နှစ်၊ဦးနောင်ထွန်း(၄၁)နှစ်၊ဦးဝင်းဇော်ဌေး(၄၂)နှစ်၊ဦးတင်ရွှေ(၅၇)နှစ်၊ဦးအောင်အောင်(၄၄)နှစ်နှင့် ဦးစိုးကျော်(၄၈)နှစ်တို့ ပါဝင်သည်။

ထိုသို့ ပြန်လည်လွတ်လာပြီးနောက်  မိခင်ဌာနထံ အကြောင်းကြားပြီး လမ်းညွှန်မှု တောင်းခံခဲ့ကြောင်း၊ပြည် နယ်အစိုးရ၏ လမ်းညွှန်မှုကို လိုက်နာရန် မိခင်ဌာနမှ အကြောင်းပြန်ခဲ့ကြောင်း ၊ ယင်းနောက် ရခိုင်ပြည်နယ် အစိုးရထံ စာတင်ပြီး ဇန်နဝါရီလ ၄ ရက်နေ့နံနက်တွင် မိခင်ဌာနများသို့ ပြန်လည်ထွက်ခွာလာခဲ့ကြောင်း ဒုကြီးကြပ်ရေးမှူး ဦးဇော်ထွန်းဦး က ပြော သည်။

ယင်းသို့ မိခင်ဌာနများသို့ ပြန်လာသည့်အပေါ် တာဝန်ရှိသူအဆင့်ဆင့်၏ ခွင့်ပြုချက်မရရှိဘဲ မိမိသဘောဆန္ဒ အလျောက် ပြန်လည်ထွက်ခွာလာခဲ့သည်ဆိုကာ ဌာနမှစစ်ဆေးမေးမြန်းရန် ရုံးစာထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။

“လွတ်လာလို့ နေပြည်တော်ကို ပြန်တဲ့အခါတော့ သူတို့ဘာမှ စီစဉ်မပေးတော့ဘူး။ သူတို့က ပြည်နယ်အစိုးရရဲ့ လမ်းညွှန်မှုကိုပဲ ခံယူပါဆိုပြီးတော့ ပြောတယ်။ လမ်းညွှန်မှု ခံယူပါဆိုတော့ ကျွန်တော်တို့က ပြည်နယ်အစိုးရဆီ အသနားခံစာတင်ပြီးတော့မှ ပြည်နယ်အစိုးရက မင်းတို့မှာကြောက်လို့ မသွားနိုင်ဘူးဆိုရင်လည်း တို့ကတော့ ဘာမှ အရေးယူမှု ဘာညာမလုပ်ပါဘူး။ မင်းတို့ပြန်ချင်တယ်ဆိုလည်းပြန်ပေါ့။ ကျွန်တော်တို့အနေနဲ့ လောလော ဆယ် ဒီတာဝန် ထမ်းဖို့ အခက်အခဲဖြစ်နေတယ်။ နောက်တစ်ဖွဲ့ကို အရင်လုပ်ခိုင်း။ပြီးတော့မှ ကျွန်တော်တို့ တတိယ အဖွဲ့အနေနဲ့ ပြန်ဝင်ပါ့မယ်လို့ ပြောဆိုပြီး စာတွေဘာတွေတင်ပြီး ပြန်လာတာ”ဟု ဦးဇော်ထွန်းဦးက ဆက်ပြောသည်။

၄င်းဝန်ထမ်းများကို ဌာနဆိုင်ရာ စစ်ဆေးရေးအဖွဲ့က စစ်ဆေးပြီး စစ်ဆေးချက် အစီရင်ခံစာကို ဇန်နဝါရီလ ၂၄ ရက်နေ့ နောက်ဆုံးထား၍ ဦးဆောင်ညွှန်ကြားရေးမှူးထံ တင်ပြရမည်ဟုလည်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနက ရုံး အမိန့်စာထုတ်ထားသည်ဟု သိရသည်။

-----------------------------

Unicode


နိရဉ်စရာ၊ဇနျနဝါရီ ၁၂ / ၂ဝ၂ဝ













ဆက်စပ် သတင်းများ