ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ကျောက်တော်-ပလက်ဝ ကုလားတန်မြစ် ရေကြောင်းလိုင်း ဧပြီ ၂၂ ရက်နေ့မှ စ၍ တစ်ပတ်လျှင်နှစ်ရက်ပြန်လည်ပြေးဆွဲခွင့်ပြု


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ ဧပြီ ၂၀၂၁
  • | ကြည့်ရှုသူ: 2.6k

ထွန်းခိုင် (တောင်ရင်းကျွန်း)
နိရဉ္စရာ၊ ဧပြီ ၂၂ / ၂၀၂၁

ကျောက်တော် - ပလက်ဝ ကုလားတန်မြစ် ရေကြောင်းလမ်းအား ယနေ့ ဧပြီ ၂၂ ရက်နေ့မှ စ၍ တစ်ပတ်လျှင် နှစ်ရက်ကျ ပြန်လည် ပြေးဆွဲခွင့် ပြုထားကြောင်း သတင်းရရှိသည်။
ပလက်ဝမြို့မှ ဒေသခံ ဦးစိုးလှက “ မနေ့က ချင်းပြည်နယ် (ပစက)က နေပြီးတော့ ကြာသပတေးနဲ့ တနင်္လာနေ့ နှစ်ရက်ကို ပုံမှန်ဆွဲသွားဖို့ဆိုပြီးတော့ (တုတ်တုတ်) သုံးဘီးနဲ့ မြို့ကိုပတ်ပြီးတော့ ကြေညာသွားတယ်” ဟု ပြောသည်။
ပလက်၀မှ ကျောက်တော်သို့ တနင်္လာနေ့နှင့် ကြာသပတေးများတွင် ထွက်ခွာခွင့်ပြုပြီး ကျောက်တော်မှ ပလက်၀သို့ ဗုဒ္ဓဟူးနေ့နှင့် စနေနေ့ကို ခွင့်ပြုထားသည်ဟု ၎င်းက ပြောဆိုသည်။
“ ပလက်ဝကနေ ကြာသပတေးနေ့ထွက်ပြီးတော့ သောကြာတစ်ရက်နားမယ်။ စနေနေ့မှာ ကျောက်တော်ကနေ ပြန်လာမယ်။ ပြီးတော့ တနင်္ဂနွေနေ့နားမယ်။ တနင်္လာနေ့ ကျောက်တော်ကို ပြန်ထွက်မယ်။ အင်္ဂါနေ့ တစ်ရက်နားပြီးတော့ ဗုဒ္ဓဟူးနေ့ ကျောက်တော်ကနေ ပြန်လာမယ်ဆိုပြီးတော့ အဲဒီလို ကြေညာ သွားတယ်။ ဒီနေ့တော့ စထွက်နေကြပြီ” ဟုပြောသည်။
ရက္ခိုင့်တပ်တော်(AA) နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ကျောက်တော်- ပလက်ဝ ရေကြောင်းလမ်းအား ပိတ်ထားခဲ့သဖြင့် ကုန်စျေးနှုန်းများမြှင့်တက်လာပြီး စားဝတ်နေရေး အခြေအနေ များကို ဒေသခံများက ရင်ဆိုင်ကြုံတွေ့ခဲ့ရသဖြင့် ယခုလိုမျိုး ပြန်လည် ဖွင့်ပေးသည့်အတွက် အလွန် ဝမ်းသာမိကြောင်း သူကဆက်ပြောသည်။
“ ရေကြောင်းလမ်းတွေကို ပိတ်ထားတဲ့အတွက်ကြောင့် ကုန်စျေးနှုန်းတွေက အဆမတန် မြင့်တက်ပြီးတော့ ပြည်သူလူထုတွေက စားဝတ်နေရေး အခက်အခဲဖြစ်ကြတယ်။ ကျောက်တော်မှာ ဆန်တစ်အိတ်ကို နှစ်သောင်းကျော်ဆိုလို့ရှိရင် ပလက်ဝမှာ သုံးသောင်းကျော် အထိစျေးတက်သွားတယ်။ အခုရေလမ်းကြောင်းတွေကို ပုံမှန်ဖွင့်ပေးမယ်ဆိုလိုရှိရင် ပလက်ဝနဲ့ ကျောက်တော်ဟာ စျေးနှုန်းတွေ အဲလောက်ထိ ကွာမှာ မဟုတ်တော့ဘူး ” ဟု ဦးစိုးလှက ဆက်ပြောသည်။
ရေလမ်းကြောင်းများအား တစ်ပတ်တွင် နှစ်ရက်ဖွင့်ပေးထားသော်လည်း လမ်းခရီးတွင် စစ်ဆေးရေး ဂိတ်များ ချထားသဖြင့် အချိန်ကြန့်ကြာမှုများ ရှိနေ၍ စစ်ဆေးရေးဂိတ်များကို လျော့ချ ပေးစေလိုသည်ဟု ယနေ့ ကျောက်တော်သို့ ရောက်ရှိလာသည့် ပလက်ဝမြို့မှ စက်လှေပိုင်ရှင် ဦးဘိုအေးလွင်က ပြောသည်။
“ရေကြောင်းလိုင်းပြေးဆွဲရတာတော့ အဆင်ပြေမှာလား၊ မပြေဘူးလားတော့ မပြောတတ်ဘူး။ လမ်းမှာလည်း စစ်ဆေးရေးဂိတ်တွေ တော်တော်များတယ်။ ပလက်ဝက ၂၈၉- ပင်ပဂိတ်မှာလည်း စစ်ဆေးခံရတယ်။ နောက်ပြီး တံတားဂိတ်၊ နှမဒါဂိတ်၊ ကျောက်တော် စကခ-၉ တပ်မဂိတ်၊ ကျောက်တော်ကို ရောက်လို့ရှိရင်လည်း ဌာနပေါင်းစုံဂိတ်၊ အဲဒါတွေမှာ စစ်ဆေးခံရတယ်။ အဲဒီဂိတ်တွေမှာ စစ်ဆေးတာကတော့ လူဦးရေစာရင်းတွေ၊ မှတ်ပုံတင်တွေ၊ ယာဉ်မောင်းနာမည်၊ စက်လှေပိုင်ရှင်နာမည် အဲဒါတွေကို စစ်ဆေးတယ်။ အရင်ကတော့ ၁ နာရီခွဲလောက်ပဲသွားရတယ်။ အခုက စစ်ရေးဂိတ်တွေရှိတော့ ကျနော်တို့ မနက် ၇ နာရီခွဲလောက်ကထွက်လာတာ ညနေ ၃ နာရီလောက်မှ ကျောက်တော်ကို ရောက်တယ်” ဟုပြောသည်။
ပလက်ဝမြို့နယ်၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ကလည်း တစ်ပတ်တွင် နှစ်ရက်ပြေးဆွဲနေကြကြောင်း ကြားသိရသည်ဟု ပြောကြားခဲ့သည်။
ယခင်က နေ့စဉ်ပုံမှန် ပြေးဆွဲခဲ့ကြသော်လည်း ရက္ခိုင့်တပ်တော် (AA) နှင့် မြန်မာ့တပ်မတော်တို့ နှစ်ဘက်တိုက်ပွဲများအကြား ကျောက်တော်နှင့် ပလက်ဝသို့ ကူးသန်းဆက်သွယ်သည့် ကုလားတန်မြစ်ကြောင်းကို ပိတ်ထားသည်မှာ တစ်နှစ်ကျော်ခန့် ကြာမြင့်နေပြီဖြစ်သည်။yi

ဆက်စပ် သတင်းများ