ကြာသပတေး၊ ဧပြီလ ၁၈ရက်၊ ၂၀၂၄

ကျောက်တော်-ပလက်ဝ ကုလားတန်မြစ်ရေကြောင်းလိုင်း ဆန်သယ်ယူခွင့်ပိတ်ပင်ကန့်သတ်ထားဆဲဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ မေ ၂၀၂၁
  • | ကြည့်ရှုသူ: 4.7k

ဆောင်းဇာခြည်

နိရဉ္စရာ၊ မေ ၆/ ၂၀၂၁

 

ကျောက်တော်-ပလက်ဝ ကုလားတန်မြစ်ရေကြောင်းလိုင်းတွင် စက်လှေများကို ဧပြီလ ၂၂ ရက်နေ့မှစ၍ ပြန်လည်ပြေးဆွဲခွင့် ပြုထားပြီဖြစ်သော်လည်း  ဆန်သယ်ယူခွင့်ကို ကန့်သတ် ပိတ်ပင်ထားဆဲ ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

 

စက်လှေများတွင် ကျောက်တော်မြို့နယ်မှ ပလက်၀မြို့နယ်သို့  အခြားကုန်ပစ္စည်းများ တင်ဆောင်ခွင့် ရသော်လည်း ဆန်ကို တင်ဆောင်ခွင့် ပြုကြောင်း ပလက်ဝမြို့မှ ဦးထွန်းဝေက ပြောသည်။

 

စက်လှေတွေ ကျောက်တော်ဘက်ကိုသွားမယ်ဆိုရင် အရင်ဆုံး မြို့နယ်အုပ်ချုပ်ရေးမှူးကို စာတင်ရပါတယ်။ ပြီးတော့မှ ၂၈၉ ကို စတင်ရပါတယ်။ ပြီးမှ သွားခွင့်ရပါတယ်။ အခုဆိုရင် ဆန်အိတ်တွေ လုံးဝ တင်ယူခွင့်မရှိတော့ပါဘူး။ ၂၈၉ တပ်ရှေ့မှာ စာရေးထားပါတယ်။ စက်လှေတွေ ဆန်အိတ်တွေတင်ယူခွင့် မရှိဘူးဆိုပြီးတော့။ ဘာကြောင့်လဲတော့ မသိပါဘူး။ အဲဒီလိုရေးထားတဲ့ စာရွက် နှစ်ရွက်/ သုံးရွက်လောက် ၂၈၉ တပ်ရှေ့မှာ ကပ်ထားပါတယ်ဟု ပြောသည်။

 

 ဆန်လုံးဝမတင်ရဟုရေးသားထားသည့် ဆိုင်းဘုတ်အား ဧပြီလကတည်းက အဆိုပါ ၂၈၉ တပ်ရင်းရှေ့တွင် ကပ်ထားကြောင်း၊ ထိုကဲ့သို့ ဆန်မတင်ဆောင်ရသည့်အတွက် ပလက်ဝမြို့တွင် ဆန်ရှားပါးကာ ဆန်စျေးတက်ခြင်းဖြစ်ကြောင်း ပလက်ဝမြို့မှ ဒေသခံ ကိုစိုးမင်းက ပြောသည်။

 

 ဆန်လုံးဝမတင်ရဆိုတဲ့ ဆိုင်းဘုတ်ကို ၂၈၉ စစ်ဆေးရေးဂိတ်ရှေ့မှာ ဧပြီလအတွင်းကနေ သူတို့ ကပ်ထားတာကို တွေ့ရပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ပလက်ဝမှာ ဆန်ရှားပါးတာပါ။ စက်လှေ အသွားအလာကိုလည်း စစ်ဆေးပါတယ်။ ဒါကတော့သူတို့တာဝန်ပဲ နေမှာပေါ့နော်ဟု ပြောသည်။

 

ချင်းပြည်နယ် ပလက်၀မှ စက်လှေများက ရခိုင်ပြည်နယ် ကျောက်တော်သို့ သွားမည်ဆိုပါက လက်ဝမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်  ၂၈၉ တပ်ရင်းသို့ စာရင်းကြိုတင်ပေးသွင်းပြီးမှ သွားရသည့်အတွက် လွတ်လပ်စွာ သွားလာ၍ မရသေးကြောင်း ဦးထွန်းဝေက ဆက်ပြောသည်။

 

ပလက်ဝမြို့ အရှေ့ဘက်ကမ်းတွင်  တပ်မတော်၂၈၉ တပ်ရင်း တစ်ခုတည်ရှိပြီး ယင်းတပ်ရင်းမှ တပ်မတော်သားအချို့က ကျောက်တော်-ပလက်ဝ ကုလားတန်မြစ်ရေကြောင်းအတိုင်း သွားလာ လှုပ်ရှားသည့် စက်လှေများအား ၄င်းတို့ စစ်ဆေးရေးဂိတ်တွင် ရပ်တန့်စေကာ မှတ်ပုံတင်များ စစ်ဆေးခြင်း၊ စက်လှေများတွင်ပါရှိသည့် ကုန်ပစ္စည်းပမာဏကိုကြည့်ကာ ငွေကျပ် တစ်သောင်း နှစ်သောင်း ုံးသောင်း စသဖြင့် အခွန်ငွေများ ပေးဆောင်ရကြောင်း သူက ဆက်ပြောသည်။

 

ပလက်ဝဒေသခံများအနေဖြင့် ဆန်အိတ်များတင်ယူခွင့်မရှိသည့်ကိစ္စနှင့်ပတ်သက်ပြီး ပလက်ဝ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်လောဟာအား နိရဉ္စရာသတင်းဌာနက ဆက်သွယ်ခဲ့ရာ ၎င်းက အဲဒါတော့ တပ်က ခွင့်ပြုချက်ယူရမှာပါ။ ဆန်ကကျတော့ ဘယ်လိုလုံခြုံရေးနဲ့ ပတ်သက်လည်း ဆိုတာကိုတော့ သူတို့ကို မေးမှ သိပါမယ်။ ကျွန်တော်လည်း မသိပါဘူး။ ဒေသခံတွေ အဲဒီ ရေကြောင်းလိုင်းက စာတွေတင်ပြီးမှ သွားလာနေရတယ်ဆိုတာကလည်း စစ်တပ်ရဲ့ မူပါ။ သူတို့မူပဲ ဆိုတော့ ခွင့်ပြုချက်ယူရပါမယ်ခင်ဗျား။ဟု ပြောသည်။

 

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ ဒေသခံများမှာ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မှ စားသောက်ကုန်ပစ္စည်းများအပြင် လူသုံးကုန်ပစ္စည်းများကိုပါ အဓိက အားထားမှီခိုနေရကြခြင်း ဖြစ်သည်။

 

ရက္ခိုင့်တပ်တော် (AA) နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ယင်းရေကြောင်းလိုင်းအား ပိတ်ထားခဲ့သည်မှာ တစ်နှစ်ကျော်ကြာမြင့်နေပြီဖြစ်ပြီး သက်ဆိုင်ရာအာဏာပိုင်များက လွန်ခဲ့သည့် ဧပြီလ ၂၂ ရက်နေ့မှစ၍ တစ်ပတ်လျှင် နှစ်ရက်ကျ ပြန်လည်ပြေးဆွဲခွင့် ပြုထားခြင်းဖြစ်ကြောင်း သိရသည်။

ဆက်စပ် သတင်းများ