သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

စက်ပြင်နေ၍ သြဂုတ် ၁၁ ရက်တွင်ပြေးဆွဲမည့် ကစ္ဆပနဒီ (၁)အမြန်ရေယာဉ်၏ စစ်တွေ-မြေပုံ-ကျောက်ဖြူခရီးစဉ်အား ဖျက်သိမ်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ သြဂုတ် ၂၀၂၁
  • | ကြည့်ရှုသူ: 2.7k


သျှင်မင်းဇံ

နိရဥ္စရာ၊ ဩဂုတ် ၁၀/၂၀၂၁

မနက်ဖြန် သြဂုတ်လ ၁၁ ရက်နေ့မှစတင်ကာ ပြန်လည်ပြေးဆွဲရန်စီစဉ်ထားသည့် ကစ္ဆပနဒီ (၁)အမြန်ရေယာဉ်၏ စစ်တွေ-မြေပုံ-ကျောက်ဖြူခရီးစဉ်အား ဖျက်သိမ်းလိုက်ကြောင်း အဆိုပါရေယာဉ်လိုင်းမှ သိရသည်။

အဆိုပါရေယာဉ်အား ပုံမှန်အတိုင်းပြန်လည်ပြေးဆွဲခွင့်ပြုရန် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ထံတင်ပြလာခဲ့သည့်အတွက် မနက်ဖြန် သြဂုတ်လ ၁၁ ရက်နေ့မှစတင်ကာ ပြန်လည်ပြေးဆွဲခွင့်ပေးလိုက်ပြီဟု ပြည်နယ်အစိုးရအဖွဲ့၏ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ်ဦးလှသိန်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ယနေ့ ရေးသားဖော်ပြထားသည်။

အဆိုပါရေယာဉ်လိုင်းမှ တာဝန်ရှိသူတစ်ဦးကမူ ထိုရေယာဉ်၏ပျက်နေသောစက်အား ပြုပြင်၍ မပြီးစီးနိုင်ဖြစ်နေသည့်အတွက် မနက်ဖြန်ပြေးဆွဲမည့်ခရီးစဉ်အား ဖျက်သိမ်းထားသည်ဟု ပြောသည်။

" ကျနော်တို့က မနက်ဖြန် စထွက်မယ်လို့လုပ်နေကြတာ။ ဒါပေမဲ့ စက်တစ်လုံး ပျက်နေတာ လုပ်လို့ မပြီးနိုင်သေးဘူး။ အဲဒါကြောင့် မနက်ဖြန် ထွက်မဲ့ခရီးစဉ်ကို ဖျက်လိုက်တာပါ"ဟု ပြောသည်။

၎င်းယာဉ်လိုင်း၏ ဖျက်သိမ်းလိုက်သည့်ခရီးစဉ်ကို နောက်အပတ်မှစ၍ အပတ်စဉ် ဗုဒ္ဓဟူးနေ့ကို ခရီးသည်တစ်ဦးလျှင် ကျပ် (၁၄၀၀၀) နှုန်းဖြင့် ပုံမှန် ပြေးဆွဲသွားမည်ဟု သိရသည်။

"နောက်အပတ်က စပြီးတော့ ပုံမှန်ပြေးဆွဲသွားမယ်။ ကိုဗစ်စည်းမျဉ်းစည်းကမ်းနဲ့အညီ ပြေးဆွဲသွားဖို့ရှိပါတယ်။ အရင်က ခရီးသည် ၁၃၀ ဆံ့တဲ့ယာဉ်မှာ ကိုဗစ်ကာလဖြစ်သည့်အတွက် ၄ ခုံစီခြားပြီး ခရီးသည်တင်ဆောင် ပြေးဆွဲသွားမှာပါ။" ဟု အဆိုပါယာဉ်လိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကစ္ဆပနဒီ (၁)အမြန်ရေယာဉ်သည် စစ်တွေမှ အပတ်စဉ် ဗုဒ္ဓဟူးနေ့ထွက်ပြီး ကျောက်ဖြူမှ ကြာသပတေးနေ့တွင် ပြန်လည်ထွက်ခွာကြောင်း သိရသည်။

အဆိုပါရေယာဉ်သည် ပြီးခဲ့သည့်မေလမှစတင်ကာ စက်ချို့ယွင်းမှုဖြစ်၍ ပြုပြင်နေခဲ့ရခြင်းဖြစ်သည်။ ကူးစက်မြန်ကိုဗစ်ရောဂါပြန့်ပွားမှုကို ထိန်းချုပ်ကာကွယ်သည့်အနေဖြင့် ဇူလိုင်လ ၂ဝ ရက်နေ့က ရခိုင်ကမ်းရိုးတမ်းသွား ရေလိုင်းများအားလုံးကို ယာယီရပ်နားထားခဲ့ကြရာ အဆိုပါရေယာဉ်လိုုင်းလည်း ပါဝင်သွားခဲ့ခြင်းဖြစ်သည်။

ဆက်စပ် သတင်းများ