ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

ကျောက်တော်-ပလက်ဝကုလားတန်မြစ်ရေကြောင်းလိုင်း ရပ်နားထားရသည်မှာ ၃ လကျော်ရှိနေပြီဖြစ်၍ ကုန်စည်စီးဆင်းမှုနှောင့်နှေးကာ ခရီးသွားလာရေးအခက်အခဲဖြစ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ သြဂုတ် ၂၀၂၁
  • | ကြည့်ရှုသူ: 6.1k


အေးမြတ်ခိုင်
နိရဥ္စရာ၊ သြဂုတ်လ ၁၄/၂၁
ရခိုင်ပြည်နယ်မှ ကျောက်တော်မြို့ နှင့် ချင်းပြည်နယ် ပလက်ဝမြို့တို့အကြား ပြေးဆွဲနေသည့် ကုလားတန်မြစ်ရေလိုင်းကြောင်းကို ရပ်နားထားရသည်မှာ သုံးလကျော်လာပြီဖြစ်သဖြင့် ပလက်၀ ဒေသအတွင်း ကုန်စည်စီးဆင်းမှု နှောင့်နှေးကာ ခရီးသွားလာရေး ခက်ခဲနေသည်ဟု သတင်းရရှိသည်။
ကစ္စပနဒီ သယ်ယူပို့ဆောင်ရေးမှ ဦးဗိုလ်အေးလွင်က “ကျွန်တော်တို့ ဒီရေကြောင်းလိုင်းကို ရပ်ထား ရတာ သုံးလကျော်၊ လေးလနီးပါးလောက် ရှိနေပြီ။ ပြန်ဖွင့်တာသိပ်မကြာသေးဘူး။ တစ်ပတ်မှာ ၂ ရက်ဆိုပြီးမှ လဝက်လောက် သွားလိုက်တယ်။ ပလက်ဝမြို့ပေါ်မှာ ဗုံးပေါက်ကွဲတာတွေ ဖြစ်သွားတော့ အဲဒီနေ့ကစပြီးမှ မသွားရတော့ဘူးဆိုပြီးတော့ စစ်တပ်က ပြန်ပိတ်လိုက်တယ်။ အခု အချိန်ထိ ကျွန်တော်တို့ ရပ်ထားလိုက်တာဖြစ်တယ်” ဟု ပြောကြားသည်။
ချင်းပြည်နယ်၊ ပလက်၀မြို့တွင် ၂၀၂၁ ခုနှစ်မေလ ၂၈ ရက်နေ့ နံနက် ၇ နာရီခန့်က အထွေထွေ အုပ်ချုပ်ရေးမှူးရုံးရှေ့နှင့် မြန်မာ့စီးပွားဘဏ်ရှေ့တွင် ဗုံး ၂ လုံးပေါက်ကွဲခဲ့သည်။ ယင်းပေါက်ကွဲမှုကြောင့် လူအထိအခိုက် မရှိခဲ့သော်လည်း ဒေသခံအများအပြားဖမ်းဆီးစစ်ဆေးခံခဲ့ရသည်။ ယင်းနောက်ပိုင်းက စပြီး ပလက်၀- ကျောက်တော် ကုလားတန်မြစ်ရေကြောင်း သွားလာခွင့်ကို ရပ်နားလိုက်သည်ဟု သိရသည်။
“ မော်တော်ဘုတ်တွေ လိုင်းထွက်တုန်းကလည်း တပ်ရှိတဲ့နေရာတွေမှာ အစစ်ဆေးခံပြီးမှ သွားရတာ ဖြစ်ပါတယ်။ အခုမသွားရတော့ဘူးဆိုတော့ ပလက်ဝမှာနေတဲ့ ခရီးသည်တွေအတွက် အခက်ခဲရှိတယ်။ ကျွန်တော်တို့က စီးပွားရေးအနေနဲ့သွားရတာဆိုတော့ ကုန်စည်စီးဆင်းမှုက အရင်တုန်းကဆို ပုံမှန်ရှိတယ်။ အခုကျတော့ ကုန်စည်စီးဆင်းမှုက နှောင့်နှေးကုန်တယ်။ တပ်က ခွင့်ပြုချက် ပါမစ် ပေးရင်တော့ ကုန်ပစ္စည်းတင်တဲ့ စက်လှေတွေ သွားလို့ ရပါတယ်။ ဒါပေမယ့်ခရီးသည်တွေတော့ သွားလို့မရဘူး။ ကုန်ပစ္စည်းတွေ တင်မယ်ဆို သူတို့ကို ခွင့်ပြုချက်တွေ တောင်းရတယ်။ မြို့နယ်က အစီစဉ်နဲ့ တစ်ပတ် ၂စီးလားမသိဘူး။ ခွင့်ပြုထားတာတော့ရှိတယ်”ဟု ပြောသည်။
ကုလားတန်မြစ်ကြောင်း တစ်လျှောက် စစ်ဆေးမှုများပြီး သွားရေးလာရေး ခက်ခဲသောကြောင့် ကုန်စျေးများလည်း မြင့်တက်ကာ လူထု ခရီးသွားလာရေးလည်း ခက်ခဲနေကြောင်း တင်းမရွာက ဒေသခံ ကိုဘဗြဲချေက ပြောသည်။
“အခက်အခဲကတော့ ပြောမနေပါနဲ့တော့။ လွတ်လွတ်လပ်လပ် သွားလာပိုင်ခွင့် မရှိဘူး စစ်ဆေးမှုတွေ အရမ်းများတယ်။ မြန်မာ့တပ်မတော်က အသွားအလာတွေ ဟန့်တားထားတာပေါ့။ စက်လှေတွေ သွားလည်း တအားစစ်ဆေးတယ်။ လူဦးရေတွေကိုစစ်တယ်။ အရင်ကဆို ဆန်တစ်အိတ် တစ်သောင်းခွဲ အခုဆို လေးငါးသောင်းထိပေးစားရတယ်။ ဆန်တစ်အိတ် နှစ်အိတ်ဝယ်လည်း အေအေကို ပေးဖို့ယူတယ်ဆိုပြီး သူတို့ကပြောတယ်။ ဆန်အိတ်တွေလည်းလုံးဝတင်ခွင့်မရှိဘူး။ နီးစပ်ရွာရာကနေ ဆန်အနည်းအပါး သွားဝယ်စားရတယ်”ဟု ပြောသည်။
ပလက်ဝမြို့နယ်သည် ကျောက်တော်မြို့နှင့် ကုလားတန် ရေကြောင်းကို အဓိက ဆက်သွယ် သွားလာနေရသဖြင့် ၎င်းရေလမ်းကြောင်းကို ပြန်လည် ဖွင့်ပေး စေလိုသည်ဟု သူတို့က ပြောသည်။
မြန်မာတပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား ပလက်၀နှင့် ကျောက်တော်အကြား တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး ၎င်းတိုက်ပွဲများကြောင့် ကုလားတန်မြစ်ကြောင်း ရေလိုင်းကို တပ်ဘက်က ၂၀၁၉ မှ ၂၀၂၀ အထိ ၂ နှစ်တာရပ်နားထားခဲ့ရသည်။ ၂၀၂၁ ခုနှစ် ၅လပိုင်းလောက်တွင် ပြန်လည်ပြေးဆွဲခွင့်ပြုခဲ့သော်လည်း ရက်ပေါင်း ၃၀ လောက်သာ ပြေးဆွဲခဲ့ရပြီး မေ ၂၈ ရက်နေ့က ပလက်၀မြို့ပေါ်တွင် ထပ်မံ ဗုံးပေါက်ကွဲခဲ့သဖြင့် ယခုကဲ့သို့ ထပ်မံ ရပ်နားခဲ့ရသည်ဟု သိရသည်။

ဆက်စပ် သတင်းများ