ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

စစ်တွေအခြေပြု ပြေးဆွဲနေသည့်ယာဉ်အချို့ ယာဉ်စီးခလျှော့ချ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ သြဂုတ် ၂၀၂၁
  • | ကြည့်ရှုသူ: 5.4k

မာန်ယုကျော် (ရွှေဝမြေ)
စစ်တွေ၊ သြဂုတ် ၂၅ / ၂ဝ၂၁
ရခိုင်ပြည်နယ် စစ်တွေမြို့ကို အခြေပြုကာ ဒေသတွင်းပြေးဆွဲနေကြသည့် ယာဉ်အချို့သည် ယာဉ်စီးခများကိုလျှော့ချ၍ ပြေးဆွဲနေကြပြီဖြစ်ကြောင်း သိရသည်။
စစ်တွေမှ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးတို့ကို ပြေးဆွဲနေကြသည့် ယာဉ်အချို့တွင် ယာဉ်စီးခများကို စစ်တွေ-မြောက်ဦးခရီးစဉ်ပြေးဆွဲနေသည့် မိဘရိပ်ခရီးသည်သယ်ယူပို့ဆောင်ရေးအဖွဲ့က သြဂုတ်လ ၂၃ ရက်နေ့မှစတင်ကာ ထက်ဝက်နီးပါးခန့်လျှော့ချ၍ ပြေးဆွဲနေပြီဟု ယင်းအဖွဲ့မှ ကိုမျိုးသန့်ဇင်က နိရဥ္စရာကိုပြောသည်။
“အရင်ဆို ကားတစ်စီးမှာ လူ (၃)ယောက်ထက် ပိုမတင်ရဘူးလေ။ ဆိုတော့ တစ်ခါတလေ ခရီးသည် (၂)ယောက်ပဲ ရတယ်။ ကားနဲ့တွက်လိုက်ရင် ဆီခလည်း စျေးကြီးလာတော့ မကိုက်ဘူး။ အခုက လမ်းမှာလည်း အစစ်အဆေးလည်း တွေမရှိတော့တာကြောင့် ခရီးသည်တွေလည်း ပိုသွားနိုင်အောင် အခုလို ကားခစျေးလျှော့ချလိုက်တာပါ။”ဟု ပြောသည်။
ယခင်က စစ်တွေမှ ပုဏ္ဏားကျွန်းကို လူတစ်ဦးလျှင် ကျပ် ၅ ထောင်အစား ယခု ၃ ထောင်၊ စစ်တွေမှ ကျောက်တော်ကို ၂ သောင်းအစား ယခု ၇ ထောင်၊ စစ်တွေမှ မြောက်ဦးကို ၃ သောင်းအစား ယခု ၈ ထောင် အသီးသီးလျှော့ချပြေးဆွဲနေခြင်းဖြစ်သည်ဟုလည်း မိဘရိပ်ခရီးသည်သယ်ယူပို့ဆောင်ရေးအဖွဲ့မှ သိရသည်။
သို့သော် အချို့ယာဉ်လိုင်းများတွင်မူ လက်ရှိအချိန်ထိ ကိုဗစ်စည်းကမ်းနှင့်အညီပြေးဆွဲနေဆဲဖြစ်သည့်အတွက် ယာဉ်စီးခနှုန်းများကို တိုးမြှင့်ကောက်ခံနေရဆဲဖြစ်သည်။
ယင်းသို့တိုးမြှင့်ကောက်ခံနေရဆဲဖြစ်သည့်အတွက် ခရီးသည်ရရှိမှုလည်းနည်းပါးဆဲဖြစ်၍ ယာဉ်စီးခနှုန်းကို အနည်းငယ်သာလျှော့ချပြေးဆွဲနေရပြီး ပုံမှန်အတိုင်း လျှော့ချလိုက်ခြင်းမဟုတ်ဟု ကားသမားအချို့က ပြောသည်။
“အခုလည်း လူ (၃)ယောက်ထက်ပိုမတင်ရတဲ့အတွက် ဒီနေ့ဆို စစ်တွေကအပြန် ၂ ယောက်တောင်မရဘူး။ အသွားအလာလည်း မရှိသလောက်နည်းကြတယ်။ ကားများပြီး ခရီးသည်နည်းနေတယ်။ ဒါကြောင့် ကျနော်တို့လည်း စစ်တွေကနေ ကျောက်တော်ကို အရင်က ၂ သောင်းကို အခု ၁ သောင်းခွဲ၊ စစ်တွေကနေ မြောက်ဦးကို အရင်က ၃ သောင်းကို အခု ၂ သောင်းခွဲ အဲလောက်လေးပဲ နည်းနည်း လျှော့ပြီး ပြေးဆွဲနေတာပါ။ ကားခတွေ စျေးလျှော့လိုက်ပြီး ပုံမှန်စျေးအတိုင်းဆွဲနေတယ်ဆိုတာမဟုတ်ပါဘူး။ ” ဟု ကျောက်တော်မှ စစ်တွေသို့ပြေးဆွဲနေသည့် ကိုမောင်မောင်ဆန်းက ပြောသည်။
ရခိုင်တွင် ကိုဗစ်တတိယလှိုင်းဖြစ်ပွားမှုနှုန်းမြင့်တက်လာသည့်အတွက် စစ်တွေအခြေပြုပြေးဆွဲနေကြသည့်ယာဉ်လိုင်းများကို ကိုဗစ်စည်းကမ်းနှင့်အညီ ယာဉ်တစ်စီးလျှင် လူ (၃)ဦးထက်ပိုမတင်ရဟု ပြီးခဲ့သည့်ဇူလိုင်လအတွင်းကသတ်မှတ်ခဲ့သည့်အတွက် ယခုကဲ့သို့ ယာဉ်စီးခများ မြင့်တက်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ် သတင်းများ