စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

ရန်ကုန်-ကျောက်ဖြူအဝေးပြေးကားလမ်း ဝန်ဗိုက်ဒီရေတောသဇင်တန်ပေါက်တံတား ကြံ့ခိုင်မှုနည်းပြီး အပေါက်အပြဲဖြစ်ပေါ်နေ၍ အန္တရာယ်ရှိနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ စက်တင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 6.4k


အေးမြတ်ခိုင်
နိရဥ္စရာ၊ စက်တင်ဘာ ၃/၂၁
ရန်ကုန်-ကျောက်ဖြူ အဝေးပြေးလမ်းမပေါ်ရှိ မအီမြို့နှင့် ကျောက်ဖြူအကြား ဝန်ဗိုက်ဒီရေတောရှိ ချောင်းများကို ဖြတ်ဖောက်ထားသော တံတား ၉ စင်းရှိသည့်အနက် တံတား ၆ စင်းမှာ ကြမ်းခင်းခံနိုင်ရည်အားနည်းနေပြီး ထိုအထဲမှ သဇင်တန်ပေါက်တံတားမှာ အန္တရာယ်ပိုရှိသည့် အနေအထား၌ ရှိနေကြောင်း သတင်းရရှိသည်။
အဝေးပြေးကားလမ်းပေါ်တွင်ရှိသည့် သဇင်တန်ပေါက် တံတားသည် ကုန်တင်ကားကြီးများ၊ ခရီးသည်တင် ကားများသွားလာမှုများသည့်အတွက် ကြမ်းခင်းကြံ့ခိုင်မှု အားနည်းပြီး အပေါက်အပြဲ ဖြစ်ပေါ်နေသဖြင့် ခရီးသွားပြည်သူများအတွက် အန္တရာယ်ဖြစ်မည်ကို စိုးရိမ်နေရသည်ဟု သဘာ၀ ပတ်ဝန်းကျင်အရေး လူပ်ရှားနေသူ အမ်းဒေသခံ ကိုမျိုးလွင်က ပြောသည်။
"ကွန်ကရစ်တိုင်တွေကပြိုပြဲပြီး တံတားအလယ်က ကြမ်းခင်းတွေကလည်း ပေါက်နေတာတွေ့ရတယ်။ ဒီလောက်တံတားကြီးမှာ ပေါက်နေတဲ့ အနေထား ကြည့်ရရင် ဖြစ်သလိုပြုပြင်ထားတာတွေ့ရတယ်။ သံချောင်းသုံးစွဲမှုကလည်း တကယ့်စံချိန်စံနှုန်းအတိုင်းသုံးစွဲထားတာမတွေ့ရဘူး"ဟု ပြောသည်။
၎င်းတံတားကို ၂၀၀၃ ခုနှစ်က စတင်တည်ဆောက်ခဲ့ပြီး ၂၀၀၆ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ကာ (၁၅) နှစ်ခန့် အကြာတွင် တံတားမှာ ယိုယွင်းပျက်စီးလာခဲ့ခြင်း ဖြစ်သည်။
၎င်းတံတားမှာ နှစ်စဉ်ပျက်စီးမှုများဖြစ်ပေါ်နေသဖြင့် ပြုပြင်မှုများ မကြာခဏ ပြုလုပ်နေသော်လည်း ပျက်စီးမှုမှာ ရှိနေဆဲဖြစ်သည်ဟု ကိုမျိုးလွင် ဆက်လက်ပြောဆိုသည်။
"တည်ဆောက်ပြီးနှစ်ပေါင်း ၁၀ လောက်အတွင်းမှာ အကြိမ်ကြိမ် ပြုပြင် နေရတဲ့အနေအထားဖြစ်တဲ့ အတွက် သွားလာနေရတဲ့ ပြည်သူတွေအတွက် စိုးရိမ်ရပါတယ်။ ဒီတံတားတစ်ခုတည်းမဟုတ်ဘူး။ ဝန်ဗိုက်ဒီရေတောကို ဖြတ်ပြီးတည်ဆောက်ထားတဲ့တံတားတွေ ခုနှစ်စင်းလောက်ရှိတယ်။ အဲဒီ တံတားတွေဟာလည်း ခဏခဏကိုပြုပြင်နေရတဲ့ အနေအထား ရှိပါတယ် "ဟု သူက ပြောသည်။
အဆိုပါ တံတားနှင့်ပတ်သက်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန တံတားအထူးအဖွဲ့ (၈) ဒုတိယညွှန်ကြားရေးမှူး စီမံကိန်းအင်ဂျင်နီယာ ဦးကျော်သူရသို့ ဆက်သွယ်မေးမြန်းရာ ၎င်းတံတားမှာ ခံနိုင်ရည် အားနည်းနေသဖြင့် အသစ်ပြန်ဆောက်ဖို့ လျာတားထားကြောင်း ပြောသည်။
"အဲ့ဒီက ဝန်ဗိုက်ဒီရေတောထဲက ချောင်းတွေကို ဖြတ်ထိုးထားတဲ့ တံတား (၉)စင်းလောက်မှာ (၆)စင်းလောက်ကတော့ ကြမ်းခင်းတွေ ခံနိုင်ရည်အားနည်း တဲ့အတွက် အပေါက်တွေ မကြာခဏ ပေါက်နေတာတွေ့ရပါတယ်။ အရင် ဆောက်ခဲ့တဲ့အချိန်တုန်းက လမ်းခရီးခက်ခဲမှု ၊ အချိန်တိုအတွင်း လမ်းပေါက်အောင်ဆောင်ရွက်ခဲ့မှုတို့ကြောင့် လုပ်ငန်းဆောင်ရွက်မှုအပိုင်းမှာ အခက်အခဲရှိခဲ့တယ်လို့ ကြားရတယ်။ ဒီတံတားတွေကိုအသစ်ပြန်ဆောက်ဖို့ တော့ လျာတားထားတဲ့ အနေအထားမှာ ရှိနေပါတယ်"ဟုပြောသည်။
လက်ရှိ ကြမ်းခင်း အပေါက်အပြဲဖြစ်နေသော သဇင်တန်ပေါက်တံတားကို ပြုပြင်ထိန်းသိမ်းရေး အဖွဲ့ ဖွဲ့ထားပြီး လမ်းပန်းဆက်သွယ်မှု မပြတ်တောက်အောင် အမြဲပြုပြင်ပေးနေကြောင်း၊ ကြမ်းခင်းမှာ အက်ကွဲကြောင်းငယ်များတွေ့ပြီ ကြမ်းခင်း ပေါက်တော့မည်ဆိုလျှင် သံပြားများအုပ်ပြီး ကားသွား လာလို့ ရအောင်လုပ်ပြုပြင်ပေးကြောင်း၊ ပေါက်သည့် အပေါက်များကို ပြန်လည် ပြုပြင် ပေးသော်လည်း ခံနိုင်ရည် အားနည်း လာသည့် အခြေနေများကြောင့် မကြာခဏ ပြုပြင်နေရကြောင်း၊ အခန်းအလိုက် ယက္မနှင့် ကြမ်းခင်းများကို ပြုပြင်မှုများပြုလုပ်နေရသည်ဟု ဆိုသည်။

ဆက်စပ် သတင်းများ