ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

ရခိုင်တွင် ဖိုင်ဘာစက်လှေငယ်များ ဖန်တီးထုတ်လုပ်အသုံးပြုမှု တွင်ကျယ်လာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ အောက်တိုဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 2.7k

သဥ္ဇာနွယ်

နိရဥ္စရာ၊ အောက်တိုဘာ ၂၃ / ၂၀၂၁

ရေလမ်းကို အဓိက အားကိုးအားထား ပြုနေရသည့် ရခိုင်ပြည်နယ်တွင် သစ်သားစက်လှေငယ်များ အစား ဖိုင်ဘာဖြင့်ပြုလုပ်ထားသော စက်တပ်လှေငယ်များကို ယခင်ကထက် ဖန်တီးထုတ်လုပ် အသုံးပြုမှု များလာနေသည်ဟု သတင်းရရှိသည်။

ဖိုင်ဘာစက်လှေငယ်များကို စစ်တွေ၊ ကျောက်တော်၊ ကျောက်ဖြူ၊ ရသေ့တောင်၊ မြောက်ဦး၊ မင်းပြားနှင့် မြေပုံမြို့နယ် (ကမ်းထောင့်ကြီးမြို့) စသည့် မြို့ နယ် ၇ ခုတို့တွင် တွင်ကျယ်စွာ အသုံးပြုလာနေကြပြီ ဖြစ်သည်ဟု သိရသည်။

ကျောက်တော်မြို့ရှိ ကစ္ဆပ Fiberglass လုပ်ငန်းစု(၁)ပိုင်ရှင် ကိုတင်လှိုင်ဦးက ကျနော်တို့ ဒီဖိုင်ဘာကို စက်လှေအစားထိုးပြီး အသုံးပြုရတာဟာ ရခိုင်ပြည်ရဲ့ သစ်တောပြုန်းတီးမှုကို တစ်ဘက်တစ်လမ်းက ကာကွယ်ပေးတယ်။ ခရီးသွားဖြစ်ဖြစ်၊ ကုန်ပစ္စည်းတွေတင်တာပဲဖြစ်ဖြစ် ပေါ့ပါးတယ်၊ လျင်မြန်တယ်၊ သစ်သားဘုတ်တွေထက်စာရင်ပေါ့ဟု ပြောသည်။

ဖိုင်ဘာစက်လှေထုတ်လုပ်ရန်ကုန်ကြမ်းဖြစ်သော Fiberglass အမျှင်လိပ်ကို ရန်ကုန်မှရရှိပြီး အဆိုပါ အမျှင်လိပ်များနှင့် ဓာတုဆေးရည်များကို ရောစပ်ကာ ဖိုက်ဘာစက်လှေအဖြစ် ပုံသွင်း ပြုလုပ်ခြင်းဖြစ်သည်ဟု သိရသည်။

စစ်တွေမြို့မှ Lick 2 Asia Fiberglass စက်ရုံမန်နေဂျာ ကိုအောင်စောဌေးကလည်း ဒီဖိုင်ဘာ စက်လှေလေးတွေက ၅ နှစ်လောက်အာမခံနိုင်တယ်။ ဖာထေးတာမျိုးလုပ်စရာမလိုဘူး။ စျေးလည်း သိပ်မများဘူးဟု ပြောသည်။

အဆိုပါစက်လှေတစ်စီးလျှင် ကျပ်သိန်း ၁ဝ ကျော်နှင့်အထက်တွင်ရှိပြီး သွားလာရ လွယ်ကူသည်ဟုလည်း ပေါက်တောမြို့နယ် တောင်ချောင်းကျေးရွာမှ ဦးသာထွန်းက ပြောသည်။

ရွာမှာ လူနာတွေရှိရင် ကျန်းမာရေးအတွက် ဒီဖိုက်တာဘုတ်နဲ့သွားရင် ဆေးရုံကိုအမြန်ရောက်တယ်။ အချိန်မြန်ဆန်တယ်ဟု ပြောသည်။

 အဆိုပါဖိုင်ဘာ စက်လှေများကို စီးပွားရေးလုပ်ငန်းတွင်သာမက အပျော်စီးလှေအဖြစ် ဖန်တီး ထုတ်လုပ်ကာ မြောက်ဦးမြို့နယ် လေးမြို့ချောင်းနှင့် ကုလားတန်မြစ်တို့တွင် ပြေးဆွဲသွားမည်ဟုလည်း ဖန်တီးသူများက ပြောသည်။

ဆက်စပ် သတင်းများ