ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

ကျောက်တော်-ပလက်ဝ ကုလားတန်ရေကြောင်းလိုင်း တင်းကျပ်စစ်ဆေးမှုများကို လျော့ပေါ့ပေးရန်ဒေသခံပြည်သူများလိုလား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ နိုဝင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 2.3k


အေးမြတ်ခိုင်
နိရဥ္စရာ၊ နိုဝင်ဘာ ၂၇/၂၀၂၁
ဒေသခံပြည်သူများ အဓိက အားကိုးအသုံးပြုသွားလာနေသည့် ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့တို့ အကြား ပြေးဆွဲနေသည့် ကုလားတန်မြစ် ရေကြောင်းလိုင်းကို စစ်တပ်က တင်းကျပ် စစ်ဆေးမှုများရှိနေ၍ လျော့ပေါ့ပေးရန် ဒေသခံ ပြည်သူများက လိုလား နေကြသည်ဟု သတင်းရရှိသည်။
ပလက်၀မြို့နယ်မှ ဒေသခံတစ်ဦးအနေဖြင့် ကျန်းမာရေးအရ စစ်တွေသို့ ဆေးကုသွားလိုလျှင် ပလက်၀မြို့နယ် ကျန်းမာရေးဌာန၏ လက်မှတ်ယူရန် လိုအပ်ပြီး ထိုသို့ ရယူသော်လည်း ခရီးသွားလာခွင့်ရရန် အနည်းဆုံး သုံးလေးရက်ခန့် စောင့်နေရ၍ မလိုအပ်ဘဲ ကြန့်ကြားမှုများ ရှိနေသဖြင့် ထိခိုက်နစ်နာမှုများ ရှိနေသည်ဟု ပလက်ဝဒေသခံ ဦးမောင်သန်းက ပြောသည်။
" ကျောက်တော်နဲ့ ပလက်၀အကြား ရေလိုင်းကို တရားဝင် ပုံမှန် ပြေးဆွဲနေတာလည်းမရှိဘူးလေ။ ကုန်စက်လှေတွေ၊ ခရီးသည်စက်လှေတွေ နားလည်မှုယူပြီး အနည်းအများတော့ရှိတယ်။ သွားခွင့်မရဘဲ ၂ ရက် ၃ ရက် ကြာအောင်ထိ စောင့်နေရတာတွေရှိတယ်။ ကျန်းမာရေးအရဆိုရင်လည်း ဆရာဝန် လက်မှတ်ပါမှ သွားရမယ်ဆိုပြီးယူခိုင်းတယ်။ သွားလာခွင့် လက်မှတ် ရရှိပေမယ့်လည်း သွားလာခွင့်ကို ဒီ ၂၈၉ တပ်ရင်းက တော်ရုံနဲ့ မပေးတဲ့ အတွက် အခက်အခဲအများကြီးကြုံနေရတယ် "ဟု သူက ပြောသည်။
ကျောက်တော်-ပလက်ဝ ကုလားတန်မြစ် ရေကြောင်းလိုင်းကို ရပ်နားထားသည်မှာ ၅ လခန့် ကြာမြင့်နေပြီဖြစ်သော်လည်း ဒေသခံများက မိမိအစီအစဉ်ဖြင့် စစ်တပ် ခွင်ပြုချက်ယူကာ သွားလာနေကြသည်ဟု သိရသည်။ သို့သော်လည်း သွားလာကြသည့်စက်လှေများကို ပြီးခဲ့သည့် အောက်တိုဘာလမှစတင်ကာ ပလက်၀ အခြေစိုက် အမှတ် (၂၈၉) တပ်ရင်းက စစ်ဆေးမှုများ ပြုလုပ်ကာ တင်းကျပ်နေခြင်းဖြစ်သည်ဟု သွားလာသူများက ပြောသည်။
“ လုံခြုံရေးအရ စစ်ဆေးတန်သလောက် စစ်ဆေးပါ။ ဒါကို ပြည်သူတွေလည်း နားလည်လက်ခံတယ်။ ဒါပေမယ့် အခုက ကျောက်တော်ကို တစ်ခါသွားဖို့ ခွင့်ပြုချက် အမျိုးမျိုးယူရတယ်။ ခွင့်ပြုချက် ရရင်တောင်မှ သုံးလေးရက် စောင့်ရတော့ ပြည်သူတွေမှာ ကျန်းမာရေး၊ လူမှုရေး အဘက်ဘက်က ထိခိုက်နစ်နာနေရပါတယ်။ ကုန်စျေးနှုန်းတွေလည်း ပလက်၀မှာ မကြီးသင့်ဘဲ ကြီးနေရတယ်။ ဒါကို သက်သက်သာသာနဲ့ ပြည်သူတွေ ခရီးသွားလာ ရောင်းဝယ် ဖောက်ကားနိုင်အောင် စီစဉ် ပေးစေချင်ပါတယ်” ဟု ဦးမောင်သန်းက ဆက်ပြောသည်။
ပလက်ဝမှ ကျောက်တော်သို့ သံတို၊ သံစရောင်းဝယ်သည့်ကုန်သည် ဦးအောင်သာကျော်ကလည်း ရေကြောင်းဖြင့်သွားလာရန် မြို့နယ်ထွေအုပ်၏ ထောက်ခံစာယူရပြီး ထောက်ခံစာရသည့်တိုင်အောင် စစ်တပ်က သွားလာခွင့် မပြုဘဲ သုံးလေးရက်ခန့်ကြာစောင့်ခိုင်းသည့်အတွက် များစွာအခက်ခဲ ဖြစ်ရကြောင်း နိရဥ္စရာသတင်းဌာသို့ပြောသည်။
"အခု ခရီးသည်တွေက ထွေအုပ်ကိုစာတင်ရတယ်။ ထွေအုပ်က ထောက်ခံချက် စာရွက်ရရင်တောင် ၂၈၉ တပ်ရင်းကို စာတင်ရတယ်။ ဒါပေမယ့်လည်း တပ်ရင်းကို သွားတိုင်း ခွင့်ပြုချက် ထုတ်ပေးတာ မဟုတ်ဘူး။ တစ်ခါသွား ပြန်လာ၊ နှစ်ခါသွားလည်းပြန်လာရတယ်။ ခွင့်ပြုချက်ရဖို့ သုံးလေး ရက်ထိ စောင့်ရတယ်။ အလိုလို ကြန့် ကြာသွားတာတွေရှိတယ်။ စိုက်ပျိုး အသီးအနှံ ရောင်းချတဲ့ ခရီးသည်တွေ ဆိုရင်လည်း အသီးတွေ မှည့်လို့၊ ပုတ်လို့ သွားခွင့်မရဘဲ ပလက်ဝမှာ အခက်ခဲ ဖြစ်နေကြတာတွေ ရှိပါတယ်။ ဒါကြောင့် ဒီလမ်းခရီးကို ပုံမှန်အတိုင်း ပြန်ဖွင့်ပေးစေချင်တယ်" ဟု ၎င်းက ပြောဆိုသည်။
အမည်မဖော်လိုသူဒေသခံတစ်ဦးကလည်း ပလက်၀မြို့နယ်တွင် တိုက်ပွဲများ မရှိဘဲ တည်ငြိမ်နေသဖြင့် ယခင်က စက်လှေများကို လွတ်လွတ်လပ်လပ် သွားလာခွင့်ရခဲ့သော်လည်း လက်ရှိတွင် စစ်ဆေးမှု တင်းကျပ်နေခြင်းမှာ PDF ကိစ္စများနှင့်ပတ်သက်နိုင်သည်ဟု ဆိုသည်။
အဆိုပါ ကျောက်တော်- ပလက်၀ ရေလမ်းကြောင်းနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ်ကောင်စီ ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ်ဦးလှသိန်းသို့ ဆက်သွယ်မေးမြန်းရာ ၎င်းက "နိုဝင်ဘာလ လယ်လောက်က ရေကြောင်းက ရေတိမ်မှာသွားတဲ့သင်္ဘောနဲ့သွားလို့ရတယ်ဆိုပြီးတော့ တင်ပြတာရှိတယ်။ ငါတို့ကတော့ သွားလို့ရရင် သွားစေချင်တာပေါ့။ ဒါပေမယ့် ဘယ်လမှာ စပြေးမယ်၊ သင်္ဘော ဘယ်တော့ပြေးမယ်ဆိုတာကို ငါတို့လည်း အတိအကျ မပြောနိုင်သေးဘူး" ဟု ပြောသည်။
ကျောက်တော်-ပလက်ဝရေကြောင်းလိုင်းကို ရခိုင်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် (၂)နှစ်ကြာ ရပ်နားခဲ့ပြီး ယင်းနောက် ၂၀၂၁ ခုနှစ်၊ မေလခန့်တွင် ပြန်လည်ပြေးဆွဲခွင့် ပြုခဲ့သော်လည်း တစ်လခန့်သာ ပြေးဆွဲခဲ့ရပြီး ပလက်ဝမြို့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်အတွက် သွားလာခွင့်ကို ပြန်လည်ရပ်နားခဲ့သည်ဟု သိရသည်။

ဆက်စပ် သတင်းများ