ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

စက်သုံးဆီ တစ်လီတာ ကျပ်၂,၅ဝဝ ကျော်လာ၍ ရခိုင်မှ ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းအချို့ ရပ်နားရမည့်အခြေအနေဖြင့် ရင်ဆိုင်နေရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ မတ် ၂၀၂၂
  • | ကြည့်ရှုသူ: 7k

ချစ်အိလှိုင်
နိရဥ္စရာ၊ မတ် ၁ဝ / ၂ဝ၂၂
စက်သုံးဆီ တစ်လီတာကို ကျပ် ၂,၅ဝဝ ကျော်လာနေသည့်အတွက် ရခိုင်မှ ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းအချို့မှာ ရပ်နားရမည့်အခြေအနေဖြင့် ရင်ဆိုင်နေရကြောင်း သိရသည်။
ရခိုင်ပြည်တွင်းပြေးဆွဲနေသည့် ရေယာဉ်လိုင်းများ၊ ကုန်စည်ပို့ဆောင်ရေးနှင့် ခရီးသည်သယ်ယူပို့ဆောင်ရေးယာဉ်လိုင်းအချို့တို့မှာ စက်သုံးဆီဈေးနှုန်းမြင့်မားလာမှုကြောင့် ရှေ့ဆက်ရပ်တည်ရန် အခက်ခဲရှိလာနေကြောင်း ခရီးသွားဝန်ဆောင်မှုလုပ်ငန်းရှင်များက နိရဥ္စရာအား ပြောသည်။
သံတွဲ-စစ်တွေနှင့် သံတွဲ-ပုသိမ် ခရီးသည်တင် ရတနာကားဂိတ်ပိုင်ရှင် ဦးထွန်းထွန်းနိုင်က “အစိုးရက ကားခတိုးကောက်ခွင့်ပေးရင်တောင် ခရီးသည်တွေစီးနိုင်မလားကျွန်တော်တို့ ထည့်တွက်ရတယ်။ ဒီထက် ဆီဈေးနှုန်းထပ်တက်လာရင် ရပ်သွားရမယ့် အခြေအနေမျိုးရှိပါတယ်” ဟုပြောသည်။
၎င်းအပြင် ရခိုင်တစ်ပြည်နယ်လုံးနီးပါး ပြေးဆွဲနေသည့် ရေယာဉ်လိုင်းတစ်ခုဖြစ်သည့် ရွှေပြည်တန် အမြန်ရေယာဉ်လိုင်းမန်နေဂျာ ဦးစံမော်သိန်းက ရေယာဉ်လက်မှတ်ခတိုးမြှင့်ကောက်ခံသွားရန်စီစဉ်နေပြီး လက်ရှိအခြေအနေထက် ဆီဈေးနှုန်းထပ်တက်လာပါက ပြေးဆွဲနေသည့်ခရီးစဉ်များကို လျှော့ချရမည့်အခြေအနေရှိလာနိုင်ကြောင်း ပြောသည်။
ဦးစံမော်သိန်းက “အခုတောင်ခရီးစဉ်လျှော့ကောင်းလျှော့နိုင်မယ်ပေါ့။ မဟုတ်ဘဲနဲ့ ခရီးသည်နဲ့ကိုယ်နဲ့ကြားမှာ အဆင်ပြေအောင်ဘယ်လိုလုပ်နိုင်မလဲစဉ်းစားနေတယ်။ ဈေးကမတင်လို့လည်း မဖြစ်နိုင်တော့ဘူး။ နည်းနည်းတော့ တင်ရတော့မယ်” ဟုပြောသည်။
အဆိုပါရေယာဉ်လိုင်းများနှင့် ကားဂိတ်များအနေဖြင့် လူ ၁ ဦးလျှင် ယခုလက်ရှိစျေးနှုန်းထက် ကျပ် ၅ ထောင်နှင့် ၁ သောင်းအကြား ထပ်တိုးကောက်ခံနိုင်မှသာ ဆက်လက်ရပ်တည်နိုင်မည်ဟု ဆိုသည်။
အလားတူ မြို့တွင်းမောင်းနှင်နေသည့် ဘေးတွဲဆိုင်ကယ်နှင့် အိန္ဒိယသုံးဘီးဆိုင်ကယ် မောင်းနှင်သူများအနေဖြင့်လည်း စက်သုံးဆီစျေးနှုန်းများမြင့်တက်လာ၍ ပြေးဆွဲနိုင်ခြင်းမရှိကြတော့ကြောင်း ရသေ့တောင်မြို့မှ ဘေးတွဲဆိုင်ကယ်မောင်းသူ ဦးကျော်မိုးက ပြောသည်။
“ ရသေ့တောင်မြို့မှာ ဘေးတွဲနဲ့ပဲ သွားလာကြတာများပါတယ်။ အားလုံး အစီးငါးရာကျော်ရှိတယ်။ အကုန်လုံးလိုလိုရပ်ထားရပြီ။ ဆီဈေးဒီလောက်တက်သွားရင်ကျွန်တော်တို့ဘယ်လိုလုပ်စားရမလဲ။ စားဝတ်နေရေးအတော်လေးအခက်အခဲရှိနေကြပါပြီ။ ဆီးဈေးနှုန်းကို ပြန်ထိန်းပေးလို့မရတော့ဘူးလားလို့ အစိုးရကိုမေးချင်ပါတယ်” ဟုပြောသည်။
ယနေ့ စစ်တွေမြို့ရှိ ကျော်ဇံဆီဆိုင်၏စာရင်းအရ ဒီဇယ် တစ်လီတာလျှင် ၂,၅ဝဝ ကျပ်၊ ပရီမီယာတစ်လီတာလျှင် ၂,၅၆၁ ကျပ်၊ အောက်တိန်း(92)တစ်လီတာလျှင် ၂,၃၄ဝ ကျပ်၊ အောက်တိန်း (95)တစ်လီတာလျှင် ၂,၄ရဝ ကျပ်နှင့် ဓာတ်ဆီတစ်လီတာလျှင် ၂,၂၄ဝ ကျပ်တို့ရှိနေသည်ဟု သိရသည်။
စစ်တွေရှိ ရွှေရိုးမဆီဆိုင်တွင်လည်း ဒီဇယ်တစ်လီတာလျှင် ၁,၅၈ဝ ကျပ်၊ အောက်တိန်း(92)တစ်လီတာလျှင် ၂,၃၅ဝ ကျပ်၊ အောက်တိန်း(95)တစ်လီတာလျှင် ၂,၄၅ဝ ကျပ်နှင့် ပရီမီယာတစ်လီတာလျှင် ၂,၆ဝဝ ကျပ်ရှိနေကြောင်း သိရသည်။
ယင်းသို့ စက်သုံးဆီစျေးနှုန်းများမြင့်တက်လာမှုကြောင့် ရခိုင်မှကုန်ကားထက်ဝက်ကျော်ရပ်နားထားရပြီး အဝေးပြေးယာဉ်လိုင်းအချို့လည်း အရှုံးခံပြေးဆွဲနေရပြီဟု သိရသည်။
ဓာတ်ပုံ - စစ်တွေဆိပ်ကမ်းတွင်ရပ်နားထားသည့် ရေယာဉ်အချို့အားတွေ့ရစဉ်။

ဆက်စပ် သတင်းများ