ကြာသပတေး၊ ဧပြီလ ၁၈ရက်၊ ၂၀၂၄

စစ်တွေတွင် ဘီးနှစ်ဘီးနှင့်အထက်စက်တပ်ယာဉ်များ၏ဘီးလှိမ့်ခွန်ကို ကွင်းဆင်းကောက်ခံနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ မတ် ၂၀၂၂
  • | ကြည့်ရှုသူ: 5.2k

သဥ္ဇာနွယ်
နိရဥ္စရာ၊ မတ် ၁၈/ ၂၀၂၂
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ဘီးလှိမ့်ခွန်မပေးဆောင်ရသေးသည့် နှစ်ဘီးနှင့်အထက် စက်တပ်ယာဉ်များ၏ဘီးလှိမ့်ခွန်ကို ကွင်းဆင်းကောက်ခံနေသည်ဟု သိရသည်။
စစ်တွေမြို့၊ မီးစက်ကြီးလမ်းဆုံတွင် ယနေ့ မတ်လ ၁၈ ရက် နေ့လယ်မှစတင်ကာ မြို့နယ်စည်ပင်က ကွင်းဆင်းကောက်ခံနေပြီး နှစ်စဉ်နှစ်တိုင်းကောက်ခံနေခြင်းဖြစ်သည်ဟု မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက နိရဥ္စရာကိုပြောသည်။
"ဒါကတော့ နှစ်တိုင်းကောက်တာပါ။ နှစ်ဘီးနဲ့အထက်ယာဉ်တွေကိုပဲ ကောက်ခံတာ"ဟု ပြောသည်။
ရခိုင်ပြည်နယ်စည်ပင်သာယာရေးဥပဒေပုဒ်မ ၁၂ အရ တစ်စီးလျှင် ကျပ် ၆ ထောင်နှုန်းဖြင့် ကောက်ခံနေခြင်းဖြစ်သည်။
ဘီးလှိမ့်ခွန်ပေးဆောင်ခဲ့ရသည့်သုံးဘီးမောင်းသူတစ်ဦးက "တစ်နှစ်တစ်ခါကောက်တယ်လို့ပြောတာပဲ။ ခုလိုကောက်တော့ တစ်နေ့တာအတွက် မောင်းလို့ရတဲ့ ပိုက်ဆံပါသွားတာပေါ့" ဟု ပြောသည်။
ဘီးလှိမ့်ခွန်ကို ပြီးခဲ့သည့် ၂ဝ၂၁ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်မှစတင်ကောက်ခံခဲ့ခြင်းဖြစ်ပြီး ယခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်အထိ ကောက်ခံသွားမည်ဟုလည်း သိရသည်။

ဆက်စပ် သတင်းများ