ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

၂ နှစ်ခန့်ကြာ ရပ်နားထားခဲ့သည့် စစ်တွေ-ရေချမ်းပြင်ရထားခရီးစဉ်ကို မတ်လမကုန်မီ ပြန်လည်ပြေးဆွဲမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ မတ် ၂၀၂၂
  • | ကြည့်ရှုသူ: 9.5k


ချစ်အိလှိုင်
နိရဥ္စရာ၊ မတ် ၂ဝ/ ၂ဝ၂၂
ရခိုင်ပြည်နယ်တွင် ၂ နှစ်ခန့်ကြာ ရပ်နားထားခဲ့ရသည့် စစ်တွေ-ရေချမ်းပြင်ရထားခရီးစဉ်ကို လာမည့် မတ်လ ၂၇ ရက်နေ့မတိုင်မီ ပြန်လည်ပြေးဆွဲတော့မည်ဟု ပြည်နယ်ကောင်စီမှ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ပြည်နယ်ရဲမှူးကြီးသက်လွင်က နိရဥ္စရာအားပြောသည်။
“ရထားပြေးဖို့လုပ်နေတယ်။ မကြာခင်ဖွင့်ပွဲလည်း လုပ်ဖို့ရှိတယ်။ ရက်ကသေချာတော့ မသတ်မှတ်ရသေးဘူး။ ဒီတစ်ပတ်ထဲမှာဖြစ်ဖို့များတယ်” ဟုပြောသည်။
အဆိုပါရထားလမ်းခရီးစဉ်ကို ပြီးခဲ့သည့် ၂ဝဝ၉ ခုနှစ်၊ မေလ ၁၉ ရက်တွင် စတင်ပြေးဆွဲခဲ့ပြီး ၂ဝ၁၂ ခုနှစ်တွင်ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် ယာယီရပ်နားခဲ့ရသည်။
တစ်ဖန် ၂ဝ၁၅ ခုနှစ်၊ ဇန်နဝါရီ ၂၃ ရက်တွင်ပြန်လည်ပြေးဆွဲခဲ့ရာမှ ၂ဝ၂ဝ ပြည့်နှစ်၊ ဧပြီလအတွင်းတွင် ကိုဗစ်ကပ်ရောဂါကြောင့် ပြန်လည်ပိတ်ထားခဲ့ရသည်ဟု သိရသည်။
၁၁ မိုင်ကျော်ရှည်လျားသည့် အဆိုပါရထားခရီးစဉ်ကို များသောအားဖြင့် စစ်တွေနည်းပညာတက္ကသိုလ်ကျောင်းသားများနှင့် ဟင်းသီး၊ ဟင်းရွက်ရောင်းချသည့် စျေးသည်ခရီးသည်များအသုံးပြုကြပြီး လက်ရှိတွင် ပြန်လည်ပြေးဆွဲနိုင်ရန် ကြိုတင်ပြင်ဆင်မှုများပြုလုပ်လျက်ရှိနေပြီဟု သိရသည်။
ရခိုင်အမျိုးသမီးကွန်ရက်ဥက္ကဋ္ဌ ဒေါ်ညိုအေးကမူ ယခုအချိန်တွင် အဆိုပါခရီးစဉ်မှာ မြို့ပေါ်လောကအတွက် အရေးမကြီးသည့်အတွက် အရေးမကြီးသည်ကို ကိုင်တွယ်လုပ်နေသည်ဟု ယူဆမိသည်ဟု ဝေဖန်ပြောဆိုသည်။
“ရထားလမ်းလမ်းအသွားအလာက ဒီအချိန်မှာ သိပ်အရေးမပါသေးဘူးလို့မြင်တယ်။ သုံးဘီးတွေ၊ တုတ်တုတ်တွေနဲ့သွားလာနေကြတာပဲ။ ရထားလမ်းတလျှောက် နောက်တိုးချဲ့ရပ်ကွက်တွေများလာရင်တော့ အသုုံးဝင်မှာပါ”ဟုပြောသည်။
အဆိုပါရထားခရီးစဉ်ကို ပြန်လည်ပြေးဆွဲရန်အကြောင်းပြချက်ဖြင့် ယင်းရထားလမ်းဧရိယာအတွင်းဝင်ရောက်နေထိုင်ကြသည့် အိမ်ခြေ ၁ဝဝ ခန့်ကို ပြီးခဲ့သည့် မတ်လ ၉ ရက်က စစ်တပ်၊ ရဲနှင့် ထွေအုပ်ဝန်ထမ်းတို့က အင်အားသုံးဖယ်ရှားခဲ့ရာ လူပေါင်း ၃ဝဝ ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။
အစိုးရတစ်ရပ်အနေဖြင့် လတ်တလောတွင် စစ်ဘေးဒဏ်၊ ကိုဗစ်ဒဏ်များနှင့် နိုင်ငံရေးအပြောင်းအလဲများကြောင့် ကုန်စျေးနှုန်းမြင့်တက်နေသည့်ချိန်တွင် ယခုကဲ့သို့ ရထားခရီးစဉ်ကို ပြန်လည်ပြေးဆွဲခြင်းထက် ရထားလမ်းဧရိယာအတွင်းမှ ဖယ်ရှားခံလိုက်ရသူများအတွက် တစ်စုံတစ်ရာကူညီဆောင်ရွက်ပေးပြီးမှသာ ရထားခရီးစဉ်ကို ပြေးဆွဲသင့်သည်ဟု ဒေါ်ညိုအေးက ဆက်ပြောသည်။
“ဒီမှာနေအိမ်ဖယ်ရှားခံလိုက်ရတဲ့သူတွေက လတ်တလောအခက်အခဲရှိနေတယ်။ ဒါတွေကို အရင်ဖြေရှင်းသင့်တယ်”ဟု ပြောသည်။
ရခိုင်တွင် ပြည်တော်သာ-ရေချမ်းပြင်ရထားခရီးစဉ်အပြင် ၄၂ မိုင်ကျော်ရှည်လျားသည့် ပုဏ္ဏားကျွန်းမြို့နယ် ကွမ်းတောင်ကျေးရွာမှ ကျောက်တော်မြို့အထိ ရထားခရီးစဉ်ကိုလည်း ၂ဝ၁ဝ ပြည့်နှစ်တွင် ပြေးဆွဲပေးခဲ့သည်။
၂ဝ၁၅ ခုနှစ်က ရခိုင်တွင်ဖြစ်ပွားခဲ့သည့် မုန်တိုင်းတို့ကြောင့် ကွမ်းတောင်-ကျောက်တော်ရထားလမ်းတွင် လမ်းပျက်စီးခြင်း၊ တံတားများကျိုးကျခြင်းနှင့် မြေပြိုကျခြင်းများဖြစ်ပေါ်ခဲ့သည့်အတွက် ယာယီရပ်နားခဲ့ရသည်။
ယင်းနောက် ၂ဝ၁၇ ခုနှစ်၊ ဧပြီလ ပထမပတ်တွင် ပြန်လည်ပြေးဆွဲခဲ့ရာမှ ဒေသတွင်း တိုက်ပွဲများဖြစ်ပွားခဲ့မှုကြောင့် လုံခြုံရေးအရ ၂ဝ၁၉ ခုနှစ် မတ်လ ၁၄ ရက်မှစတင်ပိတ်ထားခဲ့ရသည်မှာ လက်ရှိအချိန်ထိဖြစ်သည်။
ဓာတ်ပုံ - ပြည်တော်သာ-ရေချမ်းပြင်ရထားခရီးစဉ် ပြန်လည်ပြေးဆွဲရန် ပြင်ဆင်နေမှုများကို မတ်လ ၁၉ ရက်က တွေ့ရစဉ်။ Photo - ဇော်ဝင်းအောင် / နိရဥ္စရာ

ဆက်စပ် သတင်းများ