ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

၂ နှစ်ခန့်ကြာ ရပ်နားခဲ့သည့် စစ်တွေ-ရေချမ်းပြင်ရထားခရီးစဉ် တွဲဆိုင်းတစ်ခုတည်းဖြင့် ပြန်လည်ပြေးဆွဲ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ မတ် ၂၀၂၂
  • | ကြည့်ရှုသူ: 7.9k

သဥ္ဇာနွယ်
နိရ ဉ္စရာ၊ မတ် ၂၄ / ၂ဝ၂၂
ရခိုင်ပြည်နယ်တွင် ၂ နှစ်ခန့်ကြာ ရပ်နားခဲ့သည့် စစ်တွေ-ရေချမ်းပြင်ရထားခရီးစဉ်ကို တွဲဆိုင်းတစ်ခုတည်းဖြင့် ယနေ့ ပြန်လည်ပြေးဆွဲနေပြီဖြစ်သည်။
ယနေ့ မတ်လ ၂၄ ရက် နံနက် ၈ နာရီခန့်တွင် စစ်တွေ ပြည်သာတော်ဘူတာမှစတင်ကာ ပြန်လည်ပြေးဆွဲပေးနေခြင်းဖြစ်သည်။
ခရီးသည်တစ်ဦးလျှင် စစ်တွေမှ ရေချမ်းပြင်သို့ အသွား ၁၅၀ ကျပ်၊ ရေချမ်းပြင်မှ စစ်တွေသို့ အပြန် ၁၅၀ ကျပ်သတ်မှတ်ထားပြီး တစ်နေ့လျှင် အသွားအပြန် ၄ ကြိမ်ပြေးဆွဲမည်ဟု သိရသည်။
စစ်တွေမှ ရေချမ်းပြင်သို့ ရထားခုတ်မောင်းချိန် ၁ နာရီခန့်ကြာမြင့်မည်ဟုလည်း သိရသည်။
စစ်တွေ-ရေချမ်းပြင် ရထားလမ်းပိုင်းမှာ ၁၄ မိုင်ကျော်ကွာဝေးပြီး ရထားလမ်း တစ်လျှောက် စစ်တွေဘူတာ၊ တက္ကသိုလ်ဘူတာ၊ ဒါးပိုင်ဘူတာ၊ ဇောပူဂျာဘူတာနှင့် မယ်ဇလီဘူတာတို့ရှိကြောင်း သိရသည်။
အဆိုပါခရီးစဉ်ကို ပြီးခဲ့သည့် ၂ဝဝ၉ ခုနှစ်၊ မေလ ၁၉ ရက်တွင် စတင်ပြေးဆွဲခဲ့ပြီး ၂ဝ၁၂ ခုနှစ်တွင်ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် ယာယီရပ်နားခဲ့ရသည်။
တစ်ဖန် ၂ဝ၁၅ ခုနှစ်၊ ဇန်နဝါရီ ၂၃ ရက်တွင်ပြန်လည်ပြေးဆွဲခဲ့ပြီး ၂ဝ၂ဝ ပြည့်နှစ်၊ ဧပြီလအတွင်းတွင် ကိုဗစ်ကပ်ရောဂါကြောင့် ပြန်လည်ရပ်နားခဲ့ရသည်ဟု သိရသည်။
ယင်းခရီးစဉ်ကို များသောအားဖြင့် စစ်တွေနည်းပညာတက္ကသိုလ်ကျောင်းသားများနှင့် ဟင်းသီး၊ ဟင်းရွက်ရောင်းချသည့် စျေးသည်ခရီးသည်များသာအသုံးပြုတတ်ကြသည်ဟု ဒေသခံများက ပြောသည်။

ဆက်စပ် သတင်းများ