စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

ရခိုင်သို့ အကန့်အသတ်ဖြင့်သာတင်သွင်းနေရသည့်ကုန်ပစ္စည်းများကိစ္စ တိုင်ကြားလာလျှင် ပြည်နယ်အစိုးရနှင့် ညှိနှိုင်းပေးသွားမည်ဟု AA ပြော


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ ဧပြီ ၂၀၂၂
  • | ကြည့်ရှုသူ: 8.6k


မြထွီးသျှင်
နိရ ဉ္စရာ၊ ဧပြီ ၆/၂၀၂၂
ရခိုင်ပြည်နယ်သို့ ပြည်နယ်အစိုးရအဖွဲ့မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၏လက်မှတ်ပါမှ အကန့်အသတ်ဖြင့်တင်သွင်းခွင့်ရသည့်ကုန်ပစ္စည်းများနှင့်ပတ်သက်ပြီး အခက်အခဲဖြစ်နေသူများအနေဖြင့် တိုင်ကြားလာပါက ပြည်နယ်ကောင်စီနှင့် ညှိနှိုင်းပေးသွားမည်ဟု ULA/ AA က ပြောဆိုလိုက်သည်။
အာဏာသိမ်းပြီးနောက်ပိုင်း ရခိုင်ပြည်နယ်တွင် ပြည်မဘက်မှ ကုန်ပစ္စည်းများတင်သွင်းမှုကို ပြည်နယ်အစိုးရအဖွဲ့မှ လုံ/နယ်ဝန်ကြီး၏ ခွင့်ပြုချက်လက်မှတ်ပါမှသာ တင်သွင်းခွင့်ရရှိမှုကြောင့် လုပ်ငန်းရှင်များနှင့် ပြည်သူများတွင် အခက်အခဲများဖြစ်ပေါ်လျက်ရှိနေကြသည်ဟု သိရသည်။
ထိုကဲ့သို့အခက်အခဲများကို ကုန်သည်များအနေဖြင့် ရက္ခိုင့်တပ်တော်(AA)ထံသို့ စာရေးပြီးအသေးစိတ်အချက်အလက်များကိုတင်ပြလာပါက ကြားခံပုဂ္ဂိုလ်များမှတဆင့် ပြည်နယ်အစိုးရနှင့် ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဟု ယမန်နေ့ ဧပြီလ ၅ ရက်ကပြုလုပ်သည့် ULA/AA ၏ ဒုတိယအကြိမ်မြောက်သတင်းစာရှင်းလင်းပွဲတွင် ULA/AA ပြောခွင့်ရသူ ဦးခိုင်သုခက ပြောဆိုခဲ့သည်။
"ကုန်သည်တွေဘက်ကစာရေးပြီး ကျနော်တို့ဘက်ကိုတင်ပြလာတာတွေရှိရင် ကျနော်တို့ အခြေအနေရဲ့လိုအပ်ချက်အရ ကျနော်တို့ရဲ့ ကြားခံလူတွေကတဆင့် ဒီကိစ္စတွေကို ညှိနှိုင်းလို့တော့ ရနိုင်ပါတယ်။ ဆိုတော့ ဘယ်နေရာမှာ ဘာဖြစ်တယ်ဆိုတဲ့ အသေးစိတ်အချက်အလက်တွေကို ကျနော်တို့ဘက်ကို ပို့ပေးဖို့လိုပါတယ်" ဟုပြောသည်။
ဆောက်လုပ်ရေးသုံးပစ္စည်းများ၊ ဆေးဝါးပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများတင်သွင်းခြင်းကို လုံ/နယ်ဝန်ကြီး၏လက်မှတ်ပါမှ အကန့်အသတ်ဖြင့်တင်သွင်းခွင့်ရနေကြ၍ လမ်းခရီးတွင် အချိန်ကြန့်ကြာမှုများကြောင့် ကုန်ပစ္စည်းများ ပျက်စီးဆုံးရှုံးမှုများရှိသလို ယင်းသို့ကန့်သတ်ခံနေရသည့်အတွက် ရခိုင်ပြည်နယ်အတွင်း ကုန်စျေးနှုန်းမြင့်တက်မှုဒဏ်ကိုလည်း ပြည်သူများ ခံစားနေကြရသည်ဟု သိရသည်။
ယင်းကြောင့် အခက်အခဲဖြစ်နေကြသည့်လုပ်ငန်းရှင်များအနေဖြင့် တိုင်ကြားနိုင်သည်ဟု ULA / AA ၏ပြောခွင့်ရသူ ဦးခိုင်သုခက ကမ်းလှမ်းပြောဆိုလိုက်ခြင်းဖြစ်သည်။
ဦးခိုင်သုခ၏ပြောဆိုချက်နှင့်ပတ်သက်ပြီး မြန်မာနိုင်ငံကန်ထရိုက်တာများအသင်း(ရခိုင်ပြည်နယ်)၏ ဥက္ကဋ္ဌ ဦးကျော်အေးမောင်က “ဒီလိုညှိနှိုင်းပေးတော့ ကောင်းတာပေါ့။ ဒီလိုတင်ပြသွားရမဲ့ကိစ္စကတော့ ကန်ထရိုက်လုပ်တဲ့ လူတစ်ယောက်ချင်းစီနဲ့တော့ ဆိုင်မယ်။ အဓိကကတော့ ဘယ်ဘက်ကပဲလုပ်ပေးလုပ်ပေး၊ ပြည်သူတွေအဆင်ပြေဖို့ကတော့ အဓိကပေါ့နော်။ နံပါတ်တစ်ကတော့ ပြည်သူအဆင်ပြေဖို့၊ ပြည်သူကိုဦးစားပေးဖို့စနစ်ကတော့ လူအများစုအတွက်ကောင်းတာပေါ့”ဟု နိရ ဉ္စရာကိုပြောသည်။
ရခိုင်ပြည်နယ်အတွင်း စစ်တပ်ဘက်မှ ပြည်သူများကိုအသွားအလာကန့်သတ်ပိတ်မှုများပြုလုပ်ခြင်း၊ ကုန်ပစ္စည်းများကိုအကန့်အသတ်ဖြင့်တင်သွင်းရခြင်းတို့ကို တိုက်ပွဲကာလများတွင်ကဲ့သို့ ဆက်လက်လုပ်ဆောင်လျက်ရှိပြီး ထိုကိစ္စများနှင့်ပတ်သက်၍လည်း AA ဘက်က အခွင့်အခါကြုံသလိုပြောဖြစ်ကြောင်းလည်း ဦးခိုင်သုခက ဆိုသည်။
စစ်ဘက်နှင့်မဆက်သည့် အများပြည်သူသုံးကုန်ပစ္စည်းများကို ကန့်သတ်ပိတ်ပင်နေခြင်းမှာလည်း လုံးဝမလုပ်သင့်သည့်ကိစ္စဖြစ်သည်ဟုလည်း ဆက်ပြောသည်။

ဆက်စပ် သတင်းများ