သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

အမ်းစစ်ရေးဂိတ်တွင် ကုန်ကားများကို အချိန်ကြန့်ကြာအောင် ပညာပြခြင်းနှင့် ငွေတောင်းခြင်းများပြုလုပ်နေခြင်းအား ဖြေရှင်းပေးရန် စစ်ကောင်စီကို တောင်းဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ မေ ၂၀၂၂
  • | ကြည့်ရှုသူ: 4k

သဥ္ဇာနွယ်
နိရဥ္စရာ၊ မေ ၆ /၂၀၂၂
ရခိုင်ပြည်နယ်သို့အဝင် ကုန်ကားများကို အမ်းစစ်ရေးဂိတ်တွင် အချိန်ကြန့်ကြာအောင် ပညာပြခြင်းနှင့် ငွေတောင်းခြင်းများပြုလုပ်နေခြင်းအား ဖြေရှင်းပေးရန် ကားသမားများနှင့် ကုန်ပစ္စည်းပိုင်ရှင်များက စစ်ကောင်စီကို တောင်းဆိုနေကြသည်ဟု သိရသည်။
ရခိုင်သို့ဝင်ရောက်လာသည့် ကုန်ကားများပေါ်ရှိ ကုန်ပစ္စည်းများကို တင်းတင်းကျပ်ကျပ်စစ်ဆေးမှုများနှင့် နယ်လုံလက်မှတ်မပါဘဲ ဖြတ်သန်းသွားလာခွင့်မပြုသည့်အတွက် ကုန်တင်ကားများအတွက် အချိန်ကြန့်ကြာမှုများနှင့် ကုန်ပစ္စည်းများ ပျက်စီးဆုံးရှုံးနစ်နာမှုများရှိနေကြသည်ဟု နစ်နာသူများက ပြောသည်။
ယခုကိစ္စကို နစ်နာသူများက အစိုးရထံ လျှော့ပေါ့ပေးရန် အကြိမ်ကြိမ်အခါခါတောင်းဆိုခဲ့သော်လည်း ထူးခြားမှုတစ်စုံတစ်ရာမရှိသည့်အပြင် ယခင်ကထက်ပိုမိုတင်းကျပ်လာသည်ဟု စစ်တွေမြို့မှ ကေသီဦးကားဂိတ်ပိုင်ရှင် ဦးမောင်ဝင်းရွှေက ပြောသည်။
"အခုဆိုရင် ပိုဆိုးလာပြီ။ စစ်ဆေးရေးဂိတ်တွေကလည်း ဂိတ် ၁၀ ကျော်လောက်ရှိတယ်။ ဂိတ်တိုင်းကို ပိုက်ဆံပေးရတယ်။ ဒါတွေကို ပြန်ငဲ့ညာပေးစေချင်တယ်"ဟု ပြောသည်။
ယခုနောက်ပိုင်းတွင် ကုန်တင်ကားပေါ်မှ ကုန်ပစ္စည်းများကို ဖွင့်ဖောက်စစ်ဆေးခြင်းတို့ကြောင့်လည်း အချိန်ကြန့်ကြာပြီး ကုန်ပစ္စည်းအချို့ ပျက်စီးကုန်သည်ဟု ကုန်ကားဒရိုင်ဘာ ဦးကျော်သူရက ပြောသည်။
"အခုဆိုရင် ရေခဲသေတ္တာ၊ သွပ်တွေကအစနယ်လုံလက်မှတ်ပါမှ သွားခွင့်ပြုမယ်ဆိုတော့ ဒါကတော်တော်ဒုက္ခရောက်ရပါတယ်။ အချိန်ကြန့်ကြာနစ်နာတယ်" ဟုပြောသည်။
ကားဖြင့်သယ်ဆောင်လာသည့် ကုန်ပစ္စည်းများတွင် ခွင့်ပြုချက်မပါရှိပါက ဆက်လက်သယ်ဆောင်ခွင့်ရရှိရန် အဆင့်ဆင့်လျှောက်ထားနေရသည့်အတွက် ကုန်ပစ္စည်းများ ပျက်စီးဆုံးရှုံးမှုများလည်း ရှိနေကြောင်း ကုန်ပစ္စည်းပိုင်ရှင်များက ပြောသည်။
ယခုကဲ့သို့ လွတ်လပ်စွာသွားလာခွင့်မပြုဘဲ တင်းတင်းကျပ်ကျပ်စစ်ဆေးနေခြင်းသည် အာဏာကိုအလွဲသုံးစားလုပ်ပြီး လူ့အခွင့်အရေးကိုချိုးဖောက်ကာ ပြည်သူကို အနိုင်ကျင့်နေခြင်းဖြစ်သည်ဟု ရခိုင့်လူ့အခွင့်ရေးမြင့်တင်ရေးအဖွဲ့ဒါရိုက်တာ ဦးမြတ်ထွန်းက နိရဥ္စရာကိုပြောသည်။
"ဟိုပစ္စည်းဒီပစ္စည်း အရေးမကြီးတဲ့ပစ္စည်းတွေကိုလည်း နယ်လုံလက်မှတ်စစ်တယ်ဆိုတော့ ဒါတွေက အထက်ကပေးတဲ့ အာဏာကိုအလွဲသုံးစားလုပ်ပြီး ပြည်သူတွေကိုအနိုင်ကျင့်တာလို့ပဲမြင်တယ်။ ဒါတွေကို ရပ်တန့်စေချင်တယ်။ ဒီလောက် တိုင်းပြည်မှာ စစ်ပွဲတွေဖြစ်ပြီး ချွတ်ခြုံကျနေတဲ့အချိန်မှာ လွတ်လပ်စွာသွားလာခွင့်တွေကိုပိတ်ပင်တယ်။ စစ်ဆေးတယ်။ မလိုအပ်ဘဲ စစ်ဆေးရေးလုပ်တာတွေက မကောင်းဘူးပေါ့" ဟု ပြောသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးကျော်သူရကို ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မရခဲ့ပါ။
ဆက်လက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ်ဦးလှသိန်းကို ဆက်သွယ်ရာ ဖုန်းပြန်လည်ဖြေကြားခြင်းမရှိပါ။
ထပ်မံ၍ အမ်းမြို့နယ်စခန်းမှူး ဒုရဲမှူးမျိုးကြည်ကိုဆက်သွယ်ရာ သူက "ကျနော်အဲ့ကိစ္စတွေနဲ့ တိုက်ရိုက်မသက်ဆိုင်ပါဘူး။ ကျနော်တို့ကတော့ ဘာမှမသိပါဘူးဗျာ။ ကျနော်တို့က အထက်ကချမှတ်ထားတဲ့စည်းကမ်းတွေ မူဝါဒတွေ၊ ပြဋ္ဌာန်းချက်တွေနဲ့အလုပ်လုပ်နေရတာပါ" ဟု ပြောသည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ အမ်းစစ်ဆေးရေးဂိတ်တွင်ဖြတ်သန်းသွားလာမည့် ကုန်တင်ကားများမှကုန်ပစ္စည်းများကို နယ်လုံလက်မှတ်ပါမှ ဖြတ်သန်းသွားလာခွင့်ပြုထားကြောင်း သိရသည်။
ပြည်မဘက်မှကုန်ပစ္စည်းများကို ရခိုင်ပြည်သို့တင်သွင်းရာတွင် ရေကြောင်းမှတဆင့် သင်္ဘောဖြင့်တင်သွင်းမည်ဆိုပါက လနှင့်ချီအချိန်ကြာမြင့်တတ်ပြီး လမ်းခရီးတွင် အပျက်အစီးများရှိသည့်အတွက် ကုန်းလမ်းတစ်ခုတည်းကိုသာ အားကိုးနေကြရခြင်းဖြစ်သည်ဟု ကုန်သည်များက ပြောသည်။
ဓာတ်ပုံ - ဗောဓိမင်းသား

ဆက်စပ် သတင်းများ