ရခိုင်ပြည်နယ်တွင် ယခုရက်ပိုင်းအတွင်း
ကျောင်းသူ ၈ သောင်းကျော်ကို အခမဲ့ထိုးပေးမည့် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးသည်
သားအိမ်ခေါင်း ကင်ဆာရောဂါဖြစ်ပွားမှုကို ၉၅ ရာခိုင်နှုန်းအထိကာကွယ်ပေးနိုင်သလို ဆိုးကျိုးများမရှိသည့်အတွက်
စိတ်ချလက်ချထိုးနှံကြရန် ပုဏ္ဏားကျွန်းမြို့၊ ပြည်သူ့ဆေးရုံကြီးမှ
ဒေါက်တာ အောင်စစ်ထွန်းက တိုက်တွန်းလိုက်သည်။
"ဒီကာကွယ်ဆေးနဲ့ပတ်သက်ပြီး ဆိုးကျိုးကိုတော့
မတွေ့ရပါဘူး။ ပြီးခဲ့တဲ့၂၀၂၀ တုန်းကလည်း မြန်မာနိုင်ငံအပါအဝင်
ကမ္ဘာတဝန်းလုံးမှာ ကလေးတွေကို ကျနော်အပါအဝင် ဆရာဝန်တွေက
သန်းနဲ့ချီပြီး ထိုးခဲ့ဖူးတာအတွေ့အကြုံအရ ဒီဆေးကို မည်သည့်ဆိုးကျိုးမှ
မတွေ့ရတာကြောင့် ထိုးသင့်တယ်လိုမြင်ပါတယ်"ဟု ပြောသည်။
ရခိုင်မှ အခြေခံပညာကျောင်းများရှိ
အသက် ၉ နှစ်နှင့် ၁၂ နှစ်ကြား ကျောင်းသူမိန်းကလေးငယ် ၈ သောင်းကျော်ကို
လာမည့်စက်တင်ဘာလ ၁၈ ရက်တွင် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး
အခမဲ့ထိုးပေးသွားမည်ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဌာနမှ သိရသည်။
သားအိမ်ခေါင်းကင်ဆာရောဂါသည်
အမျိုးသမီးအများစုတွင် လိင်မှတစ်ဆင့် ကူးစက်ဖြစ်ပွားတတ်သည့် ရောဂါတစ်ခုဖြစ်ပြီး အထူးသဖြင့်
အရွယ်မရောက်မီ လိင်ဆက်ဆံခံရသူများ၊ အရွယ်မရောက်မီအိမ်ထောင်ပြုသူများနှင့်
အိမ်ထောင်ဆက်များသည့် အမျိုးသမီးများတွင် ပိုမိုအဖြစ်များလေ့ရှိကြောင်း
ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ထားချက်များအရ သိရသည်။
ဒေါက်တာ
အောင်စစ်ထွန်းက "ဒီသားအိမ်ခေါင်းကင်ဆာရောဂါဟာ အမျိုးသမီးအများစုမှာ ဖြစ်တတ်တာကြောင့် မဖြစ်မနေ
ကာကွယ်ဆေးထိုးသင့်ပါတယ်။ ကာကွယ်ဆေးမှာ HPV ဗိုးရပ်စ် ပိုးအမျိုးမျိုးရှိပါတယ်။ အဓိက
ရောဂါဖြစ်စေတဲ့ ၄ မျိုးကို ကာကွယ်နိုင်ပြီး သားအိမ်ခေါင်း ကင်ဆာဖြစ်ပွားမှုကို ၉၅
ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်ပါတယ်" ပြောပါတယ်။
မိန်းကလေးငယ်များကို အဆိုပါ
ကာကွယ်ဆေးထိုးနှံပေးခြင်းဖြင့် Human Papilloma Virus (HPV) ဗိုင်းရပ်(စ်)ပိုးနှင့်
စတင်ထိတွေ့ခြင်းမရှိမီ အချိန်တွင် ကြိုတင်ကာကွယ်ထားနိုင်၍ သားအိမ်ခေါင်း ကင်ဆာရောဂါဖြစ်ပွားခြင်းကို ၈၃
ရာခိုင်နှုန်း လျှော့ချနိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။
အရွယ်ရောက်ပြီးအမျိုးသမီးများတွင်
သားအိမ်ခေါင်းကင်ဆာရောဂါမဖြစ်မီ ပြတတ်သော လက္ခဏာများမှာ အမျိုးသားနှင့်အတူနေချိန်
သွေးဆင်းခြင်း၊ ရာသီနှစ်ခုကြားဖောက်ပြီး သွေးဆင်းခြင်း၊
သွေးဆုံးပြီးမှ သွေးပြန်ဆင်းခြင်း၊ မိန်းမကိုယ်မှ အဖြူဆင်းချိန်
သွေးစပါလာခြင်း၊ အနံ့ဆိုးထွက်ခြင်း၊ ဆီးစပ်ကိုက်ခြင်း၊ အမျိုးသားနှင့်
အတူနေစဉ် မိန်းမကိုယ်နာကျင်ခြင်း စသည်တို့ဖြစ်ကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေး
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စတင်ထိုးနှံခြင်း ဖွင့်ပွဲအခမ်းအနားကို
ပြီးခဲ့သည့် သြဂုတ်လ ၂၂ ရက်တွင် နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန၊
ရုံးအမှတ် (၄)၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရခိုင်တွင်မူ
စက်တင်ဘာလ ၁၈ ရက်မှ ကျောင်းအခြေပြုထိုးနှံမည်ဖြစ်ပြီး အောက်တိုဘာလတွင်မူ
ကျောင်းပြင်ပမှ မိန်းကလေးငယ်များကို ဆက်လက်ထိုးနှံပေးသွားရန်အစီအစဉ်ရှိသည်ဟုလည်း
သိရသည်။
ရခိုင်ရှေ့ဆောင်အမျိုးသမီးအဖွဲ့ဥက္ကဋ္ဌ
ဒေါ်စောစံငြိမ်းသူက ယခုကာကွယ်ဆေးကို ကျောင်းသူများကို အရင်ဆုံးထိုးပေးသည်ထက်
မိဘများကို ကြိုတင်အသိပညာပေးဟောပြောပြပြီးမှ မိဘများက
နားလည်သဘောပေါက်လက်ခံမှသာလျှင် ကျောင်းသူများကို ဆက်လက်ထိုးနှံပေးသင့်သည်ဟု
ထောက်ပြပြောဆိုသည်။
“ကျမမြင်တာက အဓိကတော့
ကျောင်းသူမိဘတွေကို အသိပညာပေးမှု Awareness လုပ်ပေးရဦးမယ်လို့ ထင်ပါတယ်။ ဒီအတိုင်းလာပြီးတော့
ထိုးတယ်၊ သားအိမ်ခေါင်း
ကင်ဆာကာကွယ်တယ် စသဖြင့် အဲလိုလာထိုးတယ်ဆိုတဲ့ ပုံစံမျိုးမဟုတ်ဘဲနဲ့ပေါ့လေ။ အသိပညာပေးကို
ကျောင်းသား၊ ကျောင်းသူမိဘတွေကို အရင်ဆုံး ချပြဖို့လိုတယ်လို့
ထင်ပါတယ်။ ပြီးတော့မှ
အဲဒီကျောင်းသူ၊ ကျောင်းသားမိဘတွေကိုယ်တိုင်က လက်ခံနိုင်တဲ့အနေအထားမျိုးရှိမှ
ဒါဟာ ကျန်းမာရေးကာကွယ်စောင့်ရှောက်မှုဖြစ်တယ်။ မဖြစ်မနေ လက်ခံပေးရမဲ့ အခြေအနေမျိုး ဖြစ်တယ်ဆိုတဲ့ သဘောတူညီမှုနဲ့မှသာ
ထိုးသင့်တယ်လို့ ထင်ပါတယ်”ဟု
ပြောသည်။
အဆိုပါကာကွယ်ဆေးထိုးနှံမည့်ကိစ္စနှင့်ပတ်သက်ပြီး
အသိပညာပေးဟောပြောပွဲတစ်ခုကိုလည်း ပုဏ္ဏားကျွန်းမြို့၊ စံပြရပ်ကွက်ရှိ
မြို့တော်ခန်းမတွင် စက်တင်ဘာလ ၁၅ ရက်၊ နေ့လယ်က မြို့နယ်ကျန်းမာရေးဦးစီးဌာနက
ပြုလုပ်ခဲ့သေးသည်။
အဆိုပါဟောပြောပွဲသို့ ကျောင်းသူမိဘများ၊
အမျိုးသမီးများ၊ အမျိုးသမီးခေါင်းဆောင်နှင့် မြို့နယ်ကျန်းမာရေးဌာနမှ
တာဝန်ရှိသူများ စုစုပေါင်း အင်အား ၁ဝဝ ခန့် တက်ရောက်ခဲ့ကြသည်။
ကမ္ဘာတစ်ဝန်းတွင်
သားအိမ်ခေါင်းကင်ဆာဖြစ်ပွားနှုန်းမှာ အမျိုးသမီးဦးရေ တစ်သိန်း၌ ၁၃ ဒသမ ၃ ဦး
ရှိပြီး ရောဂါကြောင့် သေဆုံးမှုမှာ ၆ ဒသမ ၉ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။ (NN-16,
NN-10)
Photo - Ministry of Health, Myanmar