အင်္ဂါ၊ ဧပြီလ ၁၆ရက်၊ ၂၀၂၄

မြန်မာနိုင်ငံအပေါ် စီးပွားရေးကန့်သတ်ပိတ်ဆို့မှုများပြုလုပ်ရန် ဘင်္ဂလားဒေ့ရှ် တောင်းဆိုချက်အပေါ် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ကန့်ကွက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ ဇူလိုင် ၂၀၂၀
  • | ကြည့်ရှုသူ: 7.7k

နိရဉ္စရာ၊ ဇူလိုင် ၂၅/၂၀၂၀
မြန်မာနိုင်ငံအပေါ် နိုင်ငံတကာမှ စီးပွားရေးကန့်သတ်ပိတ်ဆို့မှုများ ပြုလုပ်ရန် ဘင်္ဂလာဒေရှ့် နိုင်ငံခြားရေးဝန်ကြီး၏ တောင်းဆိုမှုကို မြန်မာအစိုးရမှ ကန့်ကွက်လိုက်သည်ဟု မြန်မာနိုင်ငံပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။

ဇူလိုင် ၂၄ ရက် မွန်းလွဲ ၂ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်မှ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီး Mr. Manjurul Karim Khan Chowdhury အား နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံစဉ် ထိုသို့ ကန့်ကွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံ အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်က ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက မကြာသေးမီက ထုတ်ပြန်ခဲ့သည့် သတင်းထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာမှ စီးပွားရေးကန့်သတ် ပိတ်ဆို့မှုများပြုလုပ်ရန် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက ပန်ကြားခဲ့ကြောင်း ထည့်သွင်း ဖော်ပြချက်အပေါ် စိတ်ပျက် မိကြောင်း၊ နှစ်နိုင်ငံအရေးကိစ္စများကို ဖြေရှင်းရေးတွင် အထောက် အကူမပြုနိုင်သည့် ဘင်္ဂလားဒေ့ရှ်၏ မလိုမုန်းထားလုပ်ရပ်များကို ကန့်ကွက်ကြောင်း ပြောကြားခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

 မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် အိမ်နီးချင်းနှစ်နိုင်ငံအနေဖြင့် ချစ်ကြည် ရင်းနှီးသည့် ဆက်ဆံရေးကို ထိန်းသိမ်းခြင်းဖြင့်သာ နေရပ်စွန့်ခွာသူများ အရေးပြဿနာကို ဖြေရှင်းရာတွင် ရေရှည်အဖြေကို ရရှိစေနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်ဟုဆိုသည်။

တွေ့ဆုံပွဲတွင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံဆက်ဆံရေးကိစ္စရပ်များနှင့် နှစ်နိုင်ငံနယ်စပ်ရေးရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး အမြဲတမ်းအတွင်းဝန် က နေရပ်စွန့်ခွာသူများအရေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံအနေဖြင့် နှစ်နိုင်ငံအကြားရရှိခဲ့သည့် သဘောတူညီချက်များနှင့်အညီ ဖြေရှင်းသွားရန် အဆင်သင့်ရှိကြောင်းနှင့် နှစ်ဖက်စလုံးမှလည်း အဆိုပါ သဘောတူညီချက်များကို တိကျစွာ အကောင်အထည်ဖော် ဆောင်ရွက်သွားရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆက်စပ် သတင်းများ