သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

တရုတ်နိုင်ငံက ရခိုင်ပြည်နယ် လူမှုစီးပွားဖွံ့ဖြိုးရေးအတွက်ယွမ်သန်း ၂ဝဝ ပေးအပ်မည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ စက်တင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 6.5k


နိရဥ္စရာ၊ စက်တင်ဘာ ၃/၂ဝ၂ဝ

တရုတ်နိုင်ငံ အနေဖြင့် ရခိုင်ပြည်နယ်ရှိ ပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ထောက်ပံ့ငွေအဖြစ် မြန်မာ အစိုးရသို့ ယွမ်သန်း ၂ဝဝ ပေးအပ်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံသို့ အလည်အပတ် ရောက်နေသူ တရုတ်ပြည်သူ့သမ္မတနိုင်ငံ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဗျူရိုအဖွဲ့ဝင် မစ္စတာရန်ကျဲ့ချီက နိူင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိ်ုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် စက်တင်ဘာ ၁ရက် ညနေ ၃ နာရီ တွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ တွေ့ဆုံစဉ် ထိုသို့ ထုတ်ဖော်ပြောဆိုသွားခြင်း ဖြစ်သည်။

၎င်းတွေ့ဆုံပွဲတွင် မစ္စတာ ရန်ကျဲ့ချီက ရခိုင်ပြည်နယ်အရေး ဖြေရှင်းရေး ကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံ၏ ကြိုးပမ်းဆောင်ရွက်မှုများကို ဆက်လက်အားပေးထောက်ခံကြောင်း၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်များ အောင်မြင်ရေးအတွက် ဆက်လက်ကူညီ ပံ့ပိုးသွားမည်ဖြစ်ကြောင်း၊ ဒေသအတွင်း ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ မျက်နာစာတွင် မြန်မာနိုင်ငံဘက်မှ ဆက်လက်ရပ်တည် ထောက်ခံသွားမည် ဖြစ်ကြောင်း ပြောဆိုသွားခဲ့သည်ဟု အစိုးရပိုင် မီဒီယာများက ဖော်ပြသည်။

ရန်ကျဲ့ချီသည် စက်တင်ဘာ ၁ ရက်က မြန်မာနိုင်ငံ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် နေပြည်တော်တွင် သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့်အတူ နှစ်နိုင်ငံခေါင်းဆောင်များ ရရှိထားသော အရေးကြီး သဘောတူညီချက်များကို အကောင်အထည်ဖော်ကာ တရုတ်-မြန်မာ အေးအတူပူအမျှ ကံတူ အကျိုးပေး အသိုက်အဝန်းအား လက်တွဲတည်ဆောက်သွားလိုကြောင်းနှင့် နှစ်နိုင်ငံ အဆင့်မြင့်အရာရှိဆက်ဆံရေးကို တိုးမြှင့်ကာ ခိုင်မာနက်ရှိုင်းသော နိုင်ငံရေးအပြန်အလှန်ယုံကြည်မှုကို တည်ဆောက် သွားမည်ဖြစ်ကြောင်း ယန်ကျဲ့ချီက ပြောကြားခဲ့ကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြသည်။  

တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်း ပူးပေါင်းဆောင်ရွက်မှုကို တက်ကြွစွာ တွန်းအားပေး ဆောင်ရွက်ကာ  နှစ်ဖက်ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုအဆင့်ကို တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၊ လုပ်ငန်းများ ပြန်လည်လည်ပတ်မှု ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍကို အရှိန်မြှင့်တင် ဆောင်ရွက်မည်ဖြစ်ကြောင်း နှင့် ရပ်ဝန်းနှင့်ပိုးလမ်းမအား အရည်အသွေးမြင့် အတူလက်တွဲတည်ဆောက် သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

ယခုနှစ်သည် တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး ထူထောင်သည့် နှစ် ၇ဝ ပြည့်မြောက်သည့်နှစ် နှင့် တရုတ်-မြန်မာ ယဉ်ကျေးမှုခရီးသွားနှစ်ဖြစ်ရာ လူမှုယဉ်ကျေးမှုဖလှယ်ရေး ၊ပြည်သူများစိတ်ချင်းဆက်နွယ်ရေးကို မြှင့်တင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ၊ တရုတ်နိုင်ငံအနေဖြင့် ကာကွယ်ဆေး သုတေသနပြုထုတ်လုပ်အောင်မြင်ပါက မြန်မာနိုင်ငံအား ဦးစားပေးအနေဖြင့် မျှဝေပေးသွားလို ကြောင်း ပြောကြားခဲ့သည်ဟုလည်း သတင်းတွင် ဆက်လက် ဖော်ပြထားသည်။

ဆက်စပ် သတင်းများ