ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

ကမ္ဘာ့ငြိမ်းချမ်းရေးနေ့တွင် တိုက်ပွဲများကြောင့် ထိခိုက်ဒဏ်ရာရရှိမှုများနှင့် နေရပ်စွန့်ခွာ ထွက်ပြေးရမှုများ အပေါ် စိုးရိမ်မကင်းဖြစ်မိကြောင်း ကနေဒါ သံရုံးထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ စက်တင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 8.9k

နိရဥ္စရာ၊ စက်တင်ဘာ၂၁/၂ဝ၂ဝ

ယနေ့တွင် ကျရောက်သည့် ကမ္ဘာငြိမ်းချမ်းရေးနေ့ လက်ရှိ ရခိုင်၊ ချင်းနှင့် အခြားသော ပြည်နယ်များတွင် ဖြစ်ပွားလျက်ရှိသည့် တိုက်ပွဲများ၊ ထိခိုက်ဒဏ်ရာ ရရှိမှုများနှင့် အရပ်သားများ နေရပ်စွန့်ခွာ ထွက်ပြေးရမှုများအပေါ် များစွာစိုးရိမ်မကင်း ဖြစ်မိကြောင်း ရန်ကုန်ရှိ ကနေဒါသံရုံးက သတင်းထုတ်ပြန်သည်။

ယခုနှစ် မတ်လ ၂၃ ရက်နေ့တွင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးက ကမ္ဘာတစ်ဝန်းရှိ လက်နက်ကိုင် တပ်ဖွဲ့များ အားလုံးကို တစ်ကမ္ဘာလုံး အပစ်အခတ် ရပ်စဲရေးအား အကောင်အထည်ဖော်ရန် တိုက်တွန်း ခဲ့ပါကြောင်း၊  ကနေဒါ နိုင်ငံ အနေဖြင့်လည်း မြန်မာနိုင်ငံတွင် အဆိုပါ တိုက်တွန်းချက်ကို အကောင်အထည် ဖော်ရန် ထပ်လောင်း တိုက်တွန်းလိုပါကြောင်း ဦးစွာဖော်ပြသည်။

ကနေဒါနိုင်ငံ အနေဖြင့် လက်ရှိ ရခိုင်၊ ချင်းနှင့် အခြားသော ပြည်နယ်များတွင် ဖြစ်ပွားလျက်ရှိသည့် တိုက်ပွဲများ၊ ထိခိုက်ဒဏ်ရာ ရရှိမှုများနှင့် အရပ်သားများ နေရပ်စွန့်ခွာ ထွက်ပြေးရမှုများအပေါ် များစွာ စိုးရိမ်မကင်း ဖြစ်မိပါကြောင်းဖော်ပြသည်။

ယခုအခါ ထိခိုက်လွယ်သော အသိုင်းအဝိုင်းများကို ကိုဗစ် ၁၉ ၏ ဆိုးရွားသည့် သက်ရောက်မှုများမှ ကာကွယ်ရန်မှာ ကမ္ဘာပေါ်ရှိ နိုင်ငံများ အားလုံး အဓိက အာရုံစိုက် လုပ်ဆောင်ရမည့် အရာပင် ဖြစ်ပါကြောင်း၊ပဋိပက္ခများသည် လူသားချင်း စာနာမှု ဆိုင်ရာ တုံ့ပြန်မှုများကို နှောင့်နှေးစေပြီး ပဋိပက္ခအတွင်း ထိလွယ်ခိုက်လွယ် အဖြစ်ဆုံး အုပ်စုများ ဖြစ်သည့် အမျိုးသမီးများ၊ ကလေးသူငယ်များ၊ မသန်စွမ်းသူများ၊ ဘေးထုတ်ခံထားရသူများနှင့် နေရပ် စွန့်ခွာ ထွက်ပြေးရသူများအတွက် အထောက်အပံ့ ပေးစွမ်းနိုင်မှုများကိုပါ အတားအဆီး ဖြစ်စေပါကြောင်း၊ ပဋိပက္ခ ဖြစ်ပွားရာ ဒေသများသို့ လူသားချင်းစာနာမှု အထောက်အကူများ ပေးနိုင်ရန် ဝင်ထွက်သွားလာခွင့်မှာ အဓိက ကျကြောင်း ဖော်ပြသည်။

၎င်းပြင် ယနေ့ ကမ္ဘာ့ ငြိမ်းချမ်းရေးနေ့တွင် အသက်များ၊ မိသားစုများ၊ အိုးအိမ် စည်းစိမ်များ၊ ရပ်ရွာ အသိုင်းအဝိုင်းများနှင့် အားလုံးအတွက် ပိုမိုကောင်းမွန်သည့် အနာဂတ် ရရှိရေးအပေါ် မျှော်လင့်ချက်များကို ပဋိပက္ခများက ရိုက်ချိုးပစ်နိုင်ခြင်းအား ကျွန်ုပ်တို့ အနေဖြင့် အသိအမှတ် ပြုကြရမည် ဖြစ်ကြောင်း ဖော်ပြသည်။

ကျွန်ုပ်တို့ အနေဖြင့် ပဋိပက္ခများ ရပ်စဲရေး တိုက်တွန်းချက်ကို မြန်မာနိုင်ငံတွင်လည်း ထပ်လောင်း တိုက်တွန်း လိုပြီး မကျေနပ်ချက်များကို နိုင်ငံရေး ဆွေးနွေးမှုများမှ တစ်ဆင့် ဖြေရှင်းရန်၊ မှီတင်း နေထိုင်သူများ အားလုံး အတွက် လုံခြုံပြီး ဒီမိုကရေစီ နည်းလမ်းကျသော၊ အားလုံး ပါဝင်သော၊ ငြိမ်းချမ်းသော မြန်မာနိုင်ငံတော် ဖြစ်လာစေရန် ပဋိပက္ခများကို အဆုံးသတ်ရေး အတွက်လည်း ထပ်လောင်း တိုက်တွန်းလိုပါကြောင်း ဖော်ပြထားသည်။


ဆက်စပ် သတင်းများ