စနေ၊ စက်တင်ဘာလ ၁၄ရက်၊ ၂၀၂၄

သံတွဲမြို့နယ်မှ ကျေးရွာတချို့တွင် မဲနှိုက်ပြီး ပြည်သူ့စစ်မှုထမ်းရန် အတင်းဓမ္မခေါ်ယူနေ


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၂၇ ဖေဖော်ဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 2.8k

ရခိုင်ပြည်၊ သံတွဲမြို့တွင် ပြည်သူ့စစ်မှုထမ်းရန် မဲနှိုက်ပြီး လူငယ်များကို အတင်းဓမ္မခေါ်ယူနေကြောင်း သတင်းရရှိသည်။

ဖေဖော်ဝါရီ ၂၇ ရက် တစ်ရက်တည်းတွင် သံတွဲမြို့မှ ဇလွန်ရွာအပါအဝင် ရေဖြူအိုင်၊ မဲနည်ကွင်း၊ ဂုန်းဇရက်၊ မဒေစသည့် ရွာ (၅)ရွာမှ ကျေးရွာများတွင် မဲနှိုက်ပြီး လူရွေးချယ်မှုကို ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဇလွန်ကျေးရွာတွင် ယနေ့ ဖေဖော်ဝါရီ ၂၇ ရက်နေ့ နံနက် ၁၁နာရီခန့်က ကျေးရွာ အုပ်ချုပ်ရေးမှုး အပါအဝင် အရပ်ဝတ်ဖြင့် ကြံ့ခိုင်ရေးပါတီမှ အသက်ကြီးပိုင်းအမျိုးသား (၂) ဦးက ရွာမှ အမျိုးသားများကို အစည်းအဝေးရှိသည်ဟု ခေါ်ယူခဲ့ပြီး စစ်မှုထမ်းရန် မဲနှိုက်ခိုင်းခဲ့သည်ဟု ဇလွန်ကျေးရွာဒေသခံ တစ်ဦးက နိရဉ္စရာသတင်းဌာန ကိုပြောသည်။

" တစ်အိမ်တစ်ယောက် အိမ်ထောင်ဦးစီးအမျိုးသားတွေ အစည်းအ‌ ဝေးကို လာရမယ်ပြောတယ်။ အစည်းအဝေးကိုရောက်တော့ မှ လာတဲ့လူတွေကိုမဲနှိုက်ခိုင်းတယ်။ တစ်ခါထဲမဲနှိုက်ပြီး တခါတည်း ခေါ်သွားတာ။ အဲ့ဒီ အထဲက အယောက်၂၀ ကို ရွေးခေါ်သွားတယ် " ဟုပြောသည်။

ရွေးချယ်ခံရသူများကို စစ်သင်တန်း ၁၂ရက် ပို့ချပေးမည် ဖြစ်သည်ဟု ဆိုသည်။

၎င်းကျေးရွာအတွင်း  အကြမ်းဖက် စစ်ကောင်စီတပ်ကို ထောက်ခံသူနှင့် မထောက်ခံသူများအကြား သဘောထားကွဲလွဲမှုရှိနေသည်ဟု ၎င်းကပြောသည်။

" စစ်တပ်ကို ထောက်ခံတာ လူကြီးပိုင်းတွေ။ မထောက်ခံတာ အများစုက‌ တော့ လူငယ်ပိုင်း လူလတ်ပိုင်းတွေ ။ ကျနော့်သူငယ်ချင်းတွေလည်း ရွေးချယ်ခံရတဲ့အထဲမှာ ပါသွားကြတယ်။ ကျနော်လည်း စိုးရိမ်နေတယ် အဲ့ဒီထဲပါသွားမှာကြောက်တယ်။ ခေါ်တာက အသက် ၁၈ကနေ ၄၀ကြားပါ  " ဟုပြောသည်။

ယမန်နေ့ ကလည်း သံတွဲမြို့နယ်၊ ငပလီမြို့ လင်းသာ ရပ်ကွက်မှ လူငယ် ၁၁ဦးကို ပြည်သူ့စစ်မှုထမ်းရန် စစ်ကောင်စီမှ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

လက်ရှိစစ်မှုထမ်းရန်ထောက်ခံကြသည့် လူအများစုသည် ကြံ့ခိုင်ရေးပါတီဝင်များ ဖြစ်ကြပြီး သူတို့က ဦးဆောင်ပြီး လုပ်ကိုင်နေကြသည်ဟု ဒေသခံများကပြောသည်။

ဒေသအတွင်းက အမည်မဖော်လိုသူ လူမှုရေးလုပ်နေသူ လူငယ်တစ်ဦးက “ ဒီစစ်မှုထမ်းဖို့ ခေါ်တဲ့အပေါ်မှာ အသေအချာစဉ်းစားကြဖို့လိုတယ်။ လက်နက်ကိုင်ပြီး စစ်ကောင်စီကို ကာကွယ်ပေးရမှာဖြစ်တဲ့အတွက် ရိုးရိုးသားသားနေထိုင်ကြတဲ့ ပြည်သူတွေအနေနဲ့ စစ်ပွဲထဲမှာ ပါဝင်သွားမယ်။ နောက်လာမယ့် အကျိုးဆက်အနေနဲ့ ကိုယ်တစ်ယောက်တည်း အတွက်မဟုတ်ဘူး။  မိသားစုတွေအတွက်ပါ စိုးရိမ်စရာဖြစ်လာတယ်။ လက်နက်ကိုင်ရင် မတိုက်ချင်လည်း တိုက်ရတော့မယ်လေ။ အလွန် အန္တရာယ်များတဲ့ အလုပ် ဖြစ်တာကြောင့် သေချာစဉ်းစားကြဖို့လိုပါမယ်”ဟု နိရဉ္စရာသတင်းဌာနကို ပြောသည်။

စစ်ကောင်စီသည် အသက် ၁၈နှစ်ပြည့်သည့် အမျိုးသား၊ အမျိုးသမီးများကို စစ်မှုထမ်းရမည်ဟု ဖေဖော်ဝါရီ ၁၀ ရက်နေ့က တရားဝင်ထုတ်ပြန်ခဲ့ပြီး ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် အမျိုးသမီးများကို နောက်မှ စစ်မှုထမ်းရန် ခေါ်ယူမည်ဟု စစ်ကောင်စီက ကြေညာခဲ့သည်။

ယင်းသို့ထုတ်ပြန်ပြီးနောက် ရခိုင်မှ လူငယ်အများအပြားကို စစ်ကောင်စီမှ ရန်ကုန်လေဆိပ်၊‌‌ ရခိုင်ဒေသရှိ စစ်တွေ၊ ကျောက်ဖြူနှင့် သံတွဲ  လေဆိပ်များနှင့် ကားဂိတ်များတွင် မတရားသဖြင့် ဥပဒေမဲ့ ဖမ်းဆီးမှုများပြုလုပ်နေကြောင်း သိရှိရသည်။

ဆက်လက်ပြီး ရခိုင်ပြည် သံတွဲမြို့နယ်တွင်လည်း  ပြည့်သူစစ်မှုဥပဒေကို စတင်အသက်သွင်းလာသဖြင့် လူထုအကြား စိုးရိမ်မှု တိုးပွားလျက် ရှိနေသည်ဟု သိရသည်။(NN-11) 

ဆက်စပ် သတင်းများ