ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ရခိုင်မြို့နယ်အချို့၌ အင်တာနက်ပိတ်ထားခြင်းနှင့်ပတ်သက်ပြီး ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးသိန်း၏ရှင်းလင်းပြောကြားချက်အပေါ် ရခိုင်ဘက်မှတုံ့ပြန်မှုများ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ ဇွန် ၂၀၂၀
  • | ကြည့်ရှုသူ: 9.8k

အိမ်စိုးဖြူ

နိရဥ္စရာ၊ ဇွန် ၁၄/ ၂ဝ၂ဝ

ဇွန်လ ၁ဝရက်နေ့က နေပြည်တော်ပြန်ကြားရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန၏ တစ်နှစ်တာ ဆောင်ရွက်ချက်များနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင်  ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် (ဆက်သွယ်ရေး) ဦးစိုးသိန်းက ရခိုင်ပြည်နယ်မှ မြို့နယ် အချို့တွင် အင်တာနက်ပိတ်ထားခြင်းနှင့် ပတ်သက်ပြီး ရှင်းလင်း ပြောကြားသွားခဲ့သည်။  

ယင်းသို့ ရှင်းလင်းပြောကြားရာတွင် အမြဲတမ်းအတွင်းဝန် ဦးစိုးသိန်းက “ဒါတွေကလည်း ခုနက ဒီကျွန်တော်တို့ရဲ့ ဆက်သွယ်ရေး ဥပဒေအရ အများပြည်သူအကျိုးကိုထိခိုက်နေတဲ့ အခြေအနေမျိုးဖြစ်နေလို့ ပိတ်ထားတာ ဖြစ်တဲ့အတွက် အများပြည်သူအကျိုးကို မထိခိုက်ဘူးလို့သုံးသပ်တဲ့ အချိန်ကျရင်ပြန်ဖွင့်မှာပါ။ ဒါပေမဲ့ အခုလောလောဆယ် အထိတော့ ၁ ရက် ၈ လအထိပဲ ပိတ်ထားတာပါနော်”ဟု ပြောဆိုသွားခဲ့သည်။

အဆိုပါ အမြဲတမ်းအတွင်းဝန် ဦးစိုးသိန်း ပြောဆို ရှင်းလင်းမှု အပေါ် ရခိုင်ပြည်နယ်အတွင်း လွှတ်တော် ကိုယ်စားလှယ်များ၊ လူမှုရေး လူပ်ရှားနေသူများက ယခုကဲ့သို့ တုံ့ပြန်ပြောဆိုသည်။ 

ကိုဇော်ဇော်ထွန်း (အတွင်းရေးမှူး၊ ရခိုင်တိုင်းရင်သားမျိုးနွယ်စုများအစည်းအရုံး/REC)  

“တကယ်တမ်းကျွန်တော်ပြောချင်တာက အကျိုးသက်ရောက်မှုခံစားနေရတဲ့ ဒေသခံတွေရဲ့သဘောထားလို့ သုံးရမှာ။ အခုက ဒေသခံလို့မသုံးဘဲ အများပြည်သူလို့သုံးသွားတာကို ဘာအများပြည်သူကို ပြောတာလဲလို့ မေးခွန်းထုတ်စရာဖြစ်နေတယ်။ ကျွန်တော်တို့က အဲဒီစကားကို မရှင်းမလင်းဖြစ်တယ်။ ပြီးတော့ တာဝန်ခံမှု မပါဘူးလို့ယူဆတယ်။ ပြီးတော့ မဖွင့်ချင်ရင်လည်း မဖွင့်ဘူးလို့သဘောသက်ရောက်လို့ နိုင်ထက်စီးနင်း လုပ်တယ်လို့ခံစားရတယ်။”

--------------------

 ရခိုင်ပြည်နယ်မဲဆန္ဒနယ်အမှတ်(၁၁)အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေ

“အဓိကအားဖြင့်တော့ ဒီမိုကရေစီကိုသွားနေတဲ့ နိုင်ငံတစ်နိုင်ငံအနေနဲ့ လုံခြုံရေးတစ်ခုကိုအကြောင်းပြပြီးတော့ ပြည်သူတွေရဲ့ ရပိုင်ခွင့်ဖြစ်တဲ့ ဒီအင်တာနက်ဖြတ်တောက်ခြင်းကို နဂိုကတည်းက လုံးဝ ဆောင်ရွက်ခြင်း မပြုလုပ်သင့်ပါ။ အခုသြဂုတ်လ ၁ ရက်နေ့ထိသူတို့သူတို့စောင့်ကြည့်မယ်။ သြဂုတ်လ နောက်ပိုင်းဖွင့်ဖို့ ဆိုတာတောင်မှ နောက်ကျနေပြီ။ ဖြစ်နိုင်လို့ရှိရင် ဝန်ကြီးဌာနအနေနဲ့ ဒီနေ့ဖွင့်လေ ဒီနေ့ကောင်းပါတယ်။ နောက်ကျလေလေပြည်သူတွေထိခိုက်လေလေပါ။” 

---------------------------- 

ကိုမေယုထွန်း (မေယုဒေသဖောင်ဒေးရှင်းအဖွဲ့)

“ကျွန်တော်တို့ရောက်သွားတဲ့ တချို့ဒေသကလူတွေဆိုရင် ကိုဗစ်ဆိုတာဘာလဲ ဆိုတာတောင်မသိဘူး။ ရောဂါနဲ့ ပတ်သက်ပြီး ဘာဆိုဘာမှ မသိတဲ့လူတွေရှိတယ်။ စိုးရိ်မ်ရတာပေါ့။ အင်တာနက်မရှိတဲ့နေရာဟာ လူအခွင့်အရေးချိုးဖောက်ခံရဖို့ အလွယ်ကူဆုံးနေရာတွေဖြစ်တဲ့အတွက် အင်တာနက်မရှိတဲ့ နေရာကိုသွားတိုင်း မလုံခြုံသလိုခံစားရတယ်။ အင်တာနက်ပြန်ဖွင့်ပေးမယ်ဆိုရင်တော့ ကောင်းတာပေါ့နော်။”

-------------------------- 

ဦးခိုင်ကောင်းစံ (ဒါရိုက်တာ- ဝံလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်း)

“အဓိကကတော့ သတင်းအချက်ရယူမှုကို ပိတ်ပင်ခြင်းဟာ လူ့အခွင့်အရေးချိုးဖောက်တာဖြစ်တယ်။ ဆက်သွယ်ရေးဝန်ကြီးဌာနကိုယ်တိုင်က လူ့အခွင့်အရေးချိုးဖောက်မှုလုပ်တာဖြစ်တယ်။ အင်တာနက်ပိတ်ပြီး သတင်းအမှောင်ချတာမျိုးက မဖြစ်သင့်ဘူး။”

----------------------------

ကိုဝင်းနိုင် (ဘူးသီးတောင်မြို့ဒေသခံ)  

“အခုက ကျွန်တော်တို့နေတဲ့ ဒေသက ကိုဗစ်ကိုလည်းကြောက်ရတယ်။ စစ်ဘေးရှောင်တွေလည်းများတယ်။ တိုက်ပွဲတွေလည်း အမြဲတမ်းဖြစ်နေတယ်။အခက်ခဲတွေအများကြီးပဲ။အင်တာနက်သာပြန်ဖွင့်ပေးရင် ကိုဗစ်နဲ့ပတ်သက်တဲ့ သတိပေးမှု၊ အသိပညာပေးမှုတွေသိလာမယ်။ စီးပွားရေးနဲ့ လမ်းပန်းဆက်သွယ်ရေးတွေ ကျန်းမာရေးတွေကို အင်တာနက်သာပြန်ဖွင့်ပေးရင် ဖြေရှင်းနိုင်မယ်လို့မြင်တယ်။”ဟု အသီးသီး ပြောဆိုကြသည်။


ဆက်စပ် သတင်းများ