ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

ရခိုင်နှင့် ပလက်ဝတို့တွင် အင်တာနက်ဖြတ်တောက်ခံထားရမှုနှင့်ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ ဇူလိုင် ၂၀၂၀
  • | ကြည့်ရှုသူ: 7.5k

မာန်ယုကျော် (ရွှေဝမြေ)

စစ်တွေ၊ ဇူလိုင် ၈ / ၂ဝ၂ဝ

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တို့တွင် အင်တာနက် ဖြတ်တောက် ခံထားရခြင်းနှင့် ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ ဇူလိုင်လ ၈ ရက်နေ့တွင် သတင်း ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်လိုက်သည်။

အဆိုပါထုတ်ပြန်ချက်တွင် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်ရှိ မြို့နယ်အချို့တွင် အင်တာနက် ယာယီဖြတ်တောက်ထားခြင်းနှင့်စပ်လျဉ်း၍ ယင်းသို့အင်တာနက်ပိတ်ထားခြင်းသည် ထိခိုက်ခံစားနေရသည့် နေရာများတွင် နေထိုင်ကြသည့် ကိုဗစ်-၁၉ ကူးစက်ရောဂါကို ရင်ဆိုင်နေရသော ပြည်သူများအတွက် အသက်အန္တရာယ်ရှိနိုင်သည်ဟုဆိုကာ စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ပြောကြားမှုအချို့ရှိသည်ဟု ဖော်ပြထားသည်။

အင်တာနက်ယာယီဖြတ်တောက်မှုသည် ကိုဗစ်-၁၉ တိုက်ဖျက်ရေးတွင် မြန်မာအစိုးရ၏ “မည်သူ့ကိုမျှ ချန်လှပ်မထားရေး” မူဝါဒနှင့်အညီ ကြိုးပမ်းမှုများကို အဟန့်အတား မဖြစ်စေရန် လိုအပ်သည့် အစီအမံများ ဆောင်ရွက်ပေးလျက်ရှိသည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

မြန်မာအစိုးရအနေဖြင့် ပြည်တွင်း၊ ပြည်ပ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ဘေးဒဏ်သင့်ဒေသများတွင် နေထိုင်သူများနှင့် ပဋိပက္ခ ဖြစ်ပွားရာဒေသများရှိ အသိုက်အဝန်းများအားလုံးထံသို့ ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် စပ်လျဉ်းသည့် သတင်းအချက်အလက်များ၊ အသိပညာပေးမှုနှင့်ဆက်စပ်ပစ္စည်းများကို ပံ့ပိုးပေး လျက်ရှိပြီး ၂ဝ၂ဝ ပြည့်နှစ်၊ ဇန်နဝါရီလမှ စတင်၍ အင်တာနက် ယာယီဖြတ်တောက် ထားသည့် ဒေသများအပါအဝင် နိုင်ငံတစ်ဝန်းတွင် စာသားသတင်းတိုပေးပို့မှု (SMS) အခမဲ့ ဝန်ဆောင်မှုများမှတစ်ဆင့် ကိုဗစ်-၁၉ နှင့် စပ်လျဉ်းသည့် အသိပညာပေး သတင်းအချက်အလက်များကို အစိုးရက ဖြန့်ဝေ ပေးလျက်ရှိကြောင်း၊ ထို့ပြင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နှင့် အနီးဝန်းကျင်ရှိ အဓိကပြည်တွင်း နေရပ် စွန့်ခွာသူများ စခန်းများ အားလုံးတွင်လည်း အင်တာနက်ဝန်ဆောင်မှုများ ဖြတ်တောက်ခြင်းမရှိဘဲ ရရှိအသုံးပြုနိုင်သည်ဟု ဖော်ပြထားသည်။

စစ်တွေမြို့ နန်းရွှေဂူဘုန်းတော်ကြီးကျောင်းတွင် ယာယီခိုလှုံနေရသည့် စစ်ဘေးရှောင် ဦးမောင်အေးသိန်းက "အစိုးရက ထုတ်ပြန်ထားတာက တစ်ယောက်နဲ့ တစ်ယောက် သုံးပေ အကွာအဝေးလို့ ပြောထားတယ်။ ထုတ်ပြန်ချက်ပေးထားတာ။ ဆိုတော့ ကျနော်တို့မှာကျတော့ လူအများနဲ့နေရတော့ ရောလုံးယှက်တင်နေရတယ်။ လူများစုနဲ့ဖြစ်လို့။ သုံးပေအကွာအဝေးနေထိုင်ခွင့်တော့ မရဘူး။ အဲဒီထဲမှာ တစ်ယောက်ယောက်ပါလာမယ်ဆိုရင်လည်း တစ်ကျောင်းလုံး လူအများစုနဲ့နေတာကို အဲဒါကို နည်းနည်း စိုးရိမ်တယ်။ တောင်းဆိုချင်တာကတော့ ကျနော့်အနေနဲ့ နှာခေါင်းစည်းတွေ၊ လက်သန့်ဆေးတွေ၊ အဲဒီရောဂါကောင်းအောင် ကာကွယ်ဖို့အတွက် ဆေးကြောဖို့အတွက် အဲလိုတစ်ခု တောင်းဆိုချင်တယ်။"ဟု ပြောသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) တို့ကလည်း အစိုးရ၏ကြိုးပမ်းဆောင်ရွက်မှုများကို ထိရောက်စွာ ကူညီ ပံ့ပိုးပေးလျက်ရှိပြီး ပြည်တွင်း နေရပ်စွန့်ခွာသူများအပါအဝင် အသိုက်အဝန်းအားလုံးနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီအနေဖြင့် ရခိုင်ပြည်နယ်ရှိ ဘူးသီးတောင်၊ ကျောက်တော်၊ မောင်တော၊ မင်းပြား၊ မြောက်ဦး၊ မြေပုံ၊ ပေါက်တော၊ ရသေ့တောင်နှင့် စစ်တွေမြို့နယ်စသည့် (၉) မြို့နယ်တို့တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအတွက် ကျယ်ကျယ်ပြန့်ပြန့် တုံ့ပြန်ဆောင်ရွက်ပေးလျက်ရှိကြောင်း ဖော်ပြထားသည်။

ရခိုင်ပြည်နယ်တွင် အေအေ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုနှင့် အကြမ်းဖက်လုပ်ရပ်များ ပိုမိုပြင်းထန်လာခြင်းကြောင့် အစိုးရအနေဖြင့် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ပဋိပက္ခ ဖြစ်ပွားရာ ရခိုင်ပြည်နယ်ရှိ (၈) မြို့နယ်နှင့် ချင်းပြည်နယ်ရှိ မြို့နယ် (၁) မြို့နယ်တို့တွင် အင်တာနက်ဝန်ဆောင်မှုများကို ယာယီဖြတ်တောက်ထားရန် ၂ဝ၁၉ ခုနှစ်၊ ဇွန်လ ၂ဝ ရက်နေ့တွင် ညွှန်ကြားချက်ထုတ်ပြန်ခဲ့ပြီး အဆိုပါညွှန်ကြားချက်အား ၂ဝ၁၃ ခုနှစ် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၇၇ နှင့်အညီ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဆိုထားသည်။

ယင်းညွှန်ကြားချက်သည် ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မောင်တော၊ ဘူးသီးတောင်နှင့် ပလက်ဝမြို့နယ်များအတွက်သာ အကျုံးဝင်ပြီး မိုဘိုင်းဖုန်းအသုံးပြုခြင်းနှင့် စာသား သတင်းတိုများပေးပို့ခြင်းတို့ကို ဆက်လက်ပြုလုပ်နိုင်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အင်တာနက်ပြန်ဖွင့်ပေးရေး တစိုက်မတ်မတ်တောင်းဆိုရာတွင်ပါဝင်သော ရခိုင်လူငယ်မျိုးဆက်သစ်ကွန်ရက်မှ မဦးခင်သိန်းက "လက်ရှိ Covid -19 နဲ့ဆိုရင်လည်း အင်တာနက်ပိတ်ထားတဲ့နေရာတွေကို အစိုးရက ထုတ်ပြန် ကြေညာတယ်ဆိုရင်လည်း များသောအားဖြင့်တော့ သူတို့ရဲ့ website စာမျက်တွေပေါ်မှာပဲ ကြေညာ တာများတယ် ဆိုတော့ ကျမတို့က အဲဒါတွေကို သတင်းအချက်အလက်တွေကို တိကျမှန်ကန်ဖို့အတွက် အွန်လိုင်းမရှိတဲ့အခါ မရဘူး။ ဆိုတော့ သတင်းအမှားတွေ၊ သတင်းအတုတွေ ကျမတို့ လက်ထဲမှာ ရောက်တဲ့ အတွက် ကျမတို့သည် အများကြီး လက်ရှိအခြေအနေထက် စိုးရိမ်ရတဲ့ အနေအထားတွေ အများကြီးရှိတယ်။ ပြီးလို့ရှိရင် လက်ရှိ ရခိုင်မှာ အင်တာနက်လည်း ပိတ်ထားတယ်။ တိုက်ပွဲလည်း ဖြစ်ပွားနေတယ်ဆိုတော့ သေချာခိုင်မာတဲ့သတင်းအချက်အလက်တွေကို ကျမတို့ မရဘူး။ အဲလိုဆိုတော့ ကျမတို့အတွက် ဆုံးရှုံး နစ်နာမှုတွေ အများကြီးရှိတယ်။ နောက်ပြီး အင်တာနက် ဖြတ်တောက်  ခံထားရတဲ့ အတွက် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အများကြီးခံရတယ်။ ဥပမာ လူတစ်ယောက်ကို သတ်ပစ်ခဲ့ရင်လည်း သတင်း အချက်အလက်တွေ၊ တစ်ခါတလေကျရင် အင်တာနက်တောင်မကသေးဘူး။ ဖုန်းလိုင်းတွေပါ မရတဲ့အခြေအနေတွေ အများကြီးရှိနေတော့ ကျမတို့ ချိုးဖောက်မှုတွေ အများကြီး ခံရတယ်ပေါ့လေ"ဟု ပြောသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်တွင် မိုဘိုင်းအင်တာနက် နည်းပညာများကို တလွဲအသုံးချ၍ အေအေက လက်လုပ်မိုင်းနှင့် အဝေးထိန်း မြေမြှုုပ်မိုင်းများ ဖောက်ခွဲခြင်း၊ တိုင်းရင်းသားလူမျိုးများအကြား အမုန်းတရားများ လှုံ့ဆော်ခြင်း၊ အစိုးရဝန်ထမ်းများအား တိုက်ခိုက်မှု၊ ပြန်ပေးဆွဲမှုများကို စနစ်တကျ လုပ်ဆောင်ခြင်းများရှိနေသဖြင့် အဆိုပါ လုပ်ရပ်များမှ ကာကွယ်တားဆီးနိုင်ရန်အတွက် အင်တာနက်ကို ယာယီဖြတ်တောက်ရခြင်းဖြစ်ပြီး အေအေအနေဖြင့် အစိုးရ၏ အုပ်ချုပ်မှုယန္တရား ပျက်ပြားသွားစေရန် ရည်ရွယ်၍ ကျေးရွာနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား သတ်ဖြတ်ခြင်းကဲ့သို့သော ကျူးလွန်မှုများကိုလည်း ပြုလုပ်လျက်ရှိသည်ဟု ဖော်ပြထားသည်။

၂ဝ၁၉ ခုနှစ်၊ ဩဂုတ်လတွင် ပဋိပက္ခအခြေအနေများ တိုးတက်ကောင်းမွန်လာသည်ကို တွေ့လာရသဖြင့် ရသေ့တောင်၊ မြေပုံ၊ မောင်တော၊ ဘူးသီးတောင်နှင့် ပလက်ဝမြို့နယ် (၅) မြို့နယ်၌ အင်တာနက် ဝန်ဆောင်မှုကို ပြန်ဖွင့်ပေးခဲ့သော်လည်း ၂ဝ၂ဝ ပြည့်နှစ်၊ ဖေဖော်ဝါရီလတွင် အေအေ၏ အကြမ်းဖက် လုပ်ရပ်များ ပြန်လည်မြင့်တက်လာခြင်းကြောင့် အင်တာနက်ကို ထပ်မံ ယာယီ ဖြတ်တောက် ခဲ့ရကြောင်း၊ အခြေအနေများ တည်ငြိမ်မှုရှိလာသည်နှင့်အမျှ အင်တာနက်အသုံးပြုနိုင်မှု ပုံမှန်ပြန်လည်ရ ရှိလာမည်ဖြစ်ပြီး ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၌ ၂ဝ၂ဝ ပြည့်နှစ်၊ မေလမှ စတင်၍ အင်တာနက် ဝန်ဆောင်မှု ပြန်လည်ရရှိနေပြီဖြစ်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

ရခိုင်နှင့် ချင်းပြည်နယ်ပလက်ဝမြို့နယ်တို့တွင် အင်တာနက်ပိတ်ထားမှုကို ပြန်ဖွင့်ပေးရန် အင်တာနက် အပိတ်ခံရမှုတစ်နှစ်ပြည့်နေ့တွင် တောင်းဆိုခဲ့သည့် ရန်ကုန်အခြေစိုက် အသံအဖွဲ့မှ တာဝန်ရှိသူအချို့နှင့် ရခိုင်မှလူငယ်တစ်ဦးတို့ကို ရဲတပ်ဖွဲ့က အမှုဖွင့်အရေးယူထားသည်ဟုလည်း သိရသည်။


ဆက်စပ် သတင်းများ