သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ရခိုင်ကို ပြန်ဖွင့်ပေးသည့်အင်တာနက် မြန်နှုန်းနှေး၍ အသုံးပြုရန် အဆင်မပြေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ သြဂုတ် ၂၀၂၀
  • | ကြည့်ရှုသူ: 8.8k

ခိုင်လူလှ (ရိုးမမြေ)

နိရဥ္စရာ၊ သြဂုတ် ၂/၂ဝ၂ဝ

ရခိုင်ပြည်နယ်က မြို့နယ် ခုနှစ်ခုတွင် အင်တာလိုင်းများ ပြန်လည်ဖွင့်ပေးလိုက်သော်လည်း မြန်နှုန်းမှာ အထူးနှေးကွေးနေသဖြင့် အသုံးပြုရန် အခက်အခဲဖြစ်နေသည်ဟု ဒေသခံများက ပြောသည်။ 

ဘူးသီးတောင်မြို့နယ် ဒေသခံ တစ်ဦးက “ကျွန်တော်တို့ သုံးနေတဲ့ တယ်လီနော့၊ အမ်းပီတီတို့က မရသေးဘူး။ Mytel ကတော့ နည်းနည်းရတယ်လို့ ပြောပါတယ်။ အများစုလိုင်းတွေက အဆင်မပြေသေးပါဘူး” ဟု ပြောသည်။ 

ဘူးသီးတောင်မြို့မှ လူမှုရေးဆောင်ရွက်နေသူ ကိုဇော်ဝင်းက “ မနေ့က ညနေ ပိုင်းမှာ MPT က ဖုန်း message  တစ်ခုဝင်ပါတယ်။ သြဂုတ်လ ၁ ရက်နေ့ ည ၁ဝ နာရီကနေ အင်တာနက်အသုံးပြုလို့ ရပြီဖြစ်တဲ့အကြောင်း၊ ဒါပေမယ့် လိုင်းက သိပ်မကောင်းသေးဘူး။ 2G လောက်ဘဲ ရသေးတယ်” ဟု ပြောကြားသည်။ 

 ရသေ့တောင်မြို့ပေါ်မှ မြို့မိမြို့ဖ တစ်ဦးဖြစ်သူ ဦးမောင်လှမြင့်က “ 2G ဘဲ ရတယ်။ စာတွေဖတ်ရတာတော့ အဆင်ပြေတယ်။ ဓာတ်ပုံတွေ၊ ရုပ်သံတွေကတော့ ကြည့်လို့ မရဘူး။ ပို့လို့ မရဘူး။ 3G၊ 4G လောက်မှဘဲ အဆင်ပြေမှာပါ” ဟု ပြောကြားသည်။ 

ဆက်သွယ်ရေး ညွှန်ကြားရေးမှူး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးဆွေက ရခိုင်ပြည်နယ်မှ အင်တာနက်ပိတ်ခံထားရသည့် မြို့နယ်များတွင် အင်တာနက်ပြန်လည် အသုံးပြုနိုင်အောင် ဖွင့်ပေးထားကြောင်း၊ သို့သော်လည်း 4G မဟုတ်ကြောင်း၊ ထိုက်သင့်သည့် အင်တာနက်ကြည့်ရှု၍ ရရန် စီစဉ်ပေးထားကြောင်း မီဒီယာများသို့ ပြောကြားထားသည်။

ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက “ ကျမတို့ အခု ပိတ်ထားတဲ့ မြို့နယ်တွေမှာပေါ့နော်။ အင်တာနက်ပြန်ဖွင့်ပေးတယ်လို့ သိရပါတယ်။ ဒါပေမယ့် လိုင်းလုံးဝ မကောင်းဘူး။ သုံးလို့ မရတဲ့ အခြေအနေမှာရှိပါတယ်။ အဲဒီတော့ ဒီမြန်မာနိုင်ငံမှာ သုံးနေတဲ့ 4G ကတော့ တော်တော်လေး လိုင်းကောင်းပါတယ်။ ကျွန်မတို့ မြန်မာနိုင်ငံမှာ လူတိုင်းသုံးနေသလို ရခိုင်မှာလည်း အင်တာနက်လိုင်းဖွင့်ပေးချင်ရင်တော့ 4G လောက်ထိ ဖွင့်ပေးဖို့ လိုအပ်ပါတယ်။ အခု 2G နဲ့ ဖွင့်ပေးတာဟာ အရင်တုန်းက ပိတ်ထားတာနဲ့ သိပ်မထူးခြားဘူး။ အတူတူဘဲလို့ ပြည်သူတွေ ခံစားနေရတာကို ကျမတို့တွေ့နေရပါတယ်။ ဒီအတွက် ဖွင့်ပေးတာချင်း အတူတူ တစ်နိုင်ငံလုံး တစ်ပြေးညီဖြစ်အောင် 4G ထိ ဖွင့်ပေးဖို့ ကျွန်မအနေနဲ့ တောင်းဆိုချင်ပါတယ်” ဟု ပြောကြားသည်။ 

ဝံလက်ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း ဒါရိုက်တာ ဦးခိုင်ကောင်းစံက “ အဓိကတော့ ပိတ်ထားတာထက်စာရင် ဒီလိုဖွင့်ပေးတာကတော့ ကောင်းတဲ့ လက္ခဏာတစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် ဒါဟာလည်း ကျွန်တော်တို့ ကိုဗစ် ၁၉ ကြောင့်ရယ်၊ နောက်ပီးတော့လာမယ့် ၂ဝ၂ဝ ရွေးကောက်ပွဲ အတွက်ရယ်၊ အင်တာနက်က မရှိမဖြစ်လိုအပ်တာပေါ့နော်။ နောက်စစ်ပြေး ဒုက္ခသည်တွေ အတွက်ဆိုရင်လည်း ဒီအင်တာနက်ဖွင့်ဖို့ လိုအပ်တယ်။ အဲဒီတော့ 2G ဖွင့်တာကတော့ ဒါလည်း သဘာဝ မကျဘူးလို့ မြင်တယ်။ 2G မဟုတ်ဘဲနဲ့ ကျွန်တော်တို့ စစ်တွေ မြို့လိုဘဲ 4G ရအောင်ထိပေါ့လေ ဖွင့်ပေးဖို့ လိုအပ်တယ်။ တစ်ချို့ဒေသတွေမှာတော့ Mytel ကရတာပေါ့နော်။ Mytel တို့ထက် MPT ကတော့ လုံးစုံရသင့်တယ်လို့၊ တစ်ခြားမြို့တွေလိုဘဲ တန်းတူ ရသင့်တယ်လို့ ပြောချင်ပါတယ်” ဟု ပြောဆိုသည်။

မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က “ မင်းပြားမြို့ပေါ်တွင် အင်တာနက် ဖွင့်သည်ဟု ပြောသော်လည်း အင်တာနက်လိုင်း အဆင်မပြေ ဖြစ်နေသေးကြောင်း ပြောကြားသည်။

“ ဖွင့်တယ်လို့ ပြောတာ။ မိုင်တယ်လ်နဲ့ အော်ရီဒူး အဝိုင်းလည်နေတာလောက်ဘဲ။ အရင်ကလည်း ဒီအတိုင်းဘဲ။ MPT နဲ့ တယ်လီနော့ အခုထိ ဘာမှ မရသေးဘူး။ အင်တာနက်လိုင်းဖွင့်တယ်လို့ နာမည်ပါ။ ဘာမှ မရသေးဘူး” ဟု ဦးလှသိန်းအောင်က ပြောဆိုသည်။ 

အလားတူ ကျောက်တော်၊ မြောက်ဦးနှင့် မြေပုံမြို့နယ်များတွင်လည်း အင်တာနက်လိုင်းများ နှေးကွေးနေသည်ဟု ဒေသခံများက ပြောဆိုသည်။ 

ကျောက်တော်မြို့မှ ဦးမောင်ကျော်သာက “ အင်တာနက်ဖွင့်တယ်လို့ ပြောပေမယ့် အဆင်မပြေပါ။ E လို့ အတုံးလေး တစ်လုံးဘဲတက်တယ်။ ဖွင့်လို့ အဆင်မပြေပါ။ လုံးဝ ဖွင့်လို့ မရပါ။ ဖွင့်တယ်လို့နာမည်ပါ။ ဘယ်လိုင်းမှ အဆင်မပြေပါ” ဟု ပြောကြားသည်။

တယ်လီနော့မှ ယနေ့ထုတ်ပြန်ချက်တွင် မြန်မာပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနမှ ရခိုင်ပြည်နယ်မှ မြို့နယ် ၈ ခုနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် အင်တာနက် 3G နှင့် 4G ကို ဆက်လက်ပိတ်ထားရန်နှင့် 2G ကို ဖွင့်ပေးရန် တယ်လီနော့ အပါအဝင် မြန်မာနိုင်ငံမှ ဝန်ဆောင်မှုပေးနေသော တယ်လီဖုန်းအော်ပရေတာများကို ညွှန်ကြား ထားသည်ဟု ဖော်ပြ ထားသည်။ ၎င်းပြင် အင်တာနက် 3G နှင့် 4G ကို ဝန်ဆောင်မှုကို သြဂုတ်လ ၁ ရက်နေ့မှ ရပ်တန့်ထားရန်နှင့် အကြမ်းဖက်လုပ်ရပ်များကို တားဆီးရန် အောက်တိုဘာ ၃ဝ ရက်နေ့ထိ ပိတ်ထားရန် ညွှန်ကြားထားကြောင်း ဖော်ပြထားသည်။ 

ရခိုင်ပြည်နယ်မှ မြို့နယ် ၈ ခုနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် အင်တာနက်လိုင်းများကို ၂ဝ၁၉ ခုနှစ် ဇွန်လ ၂၁ ရက်နေ့က ပိတ်ထားခဲ့သည်။ 


ဆက်စပ် သတင်းများ