စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

ရခိုင်အင်တာနက်ဖြတ်တောက်မှုအပေါ်နိုင်ငံရေးသုံးသပ်သူ ဦးမောင်မောင်စိုး၊ NLD ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေတို့၏ အမြင်သဘောထားများ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ ဖေဖော်ဝါရီ ၂၀၂၀
  • | ကြည့်ရှုသူ: 6.1k

သန့်မြတ်ခိုင်
စစ်တွေ၊ ဖေဖော်ဝါရီ ၂၃/၂ဝ၂ဝ

နှစ်ဘက်လက်နက်ကိုင်ပဋိပက္ခကြောင့် ရခိုင်ပြည်နယ်မှ မြို့နယ် ၈ ခုနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် အင်တာနက် ဖြတ်တောက်ထားမှုအပေါ် လူ့အခွင့်အရေးဆုံးရှုံးမှု တစ်ခုအဖြစ် ရှုမြင်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက ပြောဆိုလိုက်သည်။

ရခိုင်ပြည်နယ်အပါအဝင် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် အင်တာနက်လိုင်း ဖြတ်တောက် ထားခြင်းသည် စစ်ရေးလိုအပ်ချက် အရ အကျိုးရှိသည့်အတွက်ကြောင့် ဖြတ်ထောက် ထားခြင်း ဖြစ်သည်ဟု ယနေ့ နေပြည်တော် တပ်မတော်စစ်သမိုင်းပြတိုက်တွင် ပြုလုပ်သည့် တပ်မတော် သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများသို့ ပြောဆိုသွားသည့် အပေါ် အမြင် သဘောထားကို မေးမြန်းရာတွင် ဦးမောင်မောင်စိုးက ထိုသို့ ပြောကြားသွားခြင်း ဖြစ်သည်။

“ယေဘူယအားဖြင့်တော့ အင်တာနက်လိုင်းတွေ ဖြတ်တောက်တာ တစ်အချက်ကတော့ လူ့အခွင့်အရေး ဆုံးရှုံးတာပေါ့နော်။ ကျနော်တို့ ပုံမှန်ရနေကျ ဒီအင်တာနက်လိုင်း ဖွင့်တာကို ပိတ်တာဟာ ကျနော်တို့ နိုင်ငံသားတွေရနေတဲ့ လူ့အခွင့်အရေး ဆုံးရှုံးတာဖြစ်ပါတယ်။ နှစ်အချက် ကတော့ အင်တာနက်လိုင်း ဖြတ်တောက်ထားတဲ့အချိန်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပေါ်ပေါက်လာနိုင်တာရှိတဲ့အတွက်ကြောင့် ဒါကသတိထားရမှာဖြစ်ပါတယ်” ဟု ၄င်းကပြောသည်။

၎င်းပြင် တပ်မတော်က ရခိုင်မှ မြို့နယ် အချို့တွင် အင်တာနက်ဖြတ်တောက်ရခြင်းနှင့် ပတ်သက်ပြီး ရှင်းလင်းချက်နှင့် ပတ်သက်ပြီးလည်း သူ့သဘောထားကို ယခုလို ပြောဆိုသည်။

“တပ်မတော်ဘက်က ရှင်းလင်းတာကတော့ စစ်ရေးအရ အကျိုးရှိတဲ့အတွက်ကြောင့် ဖြတ်တောက် ထားတာဖြစ်တယ်။ ဘယ်လိုအကျိုးရှိတယ်ဆိုတာကိုတော့ စစ်ရေး လျှို့ဝှက်ချက်အရ မပြော နိုင်ဘူးလို့ ဆိုပါတယ်။ အဲဒီတော့ ရခိုင်မှာစစ်ပွဲတွေ ပြင်းထန်နေရင်တော့ ဒီပြဿနာ နှစ်ဘက် ကြားမှာ ဖြေရှင်းရခက်ခဲတဲ့ ပြဿနာအဖြစ်နဲ့ ရှိနေအုံးမယ်” ဟု  ဦးမောင်မောင်စိုးက သုံးသပ် ပြောဆိုသည်။

လူ့အခွင့်အရေး ချိုးဖောက်ခံရခြင်းမှာ သတင်းအမှောင်ချခြင်းများ၊ သတင်းလွတ်လပ်ခွင့်များလည်း ပါဝင်ကြောင်း၊ အင်တာနက်လိုင်း ဖြတ်တောက်ထားလျင် ယခုကဲ့သို့အခြေအနေမျိုးက ရှောင်လွဲလို့ ရမည် မဟုတ်ကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက ဆက်လက် ပြောဆိုသည်။

လက်နက်ကိုင်ပဋိပက္ခဖြစ်သည့်နယ်မြေတွင် လုံခြုံရေးအရ အင်တာနက်လိုင်းများပိတ်ခြင်းဆိုလျင် လုံခြုံရေးပြန်လည်ကောင်းမွန် လာလျင် အမြန်ဆုံးပြန်လည် ဖွင့်ပေးစေချင်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဗဟိုမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောသည်။

“ကျနော်တို့ကတော့ အခြေခံလူ့အခွင့်အရေးတွေကို လေးစားပါတယ်။ ဒါပေမဲ့ လက်နက်ကိုင် ပဋိပက္ခ ဖြစ်တဲ့နယ်မြေတွေမှာဆိုရင် လူ့အခွင့်အရေးတွေအရ အချိန်ကာလ အကန့်အသတ် အားဖြင့် ကန့်သတ်ခံရတာရှိပါတယ်။ ဒါကတော့ သဘာဝပါဘဲ။ အဲတော့ လက်နက်ကိုင် ပဋိပက္ခတွေရှိတဲ့နယ်မြေမှာ လုံခြုံရေး အကြောင်းပြချက်ကြောင့် လုပ်ထားတယ်ဆိုရင်တော့ ကျနော်တို့လုံခြုံရေး ပြန်ကောင်းလာတာနဲ့အမျှ အမြန်ဆုံးပြန်လည် ဖွင့်ပေးစေချင်ပါတယ်”ဟု ဒေါက်တာမျိုးညွန့်က ပြောသည်။

အင်တာနက်ဖြတ်တောက်ခံရမှုကြောင့် အမြန်ဆုံးပြန်လည်ဖွင့်ပေးရန် ဆန္ဒဖော်ထုတ်ပွဲကို ဖေဖော်ဝါရီ ၂၂ ရက်နေ့က ရခိုင်ပြည်နယ် မြို့နယ်သုံးခုဖြစ်သည့် စစ်တွေ၊ တောင်ကုတ်နှင့် ကျောက်ဖြူတို့တွင် ရခိုင်ပြည်နယ်ရှိ ကျောင်းသား သမဂ္ဂျများက ဦးဆောင်ပြီး တပြိုင်နက်တည်း ပြုလုပ်ခဲ့ကြသည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေက “  ဒီ ကျောင်းသားလူငယ်များ ဦးဆောင်ပြီး အင်တာနက်ဖြတ်တောက်မှုနဲ့ ပတ်သက်ပြီးတော့ ကန့်ကွက်တယ်။ ဒါတွေကို တောင်းဆိုကြတဲ့ အပေါ်မှာ ကျမအနေနဲ့ကတော့ ဒါကို ကြိုဆိုပါတယ်။ ဘာဖြစ်လို့လဲ ဆိုလို့ရှိရင် အင်တာနက် ဆိုတာနေပြီးတော့ တကယ့် ဒီမိုကရေစီ နိုင်ငံမှာ အခြေခံလိ်ုအပ်ချက် တစ်ခု မဖြစ်မနေ အစိုးရအနေနဲ့ ဒီ ဝန်ဆောင်မှုပေးရမယ့် လုပ်ငန်းထဲမှာ ပါ ပါတယ်။ ဒီပေးပြီးသား နောက်တစ်ခုကနေပြီး ကျမတို့ ရရှိပြီးသား အင်တာနက်ကို ဒီ အကြောင်းအမျိုးမျိုးပြပြီးတော့ ဖြတ်တောက်ထားခြင်းသည် ဒါက ဘယ်လိုမှ ဒီမိုကရစ်တစ် အစိုးရရဲ့ စံချိန်စံညွန်းနဲ့ မကိုက်သလို လူမှုစီးပွား ဒုက္ခတွေကို အများကြီး ဖြစ်ပေါ်စေပါတယ်။ ဥပမာ အားဖြင့်ဆိုလို့ ရှိရင် ကျမတို့ ဒီ စျေးရောင်းတဲ့ လူတွေအနေနဲ့ နေပြီးတော့ မနက်စျေးတွေကို ကျမတို့ မသိနိုင်ပါဘူး။ ရောင်းစျေး၊ ဝယ်စျေးကို သိဖို့ ခက်ပါမယ်။ နောက်တစ်ခုက ပညာရေး အနေနဲ့လည်း ဒီအတိုင်းပါ။ အဓိက ကတော့ ဒီ ကျမတို ဒီမြန်မာ့ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်ကြားဖြစ်ပွားနေတဲ့ ကျမတို့ ပြည်တွင်း စစ်ကြားမှာ အပြစ်မဲ့ပြည်သူတွေရဲ့ ဒုက္ခတွေ၊ နောက်တစ်ခုက နစ်နာချက်တွေ၊ နောက်တစ်ခုက သူတို့ရဲ့ နေင်္ပြီးတော့ ဒီ နေ့စဉ်ဘဝတွေကို နေပြီးတော့ ဒါလူမှုကွန်ရက်ပေါ်ကို၊ မီဒီယာပေါ်ကို ရောက်လာမယ့် အခက်အခဲ ဖြစ်ပါတယ်။ ဒီအခက်အခဲတွေကို နေပြီးတော့ ဒါ အစိုးရ ဆောင်ရွက်မှု အပေါ်မှာ ကျမတို့ အနေနဲ့ ဒါကို ရှုတ်ချတယ်။ ဒီအပေါ်မှာလည်း ကျမတို့ နေပြီးတော့ ကျမတို့ ကိုယ်တိုင်၊ လွှတ်တော်ကိုယ်စားလှယ်များ ကိုယ်တိုင် ဒါလွှတ်တော်မှာ တောင်းဆိုတယ်။ ဒီ မေးခွန်းတွေကို သူတို့ လက်မခံဘူး။ ပယ်ချတယ်။ ဒါကြောင့်မို့ ကျမတို့ ကိုယ်တိုင်နေပြီးတော့ ဒါကို လမ်းပေါ်ထွက်ပြီးတော့ ဆန္ဒပြတဲ့ အခြေအနေအထိ ရောက်နေပါတယ်။ ဒါပေမဲ့ ဒါကို အစိုးရက အခုအချိန်ထိ လျစ်လျူရှုထားတဲ့ အပေါ်မှာတော့ ကျမတို့ အင်မတန်မှ ဒါကိုနေပြီးတော့ စိတ်မကောင်းဖြစ်မိသလို၊ အစိုးရရဲ့ လုပ်ဆောင်မှုတွေကိုလည်း ကျမတို့ ဒီအင်တာနက် ဖြတ်တောက်မှုနဲ့ ပတ်သက်ပြီးတော့ ကျမတို့ ရှုတ်ချ ကန့်ကွက်ပါတယ်” ဟု ပြောဆိုသည်။

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် အင်တာနက် ဖြတ်တောက်ထားမှုနှင့် ပတ်သက်ပြီး ရခိုင်၊ ချင်း၊ ကချင်၊ ရှမ်း ပြည်နယ်တို့မှ အရပ်ဘက် လူမှု အဖွဲ့စည်း ၁ဝ၅ ဖွဲ့က ပြည်လည်ဖွင့်ပေးရန် ဖေဖော်ဝါရီ ၁၇ ရက်နေ့က ကြေညာချက်ထုတ် တောင်းဆိုခဲ့သလို  ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ချုပ်၊ ရခိုင်ပြည်ကျောင်းသားသမဂ္ဂနှင့် ရက္ခိုင်ကျောင်းသားများ သမဂ္ဂ (တက္ကသိုလ်များ-ရန်ကုန်)တို့ကလည်း ဖေဖော်ဝါရီ ၁၅ ရက်နေ့က ပူးပေါင်း ကြေညာချက် တစ်စောင်ကို ထုတ်ပြန် တောင်းဆိုထားသည်။

----------------------------

Unicode:
















ဆက်စပ် သတင်းများ