သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

အင်တာနက်ပိတ်ပြီးနောက် ရခိုင်တွင်တိုက်ပွဲ၂ဆတိုးလာကြောင်း အိတ်ဖွင့်ပေးစာတွင်ဖော်ပြ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ ဇွန် ၂၀၂၀
  • | ကြည့်ရှုသူ: 9.6k

ထွန်းခိုင် (တောင်ရင်းကျွန်း)၊ ဆောင်းဇာခြည်၊

နိရဥ္စရာ၊ ဇွန် ၂၁ / ၂ဝ၂ဝ

ရခိုင်ပြည်နယ် မြို့နယ် ၇ မြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် အင်တာနက် ပိတ်ပြီးနောက် တိုက်ပွဲဖြစ်ပွားမှုမှာ ၂ ဆ တိုးလာသည်ဟု ရခိုင်နိုင်ငံရေးပါတီများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် မီဒီယာများမှ နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ထံသို့ ဇွန်လ ၁၉ ရက်နေ့က ပေးပို့သော အိတ်ဖွင့်ပေးစာတွင် ဖော်ပြထားသည်။ 

အင်တာနက် မပိတ်မီ ၂ဝ၁၈ ခုနှစ် ဇွန်လမှ ၂ဝ၁၉ ခုနှစ် မေလအထိ (၁၂) လအတွင်း တိုက်ပွဲ (၁၂၉)ကြိမ် ဖြစ်ပွားခဲ့သော်လည်း အင်တာနက်ပိတ်ပြီးနောက် ၂ဝ၁၉ ခုနှစ် ဇွန်လမှ ၂ဝ၂ဝ မေလအထိ (၁၂) လအတွင်း  ထိတွေ့တိုက်ခိုက်မှု အကြိမ်အရေအတွက် (၂၇၃) ကြိမ် ဖြစ်ပွားခဲ့ပြီး ၂ ဆတိုးလာသည်ဟု ၎င်းတို့၏ အိတ်ဖွင့်ပေးစာတွင် ဖော်ပြသည်။ 

၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလမှ ၂ဝ၁၉ ဒီဇင်ဘာလ အထိ (၁၃) လတာ ကာလတွင် အရပ်သားထိခိုက် ဒဏ်ရာရမှု (၁၉၉) ဦး၊ သေဆုံး ၁ဝ၁ ဦးရှိပြီး ၂ဝ၂ဝ ခုနှစ်ဦး ဇန်နဝါရီလမှ မေလအထိ (၅)လ အတွင်းတွင် အရပ်သား ထိခိုက်ဒဏ်ရာရမှု (၃၄၄) ဦး၊ သေဆုံးသူ (၁၅၁)ဦး ရှိလာသဖြင့် အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှုနှင့် သေဆုံးမှုမှာ ပိုမိုများပြားလာလျှက်ရှိကြောင်း အိတ်ဖွင့်စာတွင် ဖော်ပြထားသည်။

ထို့ကြောင့် အင်တာနက်ဖြတ်တောက်ခြင်းဖြင့် စစ်ရေးဆိုင်ရာ ကိစ္စရပ်များကို လျှော့ချရန် အထောက်အပံ့ မဖြစ်စေသည့် အပြင် ဒေသတည်ငြိမ်အေးချမ်းရေး၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်ရေးဆိုသည့် မူလ ရည်ရွယ်ချက်အတွက် ထိရောက်သင့်တော်သည့် နည်းလမ်းများမဖြစ်စေဘဲ ပြည်သူလထုအတွက် ဆန့်ကျင်ဘက် ဆိုးကျိုးများကိုသာ သက်ရောက်စေသည်ဟု ဖော်ပြထားသည်။ 

အင်တာနက်ဖွင့်လှစ်ဖွင့်လှစ် ပေးခြင်းသည်သာ ပြည်သူလူထုနှင့် နိုင်ငံသားများ၏အသက်အိုးအိမ်စည်းစိမ်နှင့်  အကျိုးစီးပွားကို ကာကွယ်ရာရောက်လိမ့်မည် ဖြစ်ကြောင်း ဖော်ပြထားသည်။ 

နိုင်ငံတော် သမ္မတနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂျိုလ်ထံ အိတ်ဖွင့်စာပေးပို့သည့် ရခိုင်အဖွဲ့အစည်းများမှာ နိုင်ငံရေးပါတီ ၃ ပါတီ၊ အရပ်ဘက် လူမှုအဖွဲ့အစည်း ၆၄ ဖွဲ့၊ နိုင်ငံတကာ ရခိုင်လူမှုအဖွဲ့အစည်း ၇ ဖွဲ့၊ သတင်းဌာန ၃ ဖွဲ့နှင့် တစ်သီးပုဂ္ဂလ တစ်ဦးတို့ ဖြစ်ကြသည်။ 

အိတ်ဖွင့်ပေးစာ ပေးပို့ရာတွင် ဦးဆောင်ပါဝင်သူ အမ်းနှင့်မြေပုံ မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေက “အင်တာနက်ပိတ်ထားခြင်းဟာ အစိုးရရဲ့ စီမံဆောင်ရွက်မှု၊ အစိုးရရဲ့ သတင်းဖြန့်ဝေမှု လွှဲမှားတဲ့ မူဝါဒတစ်ရပ် ဖြစ်ပါတယ်။ ပြည်သူ့အကျိုးကို ဆောင်ရွက်ချင်တယ် ဆိုလိုရှိရင် ပြည်သူ့တွေက ဘယ်လိုမျိုး ဒုက္ခ ရောက်နေလည်း ဆိုတာကို သုံးသပ် သင့်တယ်။ အများသူငှာ အကျိုးကို ထိခိုက်တယ်ဆိုတာမျိုးက ဘယ်လိုမျိုး သုတေသနလုပ်ထားလို့လဲ။ အများပြည်သူအကျိုးကို ထိခိုက်တယ်ဆိုတာက သက်ဆိုင်ရာဌာနကို ကျမတို့ မေးခွန်းထုတ်ရမှာ ဖြစ်တယ်။ အင်တာနက်ပိတ်ထားခြင်းကြောင့် လူဘယ်နှယောက်က ကောင်းကျိုး ဖြစ်သွားလဲ။ တိုက်ပွဲ အရေအတွက်က ဘယ်လောက်လျော့ကျသွားလဲ။ ပညာရေး ဘယ်လောက် ကောင်းသွားလဲ။ စီးပွားရေးတွေက ဘယ်လောက် ကောင်းသွားလဲ။ အဲဒါတွေက ဂဃနဏ နေပြီတော့ သုတေသနနဲ့ဖြစ်စေ၊ပြည်သူများကို စစ်တမ်းကောက်လို့ ဖြစ်စေ မပြောနိုင်ဘဲနဲ့ အများသူငှာ အကျိုးလို့ ပြောနေတာဟာ လူကြားကောင်းအောင် ပြောတာဘဲဖြစ်တယ်။ အစိုးရကနေပြီးတော့ ရခိုင်ပြည်နယ် အခြေအနေကို ပြောင်းပြန်ပြောနေတာဖြစ်တယ်။ အင်တာနက် ဖြတ်တောက် ခြင်းဟာ စစ်ပွဲတွေကို လျော့ချဖို့အတွက် အဖြေကောင်းတော့ မဟုတ်ဘူး။ အင်တာနက်ကို ချက်ချင်းပြန်ဖွင့်ပေးဖို့ ရခိုင်ပြည်သူ တစ်ယောက်အနေနဲ့ရော ဒီမိုကရေစီကိုလိုလားတဲ့ နိုင်ငံသား တစ်ယောက် အနေနဲ့ရော ပြည်သူ့ကိုစား တောင်းဆိုချင်တယ်။” ဟု ပြောသည်။ 

ရခိုင်မျိုးဆက်သစ်ကွန်ယက်မှ ကိုမင်းဗာချေ (ခ) ကိုသန်းလှက “ကျနော်တို့ ရခိုင်ပြည်မြို့နယ်အချို့နဲ့၊ ပလက်ဝ ဒေသမှာ ပြည်ထောင်စုအစိုးရကနေပြီး အင်တာနက်ဖြတ်တောက်ထားဟာ တစ်နှစ်ပြည့်သွားပြီ ဖြစ်တယ်။ အင်တာနက်ဖြတ်တောက်ခြင်းအားဖြင့် အဲဒီဒေသက ပြည်သူတွေအတွက် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ တစ်ခြား ဆက်သွယ်ရေးစနစ်တွေဟာလည်း တအားကို အခက်အခဲကြုံနေရတယ်။ ဆိုတော့ လက်ရှိ ဖြစ်ပေါ်နေတဲ့ covid ကိစ္စနှင့် ပတ်သက်လို့လည်း အချိန်နှင့် တပြေးညီ သတင်းအချက်အလက်တွေကို မရရှိကြဘူး။ အဲလိုမျိုး လုပ်ရပ်တွေအပေါ်မှာ အင်တာနက်ပြန်ဖွင့်ဖို့လိုအပ်တယ်ဆိုတာကို အစိုးရကို ကျနော်တို့ တောင်းဆိုတာဖြစ်တယ်။ အိတ်ဖွင့်ပေးစာတွေလည်း ပေးတယ်။ တစ်ခြားနည်းလမ်းတွေ အများကြီးနဲ့လည်း ကျနော်တို့ တောင်းဆိုခဲ့တယ်” ဟု ပြောသည်။ 

ဝံလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေရှင်း ဒါရိုက်တာ ဦးခိုင်ကောင်းစံက “အင်တာနက် ပိတ်တဲ့အခါ အစိုးရရဲ့ ပြောဆိုမှုက သတင်းနဲ့ဆိုင်တယ်။ အင်တာနက်နဲ့ ဆိုင်တယ်။ ဆက်သွယ်ရေးနဲ့ ဆိုင်တယ်။ ဆက်သွယ်ရေး ဝန်ကြီးဌာနက တာဝန်ရှိလူရဲ့ ပြောဆိုမှုကတော့ အများပြည်သူရဲ့ လုံခြုံမှုကို မထိခိုက်တဲ့အခါ အင်တာနက် ပြန်ဖွင့်ပေးဖို့ ပြောထားတယ်ပေါ့နော်။ သို့သော် ဒီနေ့ထိ အင်တာနက် ပိတ်လာတာဟာ တစ်နှစ်ပြည့်လာပြီ။ အင်တာနက်ပိတ်တဲ့အတွက် အများပြည်သူကို ထိခိုက်မှု၊ စိုးရိမ်မှု ပိုပြီး များလာရတယ်။ နောက်တစ်ခုက အင်တာနက် ပိတ်တာဟာ လူ့အခွင့်ရေးကို ပိုပြီး လွတ်လွတ်လပ်လပ် ချိုးဖောက်ဖို့အတွက် အစိုးရအနေနဲ့ အင်တာနက်ပိတ်တာလို့ မေးခွန်းတောင် ထုတ်ချင်တယ်။ အင်တာနက် ပိတ်ဆို့ထားတဲ့အတွက် လက်ရှိ ကြုံတွေ့နေရတာက ဒေသတည်ငြိမ်မှု မရှိတာကို တွေ့ရတယ်။ နောက်ပြီး စစ်ပွဲတွေ၊ အပြစ်မဲ့ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာတွေ အများကြီးကြုံတွေ့လာရတယ်။ အထူးသဖြင့် စစ်ဘေးရှောင် နှစ်သိန်းလောက်က သတင်းအချက်အလက် ပိတ်ထားတာ ခံထားရတယ်။ သတင်းအချက်လက် ရယူခြင်းကို ပိတ်ထားတာက လူ့အခွင့်ရေး ချိုးဖောက်တာ ဖြစ်တယ်။ အင်တာနက်ပိတ်ထားတာ ရခိုင်က မြို့နယ်တွေကို ပိတ်ထားတာက ရခိုင်ဒေသကို ခွဲခြားဆက်ဆံတာလို့ မြင်ပါတယ်။”

ရခိုင်ရှေ့ဆောင်အမျိုးသမီးအဖွဲ့ (ဥက္ကဋ္ဌ) စောစံငြိမ်းသူက “အင်တာနက် ဖြတ်ပြီးတဲ့နောက်မှာဆိုရင်လည်း တိုက်ပွဲတွေက ပိုပြီး ပြင်းပြင်းထန်ထန် ဖြစ်ပေါ်လာပြီးတော့ တပြိုင်နက်တည်းမှာ လူ့အခွင့်ရေးချိုးဖောက်မှုတွေ ပိုပြီး များပြားလာတဲ့အတွက် အဲဒီအချက်အလက်တွေကို မှန်မှန်ကန်ကန်နဲ့ အချိန်နဲ့တပြေးညီရနိုင်ဖို့အတွက် သတင်းဌာနတွေအတွက်လည်း အများကြီး အခက်အခဲ ဖြစ်ပေါ်လာတယ်။ တကယ့်မြေပြင်မှာ ဖြစ်နေတဲ့ အချက်အလက်တွေကို ပုံမှန်ရယူနိုင်ခြင်းမရှိတဲ့အတွက် လူ့အခွင့်ရေးချိုးဖောက်မှုအခြေနေ ဘယ်လောက်အတိုင်းအတာအထိ ဆိုးရွားနေလဲဆိုတာကို အများ ပြည်သူ သိအောင် မချပြနိုင်တဲ့ အနေအထားတွေကလည်း တကယ့်စစ်ပွဲဒေသအတွင်းမှာ ခံစားနေရတဲ့ ပြည်သူတွေ အတွက် စိုးရိမ်ဖွယ် ဖြစ်လာတယ်။ ကျွန်မတို့ဖက်ကတော့ အင်တာနက်ဖြတ်တောက်မှုကြောင့် အပြစ်မဲ့ ပြည်သူတွေ ဘယ်လောက်အထိ ထိခိုက်ခံစားရစေလဲဆို၊ အပြစ်မဲ့ပြည်သူတွေအတွက် လူ့အခွင့်အရေး ချိုးဖောက်မှုကို ဘယ်လောက်ထိ ဖြစ်နေလဲဆိုပြီး ကျွန်မတို့ အိတ်ဖွင့်ပေးစာပေးထားတဲ့အထဲမှာ အပြည့်အစုံ ထည့်ရေးထားတယ်။ အင်တာနက်ဖြတ်တောက်မှု ဆိုးကျိုးတွေကို ထောက်ပြထားတယ်။ ဒီအင်တာနက် ဖြတ်တောက်မှုက တိုက်ပွဲဒေသကို ပိုမိုဆိုးဝါးလာတယ်ဆိုတာဖော်ပြထားတယ်။ အဲဒီအပေါ်မှာတော့ အစိုးရ ဖက်က အလေးထားဆောင်ရွက်စေချင်တယ်။ မြန်မာနိုင်ငံ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ဝန်ကြီးဌာန ကနေ ဒေသတည်ငြိမ်ဖို့အတွက်ဆိုပြီးတော့အကြောင်းပြပြီး အင်တာနက် ဖြတ်တောက်ထားတယ်။ အဲဒါဟာ လက်တွေ့ မကျဘူးဆိုပြီး ကျွန်မတို့ထောက်ပြထားတယ်။ အဲဒါကို အစိုးရက အလေးထား ဆောင်ရွက် စေချင်တယ်။”


ဆက်စပ် သတင်းများ