ကြာသပတေး၊ ဧပြီလ ၁၈ရက်၊ ၂၀၂၄

အင်တာနက်ဖွင့်ပေးဖို့တောင်းဆိုတဲ့ ရမ်းဗြဲလူငယ်ကွန်ရက်မှ ကိုမျိုးမင်းထွန်း ငြိမ်းစုစီပုဒ်မဖြင့်အမှုဖွင့်ခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ ဇွန် ၂၀၂၀
  • | ကြည့်ရှုသူ: 4.4k

ဆောင်းဇာခြည်

နိရဥ္စရာ၊ ဇွန် ၂၂/ ၂ဝ၂ဝ

အင်တာနက်ပိတ်ထားမှု တစ်နှစ်ပြည့်နေ့တွင် အင်တာနက်ပြန်ဖွင့်ပေးရေးလူပ်ရှားတောင်းဆိုမှုကြောင့် ရမ်းဗြဲလူငယ်ကွန်ရက်မှ ချိတ်ဆက်ရေးတာဝန်ခံ ကိုမျိုးမင်းထွန်းကို ရဲတပ်ဖွဲ့က  ငြိမ်းစုစီပုဒ်မ (၁၉) ဖြင့် အမှုဖွင့်လိုက်သည်ဟု သတင်းရရှိသည်။

ကိုမျိုးမင်းထွန်းက “မြို့အဝင်မှာ ကျွန်တော်တို့ ကွန်ရက်က လူငယ်တွေနဲ့ အင်တာနက် ပိတ်ထားတာ တစ်နှစ်လည်း ပြည့်ပြီဖြစ်တဲ့အတွက် အဲဒါကို ဗီနိုင်းတွေ၊ ဆိုင်းဘုတ်တွေမှာ စာရေးပြီး ဓါတ်ပုံရိုက်တယ်။ ပြီးတော့ ဒီ ရမ်းဗြဲလူငယ်ကွန်ရက်ပေ့ချ်မှာ တင်တယ်။ ကျွန်တော့် ဖေ့စ်ဘုတ်အကောင့်မှာလည်း တင်လိုက်တယ်။ အဲဒါကို သူတို့ကို အသိမပေးဘဲ လုပ်တယ်ဆိုပြီး ရမ်းဗြဲရဲမြို့နယ်မှူးဇော်ဝင်းက မနေ့က အမှုဖွင့်တာပါ” ဟု နိရဥ္စရာသို့ ပြောသည်။

ယမန်နေ့ ဇွန်လ ၂၁ ရက်နေ့ ညနေ ၄ နာရီက ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့အဝင်ဝ၌ ရခိုင်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် အင်တာနက်ပိတ်ဆို့ထားမှု တစ်နှစ်ပြည့်၍ ပြန်ဖွင့်ပေးရေး ရမ်းဗြဲလူငယ်ကွန်ရက်မှ လူငယ် အချို့မှ လှုပ်ရှားတစ်ခု ပြုလုပ်ပြီးတောင်းဆိုခဲ့သည်။ 

“ကျွန်တော်က ချိတ်ဆက်ရေးတာဝန်ခံဆိုတော့ ဒီရခိုင်မှာ ၁၇ မြို့နယ်လုံးက ကွန်ရက်တွေမှာ ချိတ်ဆက်ပြီး လုပ်ကြတာပေါ့နော်။ အဲဒီထဲကမှ ကျွန်တော်က အမှုဖွင့်ခံရတာပေါ့။ ရုံးချိန်းက ဇွန်လ ၂၃ရက်လား၊ ၂၄ ရက်နေ့လားတော့ မသိရသေးပါဘူး” ဟု ၎င်းက ပြောသည်။  

ရခိုင်ပြည်နယ်မှ မြို့နယ် (၇) မြို့နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် အင်တာနက် ပိတ်ထားသည်မှာ ယမန်နေ့ ဇွန်လ ၂၁ ရက်နေ့က တစ်နှစ်ပြည့်သွားခဲ့ပြီ ဖြစ်ပြီး  ယင်းအင်တာနက် ပိတ်ထားမှုကို ပြန်လည် ဖွင့်ပေးရန် ရန်ကုန်၊ စစ်တွေ အပါအဝင် မြို့အတော်များများတွင် အရပ်ဖက် အဖွဲ့အစည်း အများအပြားနှင့် လူမူရေး တက်ကြွလှုပ်ရှားသူများက ဗီနိုင်းများ၊ ဆိုင်းဘုတ်များဖြင့် ဓါတ်ပုံများ ရိုက်ကာ လူမှုကွန်ရက် စာမျက်နှာများ၌ တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြသည်။

“ အခုလို အင်တာနက်ပိတ်ထားတာကို ပြန်ဖွင့်ပေးချင်ပါတယ်။ အခုလို ပိတ်ထားတဲ့အတွက် ရခိုင်မှာ လူမှုရေး၊ ပညာရေး၊ ကျန်းမောရးအစ အကုန်လုံးကို နစ်နာစေပါတယ်” ဟု ကိုမျိုးမင်းထွန်းက ပြောသည်။

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် ပြီးခဲ့သည့် ၂ဝ၁၉ ခုနှစ် ဇွန်လ ၂၁ ရက်နေ့က အင်တာနက် ပိတ်ထားခဲ့ခြင်းဖြစ်သည်။


ဆက်စပ် သတင်းများ