ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

စစ်တွေတွင် အမျိုးသမီး ၄ ဦး၌ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိပြီးနောက် ထွက်ပေါ်လာသော အမြင်သဘောထားများ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ သြဂုတ် ၂၀၂၀
  • | ကြည့်ရှုသူ: 5k

မေးမြန်းတင်ပြသူ- ဆောင်းဇာခြည်

နိရဥ္စရာသတင်းဌာန၊ သြဂုတ် ၁၉/၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌ အမျိုးသမီး ၃ ဦးတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးရှိသူ ထပ်မံတွေ့ရှိကြောင်း ယနေ့သြဂုတ် ၁၉ ရက် နံနက် ၈ နာရီက ကျန်းမားရေးနှင့် အားကစားဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ပါသည်။ အလားတူ သြဂုတ် ၁၆ ရက်နေ့ကလည်း အမျိုးသမီးတစ်ဦးတွင် တွေ့ရှိခဲ့ပါသည်။ ထိုသို့တွေ့ရှိသဖြင့် စစ်တွေမြို့လူထု အတွင်း စိုးရိမ်မှုများလည်း တိုးပွားနေကြောင်း သိရှိပါသည်။ အဆိုပါ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးတွေ့ရှိမှုနှင့်ပတ်သက်ပြီး လွှတ်တော် ဥက္ကဋ္ဌ အပါအဝင် အများပြည်သူများ၏ သဘောထားကို သိရှိလိုသဖြင့် နိရဥ္စရာမှ မေးမြန်းပြီး တင်ပြပေးလိုက်ပါသည်။ 

(ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှ) 

အစိုးရက သူ့အတိုင်းအတာနဲ့သူ လုပ်တာပဲ။ လုပ်ပေမယ့် အခုဆို စစ်တွေမှာ ပိုးတွေ့လူနာတွေဟာ တော်တော်များများ တွေ့လာရတော့ အစိုးရအနေနဲ့ ဒီထက် ပိုပြီး ဂရုစိုက်ဖို့လိုအပ်တယ်။ ဂရုစိုက်တယ် ဆိုတာမှာ လုံလောက်တယ်၊ ပိုသွားတယ်ဆိုတာတော့ မရှိဘူးပေါ့နော်။ အဲဒါကြောင့် ဒီထက်တိုးပြီး ဂရုစိုက် ဆောင်ရွက်ပေးရမယ်ပေါ့။

(စစ်တွေမြို့မိမြို့ဖ ဦးသာစိန်)

တစ်မြို့လုံးကို လော့ခ်ဒေါင်းချသင့်နေပြီလို့ မြင်ပါတယ်။ ပြီးတော့ အပြင်ကို ထွက်ရင် နားခေါင်းစည်း Mask မပါရင် ဖမ်းရမယ်ပေါ့။ အဲဒါကို သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းက အမိန့်ထုတ်သင့်ပြီလို့ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ပထမတစ်ယောက်တွေ့တုန်းက လူတွေက အရမ်းတုန်လှုပ်သွားတာ၊ အခုဆိုရင် အကုန်လုံးက နားကားသွားပြီ။ အစလည်း ရှာမရတော့ဘူး။ ဘယ်လိုလုပ်ရမလဲဆိုတာကို။ အဲဒါကြောင့် လော့ခ်ဒေါင်း ချထားသင့်တယ်။ အပြင်ထွက်တဲ့သူတွေကို Mask မပါရင်ဖမ်း။ အဲလို အမိန့်ထုတ်သင့်တယ်လို့ ကျွန်တော်မြင်တယ်။ အစိုးရက လုပ်သင့်တာ လုပ်တာကို ဘယ်သူမှ အပြစ်ပြောမှာ မဟုတ်ဘူး။ အားလုံး ကောင်းဖို့အတွက် လုပ်တာပဲလေ။ ကျွန်တော်သာ လုပ်ခွင့်ရှိတယ်ဆိုရင် လုပ်တာကြာပြီ။ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်အုပ်ချုပ်ရေးမှူးတို့က ပူးပေါင်းပြီး လော့ခ်ဒေါင်းချကိုချသင့်တယ်။ မချလို့မရဘူး။ မချရင် ဒီထက်တိုးလာရင်ရော။ အခုလက်ရှိအချိန်ထိဆိုရင်တော့ ဒီအပေါ်မှာ အစိုးရလုပ်တာကို အားမရဘူး။ အခုလောလောဆယ်က သူတို့က ဘာမှလုပ်သေးတာ မဟုတ်ဘူး။ Mask ပေးတဲ့အဆင့်ပဲ။ အဲလောက်နဲ့ မရဘူးလေ။ အပြင်ထွက်ရင်စည်းကမ်းချက်တွေနဲ့ဘာညာမှ အားရမှုရှိမှာပေါ့။ Mask မပါဘဲ မသွားရ၊ မြို့ကိုလောခ့်ဒေါင်းချ၊ အဲလိုဆိုရင် ကျွန်တော်တို့ ကျေနပ်တယ်။ နောက်တစ်ခုက သက်ဆိုင်ရာ အစိုးရအဖွဲ့ကနေပြီး ကျောင်းဖွင့်ထားတဲ့ထဲ ဘယ်နှစ်ကျောင်းဖွင့်ထားပြီလဲ၊ အဲဒီကျောင်းတွေကိုလည်း ပိတ်သင့်ရင် ပိတ်ထားရမယ်။ လူသေတာလောက် အရေးကြီးတာ ဘာမှ မရှိဘူး။

(စစ်တွေမြို့မှ လူမှုရေး လှုပ်ရှားသူ ဦးစိုးနိုင်) 

လူထုက ဘယ်လိုနေသင့်လဲဆိုတာကို အစိုးရက စနစ်တကျ ဆောင်ရွက်ပေးဖို့လိုတယ်။ အဓိက လက်တွေ့ ကျကျ ပူးပေါင်းဖြေရှင်းဖို့အတွက် အစိုးရမှာ စီစဉ်ဆောင်ရွက်နိုင်တဲ့ စွမ်းရည်ရှိရမယ်။ လောခ့်ဒေါင်း ချမယ် ဆိုရင်လည်း ဗြုန်းစားကြီးဆို လွယ်မယ်မထင်ဘူး။ ပြီးပြည့်စုံတဲ့ မြို့တစ်မြို့လည်း မဟုတ်ဘူး။ အကုန်လုံးကလည်း ပေါ့ပေါ့လျော့လျော့ နေနေကြတဲ့အချိန်မှာ အခုချက်ချင်း ပိတ်လိုက်မယ်ဆိုရင် ကိုရိုနာကူးတာ/ မကူးတာထက် ငတ်မယ့်ကိစ္စက အရင်ဖြစ်သွားမယ်။ လောခ့်ဒေါင်းချမယ်ဆိုရင်လည်း ပွင့်ပွင့်လင်းလင်းနဲ့ အချိန်ဇယားတစ်ခု သတ်မှတ်ပေးရမယ်။ ဘယ်နေ့ဘယ်ရက်မှာ ဘယ်လိုချမယ်။ အဲလိုမချခင်ကတည်းက စျေးမှာ လူတွေ အစုလိုက်အပြုံလိုက် မဖြစ်ရအောင် စီမံပေးရမယ်။ သဘောက လောခ့်ဒေါင်းချမယ်ဆိုရင် စျေးမှာ ကြိတ်ကြိတ်တိုးပြီး ဝယ်ကြတော့မှာလေ။ လောလောဆယ် အငတ်က မခံနိုင်ကြဘူးလေ။ ဆိုတော့ အဲဒီလို မဖြစ်ရအောင်ကို အစိုးရက လုပ်ပေးရမယ်။ အဓိကက လောခ့်ဒေါင်းချဖို့ အစီစဉ်ထဲမှာ ဆန်ကိုက ဘယ်ပုံစံနဲ့ဖြတ်မယ်၊ အလကားပေးတာပေးမယ်၊ ရောင်းတာရောင်းမယ်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်ကိုက ဘယ်ပုံစံမျိုးပေးသွားမယ်။ ဥပမာ အိမ်တိုင်လာရောက် ရောင်းမှာလား။ အဲလို ရောင်းတော့မယ်ဆိုရင် အဲဒီအစိုးရတစ်ခုတည်းနဲ့ မလုပ်နိုင်တော့ဘူးလေ။ ခဏကပြောသလို ဝယ်မယ်ဆိုရင်တောင် အစိုးရအနေနဲ့ ရအောင် မလုပ်ပေးနိုင်ဘူး။ လူထုအခြေပြုအဖွဲ့အစည်းတွေနဲ့ လုပ်ကို လုပ်ရမှာဖြစ်လာတယ်။ အဓိကက လူထုတမ်းတနေတာက အစိုးရတစ်ခုခု လုပ်ပြတာကို လိုချင်တယ်။ ကားနဲ့ မြို့ကိုပတ်ပြီး သီချင်းဆိုပြနေတာနဲ့ကတော့ ဘယ်လိုမှ မလုံလောက်ဘူး။ အခုက အစိုးရ ဘာလုပ်လဲဆိုတာကို ဘယ်သူမှ ဘာမှ မသိကြဘူး။ ဒီကိုဗစ်နဲ့ပတ်သက်ပြီး ရခိုင်ပြည်မှာ အစိုးရလုပ်ဆောင်ချက် တစ်ခုခု လုပ်နေတယ် ဆိုတာကို သိချင်တယ်။ အစိုးရရဲ့ လုပ်ရပ်က ပေါ့လျော့တာ မဟုတ်ဘူး။ လုံးဝကို အလေး မထားတာ။ အခုလက်ရှိအတိုင်းအတာအထိ လုံးဝကျေနပ်အားရမှု တစ်စုံတစ်ရာ နည်းနည်းလေးတောင် မရှိဘူး။ လုံးဝ ရခိုင်ပြည်သူလူထုကို ဂရုမစိုက်၊ လျစ်လျူရှုထားတာ။ အဲလိုပဲ မြင်တယ်။ အခုစစ်တွေမှာဆိုရင် စစ်တွေမြို့ နယ်ခံချည်းသတ်သတ် မဟုတ်ဘူး။ ဒီစစ်ဘေးရှောင် ငါးထောင်ကျော်လောက်က ရောက်နေတယ်။ မနေ့ကလည်း တွေ့ခဲ့တယ်။ ကယ်ဆယ်ရေးသွားပေးလို့။ မိုးရွာလို့ အဆောက်အအုံတစ်ခုတည်းရဲ့ အောက်မှာ ပတ်ပြီးနေကြရတယ်။ သူတို့မှာ ဗိုင်းရပ်စပ်ကို ထားဦး။ ထမင်းဘယ်သူလာပေးမလဲဆိုတာကို စောင့်နေကြရတဲ့ အနေအထားမျိုးဖြစ်နေတယ်။ အဲဒါကို ဘယ်လို ကုစားနိုင်မလဲ။ အားလုံးကို အစိုးရက တပြိုင်တည်း လုပ်ရမယ်လို့ မပြောဘူး။ ဘာလုပ်မလဲဆိုတာကို ပြည်သူလူထု တစ်ရပ်အနေနဲ့ သိချင်တယ်။ ဘာအစီစဉ် ရှိလဲဆိုတာကို သိချင်တယ်။ ခက်တာက အစိုးရ ဘာလုပ်နေလဲ၊ ဘာလုပ်မလဲဆိုတာကို သိပိုင်ခွင့်လည်း မရှိသလို မြင်လည်း မမြင်ဖူးတာက ခက်နေတယ်။

( မြို့မစျေး၌ ဂျာနယ်ရောင်းသူ မစိုးခိုင်)

ဒီအပေါ်မှာ အရမ်းစိုးရိမ်စိတ်ဖြစ်ပါတယ်။ ဒါက စျေးမှာဖြစ်တာဆိုတော့လေ။ စျေးမှာဖြစ်တာဆိုတော့ ကျွန်မတို့အတွက် အန္တရာယ်လည်း ပိုပြီးဖြစ်စေတယ်။ ကျွန်မတို့က စျေးမှာတစ်နေကုန် လုပ်စားနေရတာလေ။ အခုဆို စျေးမှာ လူတွေတောင် မရောက်တော့ဘူး။ Mask  လည်းမတပ်၊ လမ်းမှာကလည်း လူတွေက အများကြီး သွားနေကြတာဆိုတော့ အရမ်းအန္တရာယ်များ တယ်။ ဒါက မထင်မှတ်ဘဲ ဖြစ်လာတာလေ။ ကျွန်မကတော့ လူအများစုကို ရှောင်ရှားရမယ်။ Mask တပ်ရမယ်၊ လက်ဆေးရမယ်၊ အဲလို တစ်ကိုယ်ရည် သန့်ရှင်းမှုနဲ့ သန့်သန့်ရှင်းရှင်းနေကြရတော့မှာပေါ့။ လူအများစုဆိုတော့။ ကိုယ့်အိမ်ထဲမှာ ကိုယ်နေတာ အကောင်းဆုံးပဲလို့ ထင်တယ်။

လတ်တလော ကိုဗစ်-၁၉ လူနာ တိုးလာခြင်းအပေါ် မည်ကဲ့သို့ လုပ်ဆောင်လျှက်ရှိသည်ကို သိလို၍ နိရဥ္စရာက လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြငီး ဗိုလ်မှူးကြီး မင်းသန်း၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီး ဒေါက်တာ ချမ်းသာ၊ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးအောင်ကျော်ဇံနှင့် စည်ပင်ဝန်ကြီး ဦးဝင်းမြင့်တို့ထံ ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခဲ့ခြင်းမရှိခဲ့ပါ။


ဆက်စပ် သတင်းများ

အင်တာဗျူး
  • Web Master
  • ၂၇ ဇန်နဝါရီ ၂၀၂၄
အင်တာဗျူး
အင်တာဗျူး
  • Web Master
  • ၂၁ ဇန်နဝါရီ ၂၀၂၄
အင်တာဗျူး
အင်တာဗျူး
  • Web Master
  • ၁၇ ဇန်နဝါရီ ၂၀၂၄
အင်တာဗျူး