ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

ရက္ခိုင့်တပ်တော် (AA) ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ်မှရုပ်သိမ်းလိုက်ခြင်းအပေါ် ကြိုဆိုကြောင်း AA ပြောခွင့်ရသူ ဦးခိုင်သုခဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ မတ် ၂၀၂၁
  • | ကြည့်ရှုသူ: 5.5k

နိရဉ္စရာ၊ မတ်လ ၁၁/၂၀၂၁

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ယနေ့ မတ်လ ၁၁ ရက်နေ့စွဲဖြင့် ရက္ခိုင့်တပ်တော် (AA) ကို အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားခြင်းမှ ပြန်လည်ရုပ်သိမ်းခဲ့ပါသည်။ ၎င်းရုပ်သိမ်းချက် ထွက်ပေါ်လာပြီးနောက် ချက်ချင်းဆိုသလို ရက္ခိုင့်တပ်တော် (AA) မှ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကို နိရဉ္စရာသတင်းဌာနမှ မဆောင်းဇာခြည်နှင့်  ထွန်းခိုင် (တောင်ရင်းကျွန်း)တို့က  ဖုန်းဖြင့် ဆက်သွယ် မေးမြန်းခဲ့ပါသည်။ မေးမြန်းထားခြင်း အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

 

မေး - အကြမ်းဖက်အဖွဲ့အစည်းကနေ ပယ်ဖျက်လိုက်တဲ့အတွက် ဘာတွေ ပြောချင်လဲ။

ဖြေ - ဒီနေ့ မြန်မာစစ်တပ်ဘက်က ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်က အပြုသဘောဆောင်တဲ့ ထုတ်ပြန်ကြေငြာချက်တစ်ခုဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ဘက်ကတော့ ကြိုဆိုပါတယ်။ ရှုပ်ထွေးနေတဲ့ မြန်မာနိုင်ငံအခြေနေမှာ ဒီကြေငြာချက်က တစ်ပြည်လုံးပြဿနာတွေကို မဖြေရှင်းနိုင်ပေမယ့်လည်း ရခိုင်ဒေသမှာ ဖြစ်နေတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့အတွက် လမ်းစတစ်ခုဖြစ်လာနိုင်တဲ့အတွက်ကြောင့် ကျွန်တော်တို့ဘက်က ဒီကြေငြာချက်ကို ကြိုဆိုတယ်။

 

မေး - လက်ရှိမှာ ငြိမ်းချမ်းရေးနှင့်ပတ်သက်လို့ တပ်မတော်နဲ့ ဘာတွေဆွေးနွေးနေကြတာ ရှိပါလဲ။

ဖြေ - တွေ့ဆုံဆွေးနွေးရေးနဲ့ပတ်သက်ပြီးတော့ အဓိက အတားအဆီးဖြစ်နေတဲ့ ဒီအကြမ်းဖက်ဆိုပြီး ကြေငြာထားတယ်ဆိုတာကို မြန်မာစစ်တပ်ဘက်က ရုတ်သိမ်းပေးလိုက်တဲ့အတွက်ကြောင့် ကျွန်တော်တို့ အနာဂတ်မှာ တွေ့ဆုံဆွေးနွေးရေး ကိစ္စတွေကတော့ လမ်းပွင့်သွားနိုင်တယ်လို့ သုံးသပ်လို့ရတယ်ပေါ့။ ဆိုလိုတာကတော့ တွေ့ဆုံဆွေးနွေးရေးမှာ အဓိကအတားအဆီးဖြစ်နေတဲ့ ကိစ္စတစ်ခုကို မြန်မာစစ်တပ်ဘက် ဖယ်ရှားပေးတဲ့အတွက်ကြောင့် ကျန်တဲ့ ရှေ့ဆက် ဆွေးနွေးရမယ့်ကိစ္စတွေမှာ ပိုပြီးတော့ အပြုသဘောဆောင်အနေအထားတွေ ဖြစ်လာနိုင်ပါတယ်။

 

မေး - နောက်တစ်ခုက စစ်ဘေးရှောင်တွေ နေရပ်ပြန်မယ့်ကိစ္စနဲ့ပတ်သက်ပြီးတော့ တပ်မတော်နဲ့ ဘာတွေဆွေးနွေးနေကြတာရှိပါသလဲ။

ဖြေ - အခုက ဒီဆယ်စုနှစ်တစ်ခုအတွင်းမှာ ရခိုင်ဒေသဟာ လူမှုရေး၊ ဘာသာရေး အဓိကရုဏ်းတွေ၊ နောက်စီးပွားရေးကျတာတွေ၊ သဘာဝဘေးအန္တရာယ်ကြုံတွေ့ရတာတွေ၊ ပြည်တွင်းစစ်ပွဲတွေ၊ နောက်ပြီး ရခိုင်က မြို့/ရွာတွေမှာ ညမထွက်ရအမိန့်တွေ ထုတ်ထားတဲ့အတွက်ကြောင့် ပြည်သူ လူထုတွေဟာ အကြီးအကျယ်မွန်းကျပ်ပြီး အခက်အခဲဒုက္ခတွေ ရောက်ခဲ့ကြတယ်။ ဆိုတော့ အခုတိုက်ပွဲရပ်ထားတဲ့ ကာလတစ်ခုမှာ တည်တည်ငြိမ်ငြိမ်အနေအထားတစ်ခုကို ပြန်ပြီးရောက်နိုင်ဖို့ အရေးကြီးတယ်။ ဆိုတော့ နောက်တစ်ခုက ပြည်တွင်းစစ် ၂ နှစ်ကျော် အပြင်းအထန်ဖြစ်တဲ့ ကာလအတွင်းမှာ အဖွဲ့အစည်းနဲ့ပတ်သက်ပြီးတော့ အဖမ်းခံထားရတဲ့ လူတွေကိစ္စ၊ နောက် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မနဲ့ မတရားဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ပြည်သူလူထုတွေရဲ့ ကိစ္စ။ အဲလိုနစ်နာတဲ့လူတွေရဲ့ ကိစ္စတွေကို ဖြေရှင်းနိုင်ဖို့ လမ်းစတစ်ခုပေါ်လာတယ်လို့ ပြောလို့ ရတယ်ပေါ့။ အဲဒါကြောင့် အဲဒီကိစ္စတွေအားလုံးကို ကျွန်တော်တို့က ရှေ့ဆက်ပြီး နှစ်ဦးနှစ်ဖက် ညှိပြီးတော့ ဘယ်လိုအကောင်းဆုံးလုပ်ရင်ရမလဲဆိုတာကို ဆက်ပြီးတော့ ကျွန်တော်တို့ ညှိနှိုင်း သွားဖို့တော့ ရှိတယ်။

 

မေး - ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းသန်းကလည်း တောတောင်တွေမှာ မိုင်းရှင်းလင်းရေးကိစ္စနဲ့ပတ်သက်ပြီး တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ ညှိနှိုင်းနေကြတယ်ဆိုပြီး မီဒီယာတချို့ကို ပြောထားတာရှိတယ်။ ဒီအပေါ်ရော ဘာပြောချင်လဲ။

ဖြေ - ဒါကိစ္စကတော့ ကျွန်တော် ရုံးချုပ်ကို ပြန်မေးထားပါသေးတယ်။ ဒါပေမယ့် ကျွန်တော် သိသလောက်ကတော့ လောလောဆယ် သူတို့မြန်မာစစ်တပ်ဘက်က မိုင်းရှင်းတာလည်း ကားလမ်းမတစ်လျှောက် သူတို့ပါသူတို့ ရှင်းနေကြတယ်။ ကျွန်တော်တို့ကတော့ ရှင်းသင့်ရှင်းထိုက်၊ လုပ်သင့်လုပ်ထိုက်တဲ့ လိုအပ်တဲ့နေရာတွေကို ရှင်းထားပြီးပြီ။ အဲလိုအနေအထားရှိပါတယ်။ ဒါပေမယ့် အဲဒါတွေကို ရုံးချုပ်ကို ပြန်မေးပြီးမှ အသေအချာ ပြန်ဖြေပေးပါ့မယ်။

 

မေး- နောက်ဆုံးအနေနဲ့ ရခိုင်ပြည်သူတွေကို လတ်တလော ဖြစ်ပေါ်တိုးတက်မှုတွေနဲ့ ပတ်သက်ပြီး ဘာတွေပြောချင်လဲ။

ဖြေ - အခုတိုက်ပွဲရပ်ထားတဲ့ကာလမှာ ရခိုင်ဒေသထဲက ကျွန်တော်တို့ ပြည်သူတွေ တည်တည်ငြိမ်ငြိမ်နဲ့ အခြေနေတစ်ခုကို ပြန်ပြီး ရောက်ရှိနိုင်ရေးအတွက် ကျွန်တော်တို့ အားလုံး ညီညီညွတ်ညွတ်နဲ့ ကြိုးစားလုပ်ဆောင်သွားဖို့ အချိန်ဖြစ်တယ်လို့ ပြောချင်ပါတယ်။

ဆက်စပ် သတင်းများ

အင်တာဗျူး
  • Web Master
  • ၂၇ ဇန်နဝါရီ ၂၀၂၄
အင်တာဗျူး
အင်တာဗျူး
  • Web Master
  • ၂၁ ဇန်နဝါရီ ၂၀၂၄
အင်တာဗျူး
အင်တာဗျူး
  • Web Master
  • ၁၇ ဇန်နဝါရီ ၂၀၂၄
အင်တာဗျူး