အင်္ဂါ၊ မေလ ၂၈ရက်၊ ၂၀၂၄

“စစ်သားတွေ တက်လာပြီ။ စစ်သားတွေ တက်လာပြီ။ အရှေ့ဘက်ရွာကို မီးလောင်နေပြီ။ နင်တို့တွေ အမြန် လွတ်အောင် ထွက်ပြေးကြတော့……..”


  • ရေးသူ: Web Master (NN 09)
  • | ရက်စွဲ: ၀၉ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 2.2k

စစ်ကောင်စီတပ်ရဲ့ မီးရှို့ခံခဲ့ရတဲ့ ပုဏ္ဏားကျွန်းမြို့နယ် ရဲရိုးပြင်ကျေးရွာက အသက်နှစ်ဆယ်အရွယ်အမျိုးသမီးငယ်တစ်ဦးနဲ့ အင်တာဗျူး.

နိရဉ္စရာ၊ ဒီဇင်ဘာ ၉/ ၂၀၂၃


ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃ ရက်နေ့ နေ့လယ် ၂ နာရီခွဲလောက်မှာ အင်အား (၁၀၀) လောက်ရှိတဲ့ အကြမ်းဖက် မြန်မာ စစ်တပ်ရဲ့ တပ်ရင်း (၂၇၀) က ပုဏ္ဏားကျွန်းမြို့နယ် ရဲရိုးပြင်ကျေးရွာကို သေနတ်ပစ်ခတ် ဝင်ရောက်လာပြီး ရွာထဲက နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။


ခုလို့ အကြောင်းမဲ့ မီရှို့ဖျက်ဆီးလိုက်တဲ့အတွက် စစ်တွေမြို့ ရွှေမင်းဂံဆိပ်ကမ်းရဲ့ တစ်ဖက်ကမ်းမှာ တည်ရှိတဲ့  ပုဏ္ဏားကျွန်းမြို့နယ် ရဲရိုးပြင်ကျေးရွာမှာ အိမ်ခြေ ၁၃၀ လောက် မီးလောင်ပြီး ပြာပုံအတိဖြစ်သွားခဲ့ရပါတယ်။


စစ်ကောင်စီမီးရှို့နေတဲ့ကြားထဲက ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့

ရဲရိုးပြင်ကျေးရွာမှ  အသက် (၂၀)အရွယ် အမျိုးသမီးငယ်တစ်ဦးကို သူကြုံတွေ့ခဲ့ရတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး နိရဉ္စရာသတင်းဌာနက မေးမြန်းတင်ပြပေးလိုက်ပါတယ်။

မေး - ရွာမီးရှို့ခံရတဲ့ အချိန်မှာ ထွက်ပြေးလွတ်မြောက်လာခဲ့တာဆိုတော့ အဲဒီနေ့က ဘယ်လိုမျိုး မြင်တွေ့ ကြုံခဲ့ရလဲ။
ဖြေ - အဲဒီနေ့ မထွက်ပြေးခင် စစ်သားတွေ မင်းဂံရောက်နေကြပြီးလို့ ကြားပါတယ်။ ကျွန်မတို့က ထမင်းစားပြီးတော့မှာ ထွက်ပြေးမယ်ဆိုပြီးတော့ ထမင်းစားနေကြပါတယ်။ ထမင်းစားနေတုန်းမှာ ဒရုန်းက ရွာနားမှာ ဝဲလာပါတယ်။ အဲဒီချိန်မှာ ကျွန်မက ထမင်းစားလို့ပြီးပြီ။ အမေက စားလို့ မပြီးသေးဘူး။ ကြောက်လို့ အိမ်ထဲမှာ ဝင်ပုန်းနေကြပါတယ်။ ဒရုန်းက ရွာထဲကို လှမ်းပစ်ပါတယ်။ ခဏပစ်သံ ရပ်သွားတော့ အဒေါ်အိမ်ကို ပြေးကြပါတယ်။ အဒေါ်အိမ်က အုတ်နဲ့ ဆောက်တဲ့ အိမ်ဆိုတော့ အဲဒီမှာပဲ မိသားစုနှစ်ခု ပုန်းနေကြပါတယ်။ ပုန်းနေလို့ မလုံခြုံမှန်းလည်း သိတယ်။ တချို့ယောကျ်ားတွေက ထွက်ပြေးကြတော့ ဒရုန်းလှမ်းပစ်ပါတယ်။ ဦးလေးတစ်ယောက်က ဖုန်းဆက်တယ်။ စစ်သားတွေ တက်လာပြီ။ စစ်သားတွေ တက်လာပြီ။ အရှေ့ဘက်ရွာကို မီးလောင်နေပြီ။ နင်တို့တွေ အမြန် လွတ်အောင် ထွက်ပြေးလာကြတော့ဆိုပြီး ဖုန်းဆက်ပါတယ်။ ဒါပေမဲ့ ဒရုန်းတွေ ဝဲနေတော့ မထွက်ပြေးရဲဘူးလေ။ ထွက်ပြေးလုပ်တော့ ရွာအရှေ့ဘက် မီးခိုးတွေ အလုံးလုံးတက်လာတယ်။ အဒေါ်ရယ် မီးရှို့နေပြီ။ ဘယ်လို လုပ်ကြမှာလဲ။ ဘယ်လို လုပ်ကြမှာလဲ။ နေလို့ မရတော့ ထွက်ပြေးကြတယ်။ ကျွန်မတို့ ရွာအနားက ရွာတစ်ရွာကို ရောက်တာနဲ့ ကျွန်မတို့ရွာကို မီးခိုးတွေ ထွက်ပြီး မီးလောင်နေပြီ။ ထွက်ပြေးရတာက လယ်ကွင်းတွေ ပုစွန်ကန်တွေကို ဖြတ်ပြီး ပြေးရတာ။ အဲကန်မှာ အဒေါ်တစ်ယောက် ရေနစ်သေးတယ်။ ကြောက်ကြောက်နဲ့ ကူးတာ ကံကောင်းလို့ သေတာပါ။ ကျွန်မတို့ အနီးရွာတွေကလည်း အားကုန်လုံးနီးပါး ထွက်ပြေးကြပါတယ်။ ကျွန်မတို့လည်း တစ်ရွာပြီးတစ်ရွာဆက်ပြေးနေခဲ့ကြတာပေါ့။

မေး- အစ်မတို့ ရွာက ထွက်ပြေးလာရတဲ့အချိန်မှာ နောက်ဆုံးရွာကို ဘယ်လို အခြေအနေမျိုးနဲ့ မြင်ခဲ့ရပါသလဲ။
ဖြေ - ရွာအရှေ့ဘက် မီးအားလုံး ကျွမ်းသွားပြီ။ ကျွန်မတို့ အနောက်ဘက် ဆက်လို့ မီးလောင်နေတာကို မြင်ရပါတယ်။ အခုဆိုရင် ရွာမှာ အိမ်နှစ်ဆယ်လောက်ပဲ ကျန်ခဲ့တယ်လို့ သိရပါတယ်။ ကျန်ခဲ့တဲ့ အိမ်တွေမှာလည်း နေလို့မရဘူး။ ကြောက်လို့တော့ သွားမကြည့်ဖြစ်ဘူး။


မေး - ရွာကနေ အသက်လုပြီးတော့ ထွက်ပြေးလာရတယ်။ ပြီးတော့ ရွာလည်း မီးရှို့ခံလိုက်ရတဲ့ဆိုတော့ ဘယ်လို့မျိုးခံရလဲ။
ဖြေ - ကျွန်မတို့ ကိုယ်ရွာ မီးရှို့ခံရလို့ အရမ်းကို ဝမ်းနည်းမိပါတယ်။ အရမ်းကို ကြောက်လည်း ကြောက်မိပါတယ်။ အရင်က သာသာယာယာနဲ့ နေခဲ့တဲ့ ရွာလည်း မီးရှို့ခံရတော့ အရမ်းကို ခံစားရပါတယ်။

မေး - ထွက်ပြေးတိမ်းရှောင်နေရတော့ စားဝတ်နေရေးက ဘယ်လို အခြေအနေရှိပါသလဲ။ အခုက ကိုယ့်ကို လုံခြုံတယ်လို့ ခံစားရလား။
ဖြေ - မီးရှို့မခံခင် နှစ်ရက်ဆက်တိုက် လက်နက်ကြီးတွေ ပစ်တယ်။ လက်နက်ငယ်တွေ ပစ်တယ်။ တစ်ညဉ့်လုံး အိပ်လို့မရခဲ့ဘူး။ ဗုံးခိုကျင်းထဲမှာ နေခဲ့ရပါတယ်။ အခုလည်း ထွက်ပြေး တိမ်းရှောင်နေရတော့ လုံခြုံတယ်လို့ မခံရဘူး။ အဲဒီလို သေနတ်သံတွေ၊ ဒရုန်းတွေ ကြားက ပြေးလာရတယ်။ ပြီးတော့ နေ့စဉ်နေ့တိုင်ပဲ ပစ်နေတယ်။ သေနတ်ပစ်ခတ်တယ်ဆိုတော့ ကြောက်တာတယ်။ ပိုပြီးတော့ မလုံခြုံဘူး။

မေး - ကိုယ့်ရွာ မီးရှို့ခံရတဲ့အပေါ်မှာ ဘယ်လိုမျိုးပြောချင်လဲ။

ဖြေ - မထင်ဘူးပေါ့နော်။ ကျွန်မတို့ ရွာက အေးအေးချမ်းချမ်းနဲ့ နေနေတာပါ။ ဒီလိုဖြစ်မယ်လို့ မမျှော်လင့်ဘူး။ မီးရှို့ခံမယ်လို့ လုံးဝလုံးဝ မထင်ထားခဲ့ဘူး။ အိမ်မီးလောင်သွားလို့ ဘာမှ မရလိုက်ဘူး။ အခုကလက်နဲ့ဖဝါးပါပဲ။ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ပြေးလာကြတာ။ ဘာမှ မယူခဲ့ရဘူး။ အခုက စားစရာလည်း မရှိဘူး။ ပိုက်ဆံလည်း မရှိဘူး။ စပါးတွေလည်း မရတော့ဘူး။ ကိုယ်အသက်ကိုတောင် လွတ်အောင် ရှောင်ပြီး ပြေးနေရတဲ့ အချိန်မှာ ဘာတွေ ယူလို့ရခဲ့မှာလဲ။ ဒီလိုပဲ ဆက်ပြေးနေရမှာလားဆိုတာကို စဉ်းစားလို့ မရဖြစ်နေပါတယ်။

 
မေး - တကယ်လို့ ကိုယ့်ရပ်ကိုယ့်ရွာကို ပြန်လို့ရရန် ပြန်ချင်ပါသလား။
ဖြေ - ကိုယ့်ရပ်ရွာမှာပဲနေချင်ပါတယ်။ ဘေးမရှိ ရန်မခဆိုရင် နေချင်ပါတယ်။ အိမ်မရှိပေမဲ့ တဲပဲ ဆောက်နေရ၊ တာပေါ်လင်စနဲ့ ရုံဆောက်ပြီး နေရ နေရပေါ့။ ဒီလိုမျိုး မပြေးချင်ဘူး။ ဒီလို ဘယ်တော့မှ မပြေးချင်တော့ပါဘူး။ ကိုယ်ရွာမှာ အေးအေးချမ်းချမ်းနဲ့ နေချင်ပါတယ်။ ( NN - 9)

ဆက်စပ် သတင်းများ

အင်တာဗျူး
  • Web Master
  • ၂၇ ဇန်နဝါရီ ၂၀၂၄
အင်တာဗျူး
အင်တာဗျူး
  • Web Master
  • ၂၁ ဇန်နဝါရီ ၂၀၂၄
အင်တာဗျူး