ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ကျောက်ဖြူတွင် PDF ကိုငွေကြေးထောက်ပံ့သည်ဟုဆိုကာ အမျိုးသမီးငယ်တစ်ဦးဖမ်းဆီးအမှုဖွင့်ခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ ဒီဇင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 10k

မြထွီးသျှင်
နိရဥ္စရာ၊ ဒီဇင်ဘာ ၃/ ၂၀၂၁
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် အမျိုးသမီးသမီးငယ်တစ်ဦးသည် PDF အား ငွေကြေးထောက်ပံ့သည်ဟုဆိုကာ ရဲတပ်ဖွဲ့၏ ဖမ်းဆီးအမှုဖွင့်ခြင်းကို ခံလိုက်ရသည်ဟု သိရသည်။
ဖမ်းဆီးခံရသည့် အမျိုးသမီးငယ်မှာ ကျောက်ဖြူမြို့၊ အစိုးရရပ်ကွက် မင်းပြင်ဝန်ထမ်းအိမ်ရာတွင် နေထိုင်သည့် အသက် ၂၁ နှစ်အရွယ် မအေးမြင့်မြတ်အောင် ဖြစ်သည်။
သူမကို ယနေ့ ဒီဇင်ဘာလ ၃ ရက် ညဉ့် ၁ နာရီအချိန်တွင် သူမ၏နေအိမ်မှ ရဲတပ်ဖွဲ့က လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု သူမနှင့်ရင်းနှီးသူတစ်ဦးက နိရဥ္စရာသို့ပြောသည်။
“သူ့ကို ညဥ့် ၁ နာရီကဖမ်းဆီးသွားတယ်လို့ သိရတယ်။ လောလောဆယ်တော့ ကျောက်ဖြူရဲစခန်းမှာလို့ ကြားပါတယ်” ဟုပြောသည်။
ယခုကိစ္စမှာ ဟုတ်မှန်သည်ဟုလည်း ကျောက်ဖြူမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက နိရဥ္စရာသို့ အတည်ပြုပြောကြားသည်။
“PDF ကို ငွေတွေဘာတွေထောက်ပံ့တယ်ဆိုပြီးအဖမ်းခံရတာပါ။ သူ့ကိုတော့ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည)နဲ့အမှုဖွင့်ထားတယ်။ PDF ကို ထောက်ပံ့တယ်၊ ကူညီတယ်ဆိုပြီး အထက်က သူ့နာမည်တွေ မှတ်ပုံတင်၊ မိဘနာမည်တွေနဲ့တကွ စာလာလို့ အဖမ်းခံရတာ”ဟု ပြောသည်။
လက်ရှိတွင် သူမကို ချုပ်ရမန်ကြီး ၁ ပတ်ယူကာ ကျောက်ဖြူထောင်ချုပ်သို့ ခေါ်ဆောင်သွားကြောင်း သိရသည်။
သူမသည် အဝေးသင်တက္ကသိုလ်ပထမနှစ်တက်ရန် လျှောက်ထားသူဖြစ်သည်ဟုလည်း သိရသည်။
လက်ရှိတွင် ရခိုင်၌ PDF နှင့်ဆက်စပ်သံသယဖြင့် သံတွဲမြို့မှ ဦးစိန်ချစ်(၄၂)နှစ်၊ ငပလီမြို့မှ ကိုရဲနိုင်ဦး (၂၄)နှစ်နှင့် မငြိမ်းအိဖြူကျော်(၃၅)နှစ်၊ သံတွဲမြို့မှ မတင်စန္ဒာဝင်းနှင့် ဒေါ်စန်းချိုသိုက်(၅၀)နှစ်နှင့် ကိုမင်းဒီပါ (၂၄)နှစ်တို့သည်လည်း အကြမ်းဖက်မှုပုဒ်မ ၅၀(က)၊ ၅၂(က)၊ ၅၀(ည)တို့ဖြင့် ဖမ်းဆီးတရားစွဲဆိုထိန်းသိမ်းခံထားရကြောင်း သိရသည်။

ဆက်စပ် သတင်းများ