သောကြာ၊ မေလ ၁၀ရက်၊ ၂၀၂၄

ရခိုင်တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုနှင့် ခွဲခြားဆက်ဆံမှုလျော့နည်းပပျောက်ရေး ထိရောက်စွာလုပ်ဆောင်ရန်လိုအပ်နေဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ မတ် ၂၀၂၃
  • | ကြည့်ရှုသူ: 4.3k

(ယနေ့ မတ် ၈ ရက်သည် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ဖြစ်သည်)

နိရဥ္စရာ၊ မတ် / ၂၀၂၃

ရခိုင်ပြည်နယ် နယ်ပယ်အသီးသီးတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုနှင့် ခွဲခြားဆက်ဆံမှုများ ရှိနေသေးသဖြင့် ပပျောက်အောင်ဆောင်ရွက်နိုင်ရန် အတွက် ထိရောက်သည့်အရေးယမှုများ ပြုလုပ်ရန် လိုအပ်နေကြောင်း အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူများက ယနေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့၌  ထုတ်ဖော် ပြောဆိုသည်။

ရခိုင်ရှေ့ဆောင်အမျိုးသမီးများအဖွဲ့ ဥက္ကဋ္ဌ ဒေါ်စောစံငြိမ်းသူက "တရားဥပဒေစိုးမိုးမှုအားနည်းတဲ့အပေါ် အများကြီးမူတည်ပါတယ်။ အကြမ်းဖက်မှုခံရတဲ့အမျိုးသမီးတွေအနေနဲ့ တိုင်ကြားလာတယ်ဆိုရင် သက်ဆိုင်ရာ အာဏာပိုင်တွေက အရေးတယူဆောင်ရွက်ပေးမှပဲ အကြမ်းဖက်ခံနေရတဲ့ အမျိုးသမီးတွေကို ကာကွယ် စောင့်ရှောက်ပေးနိုင်မယ်။ လက်ရှိအနေအထားမှာကျတော့ ဘယ်လိုတိုင်ကြားရမလဲဆိုတဲ့ အဆင့်မှာပဲ အခက်အခဲတွေရှိနေပါတယ်။ ဆိုတော့ ကျူးလွန်သူတွေကို ဥပဒေကြောင်းအရ အရေးယူမှုမရှိသေးသရွေ့တော့ အကြမ်းဖက်မှုကို ကျူးလွန်နိုင်တဲ့ အနေအထားရှိနေအုံးမယ်ပေါ့နော်" ဟု ပြောသည်။

ရခိုင်ဒေသတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု၊ ခွဲခြားဆက်ဆံမှု၊ လုပ်ငန်းခွင်အတွင်း ခေါင်းပုံဖြတ်ခံရမှု၊ လိင်ပိုင်းဆိုင်ရာထိပါးစော်ကားမှုများနှင့်ပတ်သက်၍ ဥပဒေကြောင်းအရ အရေးယူနိုင်မှုအားနည်းနေသေးကြောင်း သူမက ပြောသည်။

စစ်ရေးပဋိပကနှင့် တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့သည့် ရခိုင်တွင် စစ်ဘေးရှောင်စခန်းများနှင့် ဒုက္ခသည်စခန်း(IDP Camp) များလည်းရှိရာ စခန်းတွင်းနေထိုင်သူအမျိုးသမီးများနှင့် အသက်မပြည့်သေးသည့် ကလေးသူငယ်များမှာ လိင်ပိုင်းဆိုင်ရာ ခြိမ်းခြောက်စော်ကားခံရမှုများလည်း ဖြစ်ပေါ်လျက်ရှိကြောင်း ကာယကံရှင်များနှင့် သတင်းရင်းမြစ်များက နိရဉ္စရာသတင်းဌာနကို ပြောဆိုကြသည်။

စစ်တွေမြို့နယ် ဆေးသမားကြီးအုပ်စုရှိ ဖွဲရာကုန်းဒုက္ခသည်စခန်း(IDP Camp)မှ မူဆလင်အမျိုးသမီး ၄၀ ကျော်သည်လည်း စခန်းတာဝန်ခံ၏ ခြိမ်းခြောက်အတင်းအဓမ္မပြုကျင့်ခြင်းကို ခံခဲ့ရကြောင်း ကာယကံရှင်များက နိရဥ္စရာသို့ပြောသည်။

အဆိုပါ ဖွဲရာကုန်း IDP Camp မှ စခန်းတာဝန်ခံ ဦးအုစ်ဖာန်ဂေါ်နီသည် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်မှ ၂၀၂၂ ခုနှစ် သြဂုတ်လ ၂ ရက်အထိ စခန်းအတွင်းမှ လင်ရှိ၊ သားသမီးရှိ အမျိုးသမီးများ၊ စိတ်ရောဂါသည် အမျိုးသမီးများ၊ အသက်မပြည့်သေးသည့် အမျိူးသမီးငယ်များ စသည့် အမျိုးသမီး (၄၅) ဦးကို တုတ်၊ ဓားပြ ခြိမ်းခြောက်မှုများပြုလုပ်ကာ အတင်းအဓမ္မပြုကျင့်ခဲ့ကြောင်း ကာယကံရှင်များက နိရဥ္စရာသို့ပြောသည်။

အဆိုပါ မူဆလင်အမျိုးသမီး ၄၀ကျော်အား အဓမ္မပြုကျင့်ပြီး လူသတ်ရန်ကြံစည်မှုတို့ဖြင့် စွပ်စွဲခံထားရသူကို ရဲက  ဖမ်းဆီးထားပြီး ကျူးလွန်သူအားထိရောက်စွာ အရေးယူဆောင်ရွက်ပေးရန် ကာယကံရှင်များကတောင်းဆိုထားသည်။

ရခိုင်တိုက်ပွဲကာလအတွင်းတွင်လည်း အမျိုးသမီးတချို့မှာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက် စော်ကားမှုများကို ကျူးလွန်ခံခဲ့ရပြီး ထိုသို့အကြမ်းဖက်ခံရမှုများတွင် တချို့အမျိုးသမီးများက တိုင်ကြားမှုများပြုလုပ်သော်လည်း နစ်နာသူအမျိုးသမီးအများစုမှာ အကြောင်းအမျိုးမျိုးကြောင့် မတိုင်ကြားရဲကြ၍ အမှုအတော်အများမှာ ပျောက်ကွယ်သွားတတ်ကြောင်းလည်း အမျိုးသမီးအရေး လှုပ်ရှားနေသည့်အဖွဲ့အစည်းများက ပြောဆိုကြသည်။

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုနှင့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုများပပျောက်ရေးအတွက် ရခိုင်တွင် ဗီနိုင်းကမ်ပိန်းများ၊ အသိပညာပေးဆွေးနွေးမှုစကားဝိုင်းများ နှစ်စဉ်ပြုလုပ်နေသော်လည်း  လျော့နည်းလာခြင်းမရှိဘဲ ထပ်မံဖြစ်ပွားလျက်ရှိသည်ဟု ပြောဆိုကြသည်။

၂၀၂၂ ခုနှစ်အတွင်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများနှင့်ပတ်သက်၍ လာရောက်တိုင်တန်းမှု၊ အမျိုးသမီးအခွင့်အရေးလှုပ်ရှားမှုများမှာ နိုင်ငံရေးအခြေအနေအရ ယခင်နှစ်များထက် နည်းပါးသွားကြောင်း တရားလွှတ်တော်ရှေ့နေ ဒေါ်မြသူဇာက နိုဝင်ဘာလ ၂၅ ရက်က စစ်တွေမြို့တွင် ပြုလုပ်ခဲ့သည့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့တွင် ပြောဆိုခဲ့သည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေး၊ လူမှုရေးနှင့်၊ စီးပွားရေး အကျပ်အတည်းများကြားတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ ပိုမိုဖြစ်ပေါ်လာနေကြောင်း ပြောဆိုကြသည်။

ဒေါ်စောစံငြိမ်းသူက "နိုင်ငံရေးအခက်အခဲအကျပ်အတည်းကာလမှာ လုယက်မှု တိုက်ခိုက်မှုတွေမှာလည်း အမျိုးသမီးတွေအပေါ်မှာဆိုရင် ပိုပြီးတော့ နိုင်ထက်စီးနင်းပြုလို့ရတယ်ဆိုတဲ့ အခြေအနေတွေကြောင့်ပဲ များသောအားဖြင့် လုယက်တိုက်ခိုက်မှုတွေမှာ အမျိုးသမီးတွေက ပိုပြီးတော့ ကြုံနေရတဲ့ အခြေအနေရှိပါတယ်။ လုပ်ငန်းခွင်ထဲမှာဆိုရင်လည်း ခေါင်းပုံဖြတ်တာ၊ ရိုက်နှက် အကြမ်းဖက်တာ အပြင် မုဒိမ်းကျင့်တာတွေအထိ ရှိနေသေးတယ်။ ခုနကပြောတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေတွေကပဲ အမျိုးသမီးတွေ အပေါ်နိုင်ထက်စီးနင်းပြုကျင့်ဖို့ အခွင့်အရေး ပေးထားနေသေးတယ်လို့ ပြောနိုင်ပါတယ်" ဟု နိရဥ္စရာသို့ ပြောသည်။

ရခိုင်ဒေသထဲမှ အမျိုးသမီးများအနေဖြင့် အိမ်တွင်းအကြမ်းဖက်ခံရမှုအပါအဝင်၊ ဘာသာရေး ဓလေ့ ထုံးစံများကိုအခြေခံ၍ လူ့အခွင့်အရေးများ ကန့်သတ်တားမြစ်ခြင်းကို ကြုံတွေ့နေရကြောင်းလည်း ရခိုင်မျိုးနွယ်စုဝင် ကမန်လူမျိုး လူငယ်အမျိုးသမီး မဆောင်းနှင်းဝေက ပြောသည်။

"ညီမတို့ပတ်ဝန်းကျင်မှာ မတူတဲ့နည်းမျိုးစုံနဲ့ အမျိူးသမီးတွေအပေါ် ဖိနှိပ်မှုတွေ၊ ခွဲခြားဆက်ဆံမှုတွေ နေ့တဓူဝ ကြုံနေရတယ်။ ကျွန်မတို့က အစ္စလာမ်ဘာသာကိုးကွယ်တော့ အမျိုးသမီးတွေက ဘယ်လိုဝတ်စားဆင်ယင်ရမယ်။ အပြင်တွေဘာတွေမထွက်ရဘူးဆိုတဲ့ ပုံစံတွေရှိတယ်။ အိမ်ထောင်မှုပြုတဲ့အခါလည်း မိဘက သဘောတူတဲ့ လူပဲယူရမယ်ဆိုတဲ့ ပုံစံတွေ ပတ်ဝန်းကျင်မှာ ရှိနေသေးတယ်" ဟု ပြောသည်။

အထူးသဖြင့် ကျေးလက်ဒေသနှင့် IDP Camp များတွင်ရှိသည့် အမျိုးသမီးများနှင့် အမျိုးသမီးငယ်များမှာ အသိပညာပေးမှုများ ဥပဒေများနှင့်အလှမ်းဝေးနေ၍ ကိုယ်တိုင်အကြမ်းဖက်ခံရမှန်းမသိရှိနိုင်ဘဲ အကြမ်းဖက်မှု ကျူးလွန်ခံနေရကြောင်း  အမျိုးသမီးအဖွဲ့အစည်းများက ပြောဆိုကြသည်။

လာမည့် မတ်လ ၈ ရက်နေ့မှာ ၄၈ ကြိမ်မြောက်အပြည်ဆိုင်ရာ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ဖြစ်သည်။

၁၉၀၀ ပြည့်နှစ်နောက်ပိုင်းတွင် ဖွံ့ဖြိုးပြီးအနောက်နိုင်ငံများမှ အလုပ်သမားလူတန်းစား အမျိုးသမီးများသည် စီးပွားရေးအရ ခေါင်းပုံဖြတ်ခံရမှု၊ အလုပ်ချိန်မတရားခိုင်းစေမှု၊ လူမှုအကျိုးခံစားခွင့်ကင်းမဲ့မှု၊ နိုင်ငံရေးအရဖိနှိပ်မှု၊ ဆင်းရဲမွဲတေမှုများကို ခံစားခဲ့ကြရသည်။

၁၉၀၈ ခုနှစ်တွင် အမျိုးသမီး တစ်သောင်းခွဲကျော်သည် အမေရိကန်နိုင်ငံ၊ နယူးယောက်ခ် မြို့၏လမ်းများပေါ်ထွက်၍ အမျိုးသမီးများ မဲပေးခွင့် ရရှိရေး၊ မျှတသောအလုပ်ချိန် သတ်မှတ် ပေးရေး၊ လုပ်ခလစာတန်းတူရရှိရေးတို့အတွက် တောင်းဆိုခဲ့ကြသည်ဟု သိရသည်။

၁၉၁၀ ခုနှစ် ဒိန်းမတ်နိုင်ငံ၊ ကိုပင်ဟေဂင် မြို့မှာကျင်းပခဲ့သော နိုင်ငံတကာအမျိုးသမီးအလုပ်သမား ညီလာခံတွင် ဂျာမနီဆိုရှယ်ဒီမိုကရက်တစ်ပါတီ၊ အမျိုးသမီး ဌာနခေါင်းဆောင် ကလာရာ ဇက်ကင်ဆိုက အမျိုးသမီးများအခွင့်အရေးတန်းတူညီမျှ ရရှိရေးအတွက် အမျိုးသမီးများနေ့ သတ်မှတ်ပေးရန် အဆိုတင်သွင်းခဲ့ပြီး နိုင်ငံပေါင်း (၁၇)နိုင်ငံရှိ အလုပ်သမားသမဂ္ဂများ၊ ဆိုရှယ်လစ်ပါတီများ၊ အမျိုးသမီးအလုပ်သမားအဖွဲ့များမှ အမျိုးသမီး (၁၀၀)ကျော်က ၄င်း၏အဆိုကို သဘောတူညီခဲ့ကြသည်။

ယင်းသဘောတူညီမှုကြောင့် ၁၉၁၁ ခုနှစ်မှ စတင်ကာ မတ်လ ၁၉ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အဖြစ် စတင်သတ်မှတ်ပြီး အမျိုးသမီးများ အခွင့်အရေးတန်းတူညီမျှရရှိရန် တောင်းဆိုခဲ့ကြသည်။

ယင်းနောက် ၁၉၇၅ ခုနှစ်တွင် ကမ္ဘာ့ကုလသမဂ္ဂက မတ်လ ၈ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အဖြစ် တရားဝင်သတ်မှတ်ပေးခဲ့ကြောင်း သိရသည်။ (NN-23)

 

ဓာတ်ပုံ - ရခိုင်သူအချို့အား စစ်တွေရှိ အခမ်းအနားတစ်ခုတွင်တွေ့ရစဉ်။

ဆက်စပ် သတင်းများ