ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ရခိုင်အမျိုးသားနေ့အခမ်းအနား ရခိုင်မြို့အချို့တွင် ကျင်းပမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ မေ ၂၀၂၂
  • | ကြည့်ရှုသူ: 6.7k

နိရဥ္စရာ၊ မေ ၁၂/၂၀၂၂
ကဆုန်လပြည့်ကျော်(၁) ရက်ဖြစ်သည့် မေလ ၁၅ ရက်နေ့တွင်ကျရောက်မည့် ၉ ကြိမ်မြောက် ရခိုင်အမျိုးသားနေ့အခမ်းအနားကို ရခိုင်မှမြို့အချို့တွင် ကျင်းပသွားမည်ဟု သိရသည်။
ရခိုင်အမျိုးသားနေ့အခမ်းအနားကို သံတွဲနှင့် မောင်တောမြို့တို့တွင်ကျင်းပမည်ဖြစ်ပြီး စစ်တွေအပါအဝင် အခြားမြို့အချို့တွင်ကျင်းပမည့်ကိစ္စ ဆွေးနွေးနေကြပြီဟု သိရသည်။
သံတွဲမြို့တွင်ဆိုလျှင် ရခိုင်အမျိုးသားနေ့အကြိုအဖြစ် ပြီးခဲ့သည့်ရက်ပိုင်းမှစတင်ကာ ဖူဆယ်ဘောလုံးပွဲ၊ အလယ်တန်း၊ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ အခမဲ့စတိတ်ရှိုး၊ ဒေသထွက်အစားအစာ၊ အဝတ်အထည်ပြပွဲနှင့် စာပေဟောပြောပွဲတို့ဖြင့် ကျင်းပလျက်ရှိနေပြီဟု ပွဲဖြစ်မြောက်ရေးဥက္ကဋ္ဌ ဦးအောင်ကျော်စိုးက နိရဥ္စရာကို ပြောသည်။
"လူမျိုးတိုင်းမှာ အမျိုးသားနေ့ရှိတယ်လေ။ အမျိုးဂုဏ်၊ ဇာတိဂုဏ်နဲ့ ရခိုင်လူမျိုးတွေမှာ ရှိပြီးသားဂုဏ်သိက္ခာတွေမှာ ထပ်ဆင့်ပြီး အမွှန်းတင်တဲ့၊ အရောင်တင်တဲ့အမျိုးသားနေ့ကို လူငယ် လူရွယ်တွေလည်းသိအောင် လက်ဆင့်ကမ်းတဲ့သဘောပါ"ဟု ပြောသည်။
အမျိုးသားရေး စိတ်ဓာတ် နိုးကြားတက်ကြွလာစေရန် စာပေဟောပြောပွဲ၊ ရိုးရာယိမ်းအကများနှင့် ရခိုင်အမျိုးသားနေ့ကို မောင်တောမြို့နယ်တွင်လည်း ကျင်းပသွားမည်ဟု ပွဲ ဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်သန်းက နိရဥ္စရာကို ပြောသည်။
"ကိုဗစ်နဲ့ရပ်ထားရတာလည်း ကြာသွားပြီလေ။ ဒီနှစ်မှပြန်လုပ်ရမှာဆိုတော့ လူငယ်တွေကို လက်ဆင့်ကမ်းချင်တဲ့အနေနဲ့ လူကြီးတွေရှိတုန်း လက်တွဲခေါ်ဆောင်သွားချင်တာရယ်၊ နောက်ပြီး အမျိုးသားရေးစိတ်ဓာတ်တွေလည်း နိုးကြားတက်ကြွလာအောင်လို့ ကျင်းပဖြစ်တာပါ"ဟု ပြောသည်။
ရခိုင်ပြည်နယ်မြို့တော် စစ်တွေတွင် ရခိုင်အမျိုးသားနေ့ ကျင်းပရန်မသေချာသေးကြောင်း ပွဲဖြစ်မြောက်ရေး ဦးဆောင်လုပ်ကိုင်သူ ဦးစိုးနိုင်က ပြောသည်။
"အစည်းဝေးခေါ်ထားတုန်းပဲ။ Online ကဖြစ်ဖြစ်၊ အားလုံးအစုံပြောပြီးမှ မနက်ဖြန်မှ ဆုံးဖြတ်ချက်ချရမယ်" ဟု ပြောသည်။
ကျောက်ဖြူ၊ မင်းပြား၊ မြောက်ဦး စသည့်မြို့နယ်များတွင်လည်း ရခိုင်အမျိုးသားနေ့ကျင်းပရေးကိစ္စ ဆွေးနွေးနေဆဲဖြစ်၍ အတိအကျမပြောနိုင်သေးဟု ပွဲကျင်းပရေးလုပ်ဆောင်သူများက ပြောသည်။
ရခိုင်အမျိုးသားနေ့ကို ၂၀၁၄ ခုနှစ်က ကျောက်ဖြူတွင်ကျင်းပသည့် ရခိုင်အမျိုးသားညီလာခံတွင် မဟာမုနိရုပ်ပွားတော်မြတ်ကို သွန်းလုပ်ပြီးစီးသည့် ကဆုန်လပြည့်ကျော် ၁ ရက်နေ့ကို အမျိုးသားနေ့အဖြစ်သတ်မှတ်ခဲ့ရာမှ ကဆုန်လပြည့်ကျော်တစ်ရက်နေ့ကို ရခိုင်အမျိုးသားနေ့အဖြစ် နှစ်စဉ်ကျင်းပခဲ့ကြခြင်းဖြစ်သည်။
(NN-7)

ဆက်စပ် သတင်းများ