ရခိုင်အလှမယ်နှစ်ဦး အမှိုက်ကောက်သူများနှင့် ABC မိဘမဲ့ကလေးများကို စားသောက်ကုန်များ သွားရောက်လှူဒါန်း


အိမ်စိုးဖြူ၊ ဇွဲဓန(ကိန်းသာမြေ)
နိရဥ္စရာ၊ ဇန်နဝါရီ ၁၁ / ၂ဝ၂၁

Miss Burma (Supranational) 2021 ပြိုင်ပွဲတွင် ရခိုင်ပြည်နယ်ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် အလှမယ်နှစ်ဦးသည် ဇန်နဝါရီလ ၁ဝ ရက်နေ့ နေ့လယ် ၂ နာရီခန့်က စစ်တွေသုဿာန်အနီး အမှိုက်ပုံတွင် အမှိုက်ကောက်သူများနှင့် ABC မိဘမဲ့ဖောင်ဒေးရှင်းမှ ကလေးငယ်များအား အခြေခံစားသောက်ကုန်ပစ္စည်းများနှင့် ငွေများ  သွားရောက်လှူဒါန်းခဲ့သည်ဟု သတင်းရရှိသည်။

၄င်းအလှမယ်နှစ်ဦးမှာ စစ်တွေမြို့ကိုယ်စားပြု   AKYAB STAR အနုပညာသင်တန်းကျောင်းသူ အလှမယ် မစိုးထက်နွယ် နှင့် မြောက်ဦးမြို့ကိုယ်စားပြု အလှမယ် မမေမိုး(ခ)အိအိခင်ထွန်း တို့ဖြစ်သည်။

သူမတို့အား လူမှုရေးနှင့် ပတ်သက်သည့် ကိစ္စများပိုမိုနားလည်နိုင်လာရန် ယခုကဲသို့ လှူဒါန်းမှု ပြုလုပ်ခြင်းဟု ရခိုင်ပြည်နယ် Miss Burma (Supranational) 2021  ရွေးချယ်ရေး တာဝန်ခံ ကိုစံသာက ပြောသည်။

" သူတို့နှစ်ဦး ပြိုင်ပွဲသို့ မသွားခင် ဘာသာရေးအရ အလှူလည်းလုပ်ပြီး သွားစေချင်တဲ့သဘောနဲ့ ခုလို အလှူလုပ်ရတာဖြစ်ပါတယ်" ဟု ၎င်းက ပြောသည်။

သူမတို့နှစ်ဦးသည်  Miss Burma (Supranational) 2021 ပြိုင်ပွဲကို မန္တလေးမြို့တွင် သွားရောက် ယှဉ်ပြိုင်ကြရမည်ဖြစ်ပြီး ၎င်းပြိုင်ပွဲတွင် Crown(သရဖူ) ဆုအား ရွေးချယ်ခံရပါက ဒုတိယအဆင့် အနေဖြင့် ပိုလန်နိုင်ငံတွင် သွားရောက်ယှဉ်ပြိုင်ရမည်ဟု သိရသည်။

ယခု ကိုဗစ်ကာလဖြစ်သောကြောင့် သွားရောက်ယှဉ်ပြိုင်မည့် နေ့စွဲကို ထုတ်ပြန်ခြင်းမရှိသေးဟု ကိုစံသာက ပြောသည်။

အလှမယ် မစိုးထက်နွယ်က ̏ ဒီပြိုင်ပွဲမှာ ဆုရခဲ့လို့ရှိရင် ပရဟိတလုပ်ငန်းတွေမှာ ပါဝင်ပြီးတော့ ဆောင်ရွက် သွားမယ်။ ပြီးတော့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီးတော့ သူတို့ရဲ့တာဝန်တွေကို ကျမတို့က ထမ်းဆောင်ရမှာ ဖြစ်တယ်။  တတ်နိုင်သလောက် ကျမတို့ ရခိုင်ပြည်မှာဖြစ်နေတဲ့ အရာတွေအတွက် အကူညီတွေ လိုအပ်တာရှိရင် ကျမအနေနဲ့ ပူပေါင်းပါဝင်သွားဖို့ အဆင်သင့်ပါ ̋ ဟုပြာသည်။

Share: