သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

အာကာသယာဉ်အပိုင်းအစအချို့ ရခိုင့်ပင်လယ်ပြင်တွင် ဒီဇင်ဘာ ၆ ရက်နှင့် ၁၂ရက်အတွင်း ထပ်မံကျရောက်မည်ဟု သတိပေးချက်ထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ နိုဝင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 2.2k

ချစ်အိလှိုင်
နိရဥ္စရာ၊ နိုဝင်ဘာ ၃ဝ/ ၂ဝ၂၁
တရုတ်အာကာသယာဉ်အပိုင်းအစအချို့သည် ရခိုင့်ပင်လယ်ပြင်တွင် ဒီဇင်ဘာ ၆ ရက်မှ ၁၂ ရက်အတွင်း ထပ်မံကျရောက်မည်ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက သတိပေးထုတ်ပြန်ထားသည်။
အဆိုပါ တရုတ်အာကာသယာဉ်အပိုင်းအစ Spaceflight အချို့သည် လာမည့် ဒီဇင်ဘာ ၆ ရက်မှ ၁၂ ရက်အတွင်း နေ့စဉ် နံနက် ၅ နာရီခွဲမှ ၈ နာရီခွဲအတွင်း ရခိုင်ပြည်နယ် မာန်အောင်လေဆိပ်၏ အနောက်တောင်ဘက် ရေမိုင် ၂၈ မိုင်၊ သံတွဲလေဆိပ်မှ ရေမိုင် ၁၈ မိုင်၊ ပုသိမ်လေဆိပ်မှ ရေမိုင် ၆၁ မိုင်အကွာရှိ ဘင်္ဂလားပင်လယ်အော်အတွင်း ကျရောက်နိုင်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၏ နိုဝင်ဘာလ ၁၆ ရက်က သတိပေးထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
အဆိုပါကိစ္စမှာဟုတ်မှန်ကြောင်း ဂွမြို့နယ်၊ ကျိန္တလီမြို့ ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူး ဦးကိုကိုနိုင်က နိရဥ္စရာကို အတည်ပြုပြောကြားသည်။
“ကျွန်တော်တို့ဆီကိုတော့ ညွှန်ကြားစာရောက်ပါတယ်။ ဒီသတင်းကမှန်ပါတယ်” ဟုပြောသည်။
အဆိုပါထုတ်ပြန်ချက်တွင် “တရုတ်ပြည်သူ့သမ္မတနိုင်ငံ မြို့ပြလေကြောင်းအာဏာပိုင်အဖွဲ့အစည်း (Civil Aviation Authority of China - CAAC)၊ လေကြောင်းစီမံခန့်ခွဲမှုဗျူရို (Air Traffic Management Bureau)မှ အာကာသယာဉ်၏လှုပ်ရှားမှု (Spaceflight Activities)အား လေကြောင်းအန္တရာယ်ကင်းရှင်းစေရေးအတွက် သတိပေးခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။
သက်ရောက်မည့်ဧရိယာမှာ မြန်မာ့လေပိုင်နက်(Yangon FiR)အတွင်းရှိ International Airway P646 နှင့် N895/G472 တို့ကို သက်ရောက်မှုရှိနိုင်သဖြင့် လေယာဉ်များ ဘေးအန္တရာယ်ကင်းရှင်းစေရန် လိုအပ်သောလေယာဉ်မှူးအသိပေးစာ(NOTAM) မြန်မာ့လေပိုင်နက်အတွင်း ဖြတ်ကျော်ပျံသန်းမည့် နိုင်ငံတကာလေကြောင်းလိုင်းများ သိရှိနိုင်ရန် ထုတ်ပြန်ထားပြီးဖြစ်သည်ဟုလည်း ဖော်ပြထားသည်။
စစ်တွေမြို့အနီး ရခိုင့်ပင်လယ်ပြင်သို့ ယခုလ နိုဝင်ဘာ ၂၃ ရက် နံနက် ၆ နာရီခန့်ကလည်း တရုတ်အာကာယာဉ်အပိုင်းအချို့ကျရောက်ခဲ့သဖြင့် ဒေသခံများအကြား စိုးရိမ်မှုဖြစ်ပေါ်ခဲ့ကြောင်း သံတွဲမြို့ခံ ဦးထွန်းသန့်ကျော်က ပြောသည်။
“ဒီတစ်ခါ အရမ်းနီးတယ်လေ။ သူက တည့်တည့်မကျဘဲနဲ့ ချော်ကျရင်သော်လည်းကောင်း၊ ငါးဖမ်းလှေတွေပေါ်ကို ကျလာရင်သော်လည်းကောင်း စိုးရိမ်ရတာပေါ့။ အမှန်ဆိုရင် အင်တာနယ်ရှင်နယ် ရေပိုင်နက်မှာကျတာက အကြောင်းမဟုတ်ဘူးလေ။ လေယာဉ်တွေကလည်း ဆင်းနေကြတာဆိုတော့ ဘာပဲဖြစ်ဖြစ် ထိခိုက်မှုဖြစ်မှာစိုးရိမ်တာပေါ့” ဟုပြောသည်။
မြန်မာနိုင်ငံအတွင်း ယခုကျရောက်မည့်တရုတ်အာကာသယာဉ်အပိုင်းအစများကျရောက်၍ ထိခိုက်မှုတစ်စုံတစ်ရာဖြစ်ပွားခဲ့ပါက တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် တာဝန်ရှိကြောင်းကို မြန်မာနိုင်ငံ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက တရုတ်နိုင်ငံ မြို့ပြလေကြောင်း ထိန်းသိမ်းရေးဌာနသို့ အကြောင်းကြားထားသည်ဟုလည်း ယခုထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။
ဓာတ်ပုံ - နိုဝင်ဘာ ၂၃ ရက်က စစ်တွေမြို့အနီး ရခိုင့်ပင်လယ်ပြင်သို့ တရုတ်အာကာသယာဉ်အပိုင်းအစအချို့ ကျရောက်ခဲ့စဉ်။ Photo - Mra Thiri

ဆက်စပ် သတင်းများ