ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

ရခိုင်ပင်လယ်ပြင်သို့ တရုတ်အာကာသယာဉ်အပျက်အစီးပစ္စည်းများ ထပ်မံကျရောက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ မတ် ၂၀၂၂
  • | ကြည့်ရှုသူ: 7.4k

ပိုးဝါ
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၂၇/ ၂ဝ၂၂
ရခိုင်ပင်လယ်ပြင်ထဲသို့ ယနေ့ နံနက်ပိုင်းက တရုတ်အာကာသလွန်းပျံယာဉ်အပျက်အစီးပစ္စည်းများ ထပ်မံကျရောက်ခဲ့သည်ဟု သိရသည်။
ယနေ့ ဖေဖော်ဝါရီ ၂၇ ရက် နံနက် ၅ နာရီခွဲခန့်က အသံကျယ်ကျယ်နှင့် ပေါက်ကွဲသံ သုံးချက်ကြားခဲ့ရပြီး မာန်အောင်မြို့အနီး ပင်လယ်ပြင်အတွင်း ကျဆင်းသွားသည်ကို မြင်တွေ့ခဲ့ရကြောင်း မာန်အောင်ဒေသခံတစ်ဦးဖြစ်သည့် ကိုဌေးနိုင်က နိရဥ္စရာကို ပြောသည်။
"အဲ့ဒီအထက်ကကျတဲ့ ပစ္စည်းဟာ ပေါက်ကွဲသံ သုံးချက် ဒီနေ့ စကြားရပါတယ်။ ဒီနေ့ မနက် ၅ ခွဲလောက်က ကျဆင်းလာတာ"ဟု ပြောသည် ။
၎င်းအာကာသယာဉ်အပျက်အစီးပစ္စည်းများမှာ ဖေဖော်ဝါရီ ၂၆ ရက်နေ့မှ မတ်လ ၂ ရက်နေ့အတွင်း ရခိုင်ပြည်နယ် သံတွဲလေဆိပ်၏အနောက်တောင်ဘက် ရေမိုင် ၃ဝ ခန့်အကွာနှင့် မာန်အောင်လေဆိပ်၏ အနောက်တောင်ဘက် ရေမိုင် ၆၃ မိုင်အကွာ ဘင်္ဂလားပင်လယ်အော်အတွင်း ကျရောက်နိုင်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနနှင့် လေကြောင်းဦးစီးဌာနတို့က သတိပေးချက်များ ထုတ်ပြန်ထားသည်ဟု သိရသည်။
အဆိုပါအာသာသယာဉ်အပျက်အစီးအစိတ်အပိုင်းကျရောက်နိုင်သည့်နယ်နိမိတ်အတွင်းသွားလာနေသော ရေယာဉ်ကြီးငယ်များ၊ ကုန်တင်သင်္ဘောများ၊ စက်လှေများနှင့် စက်တပ်သမ္ဗာန်များ သွားလာခြင်း၊ ကျောက်ချရပ်နားခြင်းမပြုကြရန်လည်း သတိပေးစာတွင် ဖော်ပြထားသည်။
တရုတ်အာကာသလွန်းပျံယာဉ်မှ အစိတ်အပိုင်းများသည် လွန်ခဲ့သည့် ၂ဝ၂၁ ခုနှစ်၊ နိုဝင်ဘာ ၂၃ ရက် နံနက်ပိုင်းနှင့် ဒီဇင်ဘာ ၂၃ ရက်တို့ကလည်း ရခိုင်ပင်လယ်ပြင်အတွင်းသို့ကျရောက်ခဲ့ဖူးသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၂၆ ရက်ကလည်း ကောင်းကင်ပေါ်မှ ပေါက်ကွဲသံများနှင့်အတူ အမျိုးအမည်မသိပစ္စည်းတစ်ခု မာန်အောင်နှင့် သံတွဲမြို့အနီးပင်လယ်ပြင်သို့ ကျရောက်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ - ဇန်နဝါရီ ၂၆ ရက်က ရခိုင်ပင်လယ်ပြင်သို့ ပေါက်ကွဲသံနှင့်အတူ အမျိုးအမည်မသိပစ္စည်း ကျရောက်ခဲ့စဉ်။

ဆက်စပ် သတင်းများ