သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ရခိုင့်ပင်လယ်ပြင်သို့ တရုတ်အာကာသယာဉ်အပို်င်းအစများ ဇွန် ၂၅ ရက်မှ ၃ဝ ရက်အတွင်း ကျလာနိုင်၍ အထူးဂရုပြုသွားလာကြရန် သတိပေးထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 3.5k

နိရဥ္စရာ၊ ဇွန် ၁၆/၂၀၂၂
တရုတ်အာကာသ လွန်းပျံယာဉ်အပိုင်းအစများသည် ရခိုင့်ပင်လယ်ပြင်သို့ လာမည့်ဇွန်လ ၂၅ ရက်မှ ၃၀ ရက်အတွင်း ကျရောက်လာနိုင်၍ အထူးဂရုပြုသွားလာကြရန် ရေကြောင်းသတိပေးချက်တစ်ခုကို ပြည်နယ်ဆိပ်ကမ်းရုံးက ထုတ်ပြန်ထားသည်ဟု သိရသည်။
တရုတ်အာကာသယာဉ်အပိုင်းအစများသည် ဇွန်လ ၂၅ ရက်နေ့မှ ၃၀ ရက်နေ့အထိ နေ့စဉ် ည ၈ နာရီခွဲမှ နံနက် ၂ နာရီခွဲအတွင်း မာန်အောင်လေဆိပ်၏ အနောက်တောင်ဘက် ရေမိုင်(၅၇)မိုင်ခန့်၊ သံတွဲလေဆိပ်၏ အနောက်တောင်ဘက် ရေမိုင်(၄၃)မိုင်ခန့်နှင့်် ပုသိမ်လေဆိပ်၏ အနောက်မြောက်ဘက်ရေမိုင် (၅၄)မိုင်ခန့်အကွာ ဧရိယာအတွင်း ကျရောက်နိုင်သည်ဟု ဇွန်လ ၉ ရက်က ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ယင်းသို့ကျရောက်နိုင်သည့်အတွက် ပင်လယ်ပြင်အတွင်း ရေယာဉ်များဖြတ်သန်းသွားလာရာ၌ အထူးဂရုပြုသွားလာကြရန် ထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။
အဆိုပါထုတ်ပြန်ချက်နှင့်ပတ်သက်၍ ကမ်းဝေးငါးဖမ်းသမားတစ်ဦးက ၎င်းတို့အနေဖြင့် ယင်းထုတ်ပြန်ချက်အား မသိရှိရသေးကြောင်း နိရဥ္စရာသို့ပြောသည်။
“မသိရသေးဘူး အခုထိတော့။ အရင်တုန်းကတော့ ထုတ်ပြန်တာကြားရတယ်။ အရင် ဟိုးလတုန်းကတစ်ခါတော့ မာန်အောင်မှာ အဲဒီသံထည်အပိုင်းအစတွေကို ပင်လယ်မှာ မျောလို့တစ်ခါမြင်လိုက်ရတယ်။ အဲဒါတွေကြောင့် ငါးဖမ်းရတာ နည်းနည်းစိုးရိမ်တာတော့ ရှိတယ်” ဟုပြောသည်။
တရုတ်အာကာသယာဉ်အပိုင်းအစများသည် ရခိုင့်ပင်လယ်ပြင်သို့ ဧပြီလ ၇ ရက်အတွင်းတစ်ကြိမ်၊ ဖေဖော်ဝါရီ ၂၆ ရက်မှ မတ်လ ၂ ရက်အတွင်း တစ်ကြိမ်၊ ဇန်နဝါရီလအတွင်းတစ်ကြိမ်၊ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် တစ်ကြိမ်၊ နိုဝင်ဘာလတွင် တစ်ကြိမ်နှင့် ၂ဝ၂ဝ ပြည့်နှစ်၊ ဒီဇင်ဘာလတွင် တစ်ကြိမ် ကျရောက်ခဲ့ဖူးကြောင်း သိရသည်။
ယခုကဲ့သို့ တရုတ်အာကာသယာဉ်အပိုင်းအစများသည့် ရခိုင့်ပင်လယ်ပြင်သို့မကြာမကြာကျရောက်နေရခြင်းမှာ ဒေသခံရေလုပ်သားများအတွက်လည်း အန္တရာယ်ရှိသလို မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏လက်အောက်မှ မလွတ်နိုင်ဆိုသည်ကို ပြသရာရောက်ပြီး ဘင်္ဂလားပင်လယ်အော်ကို တရုတ်မှ စစ်ရေးအရလွှမ်းမိုးသည့်လုပ်ကွက်ဟု မြင်မိကြောင်း မာန်အောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးကျော်သန်းက သုံးသပ်ပြောဆိုသည်။
“တစ်နည်းအားဖြင့်ပြောရမယ်ဆိုရင် ဒေသခံရေလုပ်သားတွေအတွက် အန္တရာယ်လည်းများသလို၊ ကြေညာချက်ထုတ်ပြီးမှ အခြားပြည်နယ်တွေမှာ ချလို့မရဘူးလား၊ ရခိုင်ပြည်မှာပဲ ဘာလို့ချရလဲဆိုတဲ့ ကျနော့်အမြင်ပဲတွေးကြည့်တာပေါ့နော်။ နိုင်ငံရေးအရ တရုတ်ရဲ့လွှမ်းမိုးမှုအောက်မှာ မြန်မာနိုင်ငံကျရောက်နေတဲ့အတွက် တရုတ်က စစ်ရေးအရ အနောက်အုပ်စုတွေလာပြီးတော့ လုပ်လို့မရအောင်လုပ်ပြနေတဲ့ သဘောမျိုးလို့မြင်တယ်” ဟု ပြောသည်။ (NN-8)
ဓာတ်ပုံ - တရုတ်အာကာသယာဉ်အပိုင်းအစများ ဇန်နဝါရီ ၂၆ ရက်က ရခိုင်ပင်လယ်ပြင်သို့ ပေါက်ကွဲသံနှင့်အတူကျရောက်ခဲ့စဉ်။

ဆက်စပ် သတင်းများ