စနေ၊ ဇူလိုင်လ ၂၇ရက်၊ ၂၀၂၄

တောင်ကုတ်မြို့နယ်တွင် ULA/AA ကိုတရားမဝင်အဖွဲ့အစည်းဟုဆိုကာ မပတ်သက်ရန် စစ်ကောင်စီတပ်သားများက ကျေးရွာများတွင်လှည့်လည်သတိပေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ ဖေဖော်ဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 783

နိရဥ္စရာ၊ ဖေဖော်ဝါရီ ၁/၂၀၂၃

 

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ခူးတိုက်နယ်တွင် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် (ULA/AA)  အဖွဲ့မှာ တရားမဝင်အဖွဲ့အစည်းဟုဆိုကာ မပတ်သက်ရန် စစ်ကောင်စီတပ်သားများက တစ်ရွာဝင်တစ်ရွာထွက် လှည့်လည်ကာ ကျေးရွာသားများကို သတိပေးပြောဆိုမှုများ ရှိနေကြောင်း ဒေသခံများက ပြောကြားသည်။

 

အမည်မဖော်လိုသူ ရွာသားတစ်ဦးက "ULA/AA အဖွဲ့နဲ့မပတ်သက်ဖို့၊ ULA/AA ကအမျိုးသား ရန်ပုံငွေကောက်လို့ရှိရင် မထည့်ဖို့၊ ရွာမှာ အမှုအခင်းဖြစ်ရင် ULA/AA ကိုမတိုင်ဘဲ သူတို့ခန့်ထားတဲ့ ကျေးရွာတွင်းက ရာအိမ်မှူး၊ အုပ်ချုပ်ရေးမှူးတွေကို တိုင်ဖို့ပြောပါတယ်။ နောက်ပြီး တရားမဝင်အဖွဲ့ကို မထောက်ပံ့ဖို့ ပြောပါတယ်"ဟု ပြောသည်။

 

ဖေဖော်ဝါရီ ၁၆ ရက် နံနက် ၉ နာရီခန့်က တောင်ကုတ်မြို့နယ် ၊ ခူးတိုက်နယ်၊ ချောင်းသုံးခွရွာ ဘုန်းတော်ကြီးကျောင်းတွင် တပ်စွဲခဲ့သည့်  စစ်ကောင်စီတပ်သား ၃၀ ခန့်သည် ကားနှစ်စီးနှင့် သက္ကယ်ပြင်ကျေးရွာဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိလာကာ ရွာသားများနှင့် အစည်းအဝေးတစ်ခု ပြုလုပ်ခဲ့သည်ဟု သိရသည်။

 သူတို့က လူထုတွေကို လိုက်လံစည်းရုံးနေတယ်။ မနေ့က သက္ကယ်ပြင်ရွာ ဘုန်းတော်ကြီးကျောင်းကို ရောက်လာပြီး ရွာသားတွေကို အစည်းအဝေးခေါ်ပြီး ပြောတာ။ အေအေက တရားမဝင် အဖွဲ့အစည်း၊ မပတ်သက်ကြဖို့ ပြောတာ  ဟု ၎င်းရွာသားက ပြောသည်။.

 

နံနက် ၁၁ နာရီခန့်မှာ အဆိုပါ စစ်သားများထဲမှ ၁၀ ကျော်ကားသည် ကားနှင့် တောင်ကုတ်ဘက်သို့ ထွက်သွားပြီး ကျန်တစ်ဆယ်ကျော်မှာ ဘုန်းကြီးကျောင်းတွင် တပ်စွဲလျှက်ရှိကြောင်း သိရသည်။ 

 

ယင်းအပြင် စစ်ကောင်စီတပ်သားများသည်  တောင်ကုတ်မြို့နယ်အတွင်းမှ တခြားကျေးရွာတစ်ချို့ရှိ ဘုန်းကြီးကျောင်း နှင့် စာသင်ကျောင်းများတွင် ဝင်ရောက်နေရာယူတပ်စွဲမှုများရှိနေပြီး ULA/AA နှင့်ဆက်စပ်သူများကို စုံစမ်းမှုများလည်း ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

 

တောင်ကုတ်မြို့နယ်မှ ကုလရောင်ကျေးရွာ၊ ခရိုင်ကျေးရွာ၊ ချောင်းသုံးခွ၊ ပန်းထော် ကျေးရွာတို့တွင်လည်း စစ်ကောင်စီ တပ်သားများ လာရောက်စခန်းချကာ စစ်ကြောင်း လှည့်လည်မှုများ ရှိနေသည်ဟု ဒေသခံများက ပြောသည်။ 

 

ခရိုင်ရွာတွင်လည်း စစ်ကောင်စီတပ်သားများရောက်ရှိခဲ့စဉ်က ဒေသခံများကို ULAတရား စီရင်ရေးနှင့် ပတ်သက်သည့်အကြောင်းအရာများ၊ ULA တရားရုံးတွင် အမှုရင်ဆိုင်နေသူများကို စုံစမ်းမှုများပြုလုပ်နေသည်ဟု အမည်မဖော်လိုသည့် သတင်းရင်းမြစ်တစ်ဦးကပြောသည်။

 

"အရင်တုန်းကလိုတော့ အားနဲ့မာန်နဲ့ မေးမြန်းပြောဆိုတာမရှိဘူး။ ဒီအတိုင်း နယ်မြေအခြေအနေကို ကြည့်ရှုပုံ ရပါတယ်။ ဒီကာလမှာ ရသလောက်ပြန်စည်းရုံးချင်တဲ့သဘောပေါ့"ဟု ပြောသည်။ 

 

ယခုကဲ့သို့ အပစ်အခတ်ရပ်ထားသည့် ကာလအတွင်း စစ်ကောင်စီက ရခိုင်ပြည်နယ် မြောက်ဘက်ပိုင်းကို မထိုးဖောက်နိုင်တော့သည့်အတွက် ULA/AA အုပ်ချုပ်ရေးအာဏာ အားနည်းနေသေးသည့် ရခိုင်ပြည်နယ်၊  တောင်ကုတ်၊ သံတွဲ နှင့် မာန်အောင်မြို့နယ်များကို နယ်မြေပြည်လည်ရယူချင်သည့်အနေနှင့် စည်းရုံးရေး ဆင်းနေခြင်းဖြစ်ကြောင်း၊ သို့သော်လည်း  ၎င်းတို့၏ ပြောဆိုမှုများမှာ အရာထင်နိုင်မည်မဟုတ်ကြောင်း တောင်ကုတ်လူငယ်ကွန်ရက်မှ အမည်မဖော်လိုသူတစ်ဦးက ပြောသည်။ 

 

" အခုလိုကာလမှာ သူတို့အနေနဲ့က ရမလားပေါ့။ ပြန်စည်းရုံးတယ်။ နယ်မြေအခြေအနေကို လေ့လာတယ်။ ဒါပေမယ့် လူတွေက အကုန်အကြောင်းသိနေကြတာဘဲ။ သူတို့ဘာပြောပြော အရာထင်မယ်လို့မထင်ပါဘူး။ သတိတော့ ထားရမှာပေါ့။ အရင်တကျော့ပြန်တိုက်ပွဲမတိုင်ခင်ကလည်း ဒါမျိုးတွေအများကြီးလုပ်ခဲ့ပြီး ဖမ်းဆီးခံရတာတွေ အများကြီးရှိခဲ့တယ်လေ"

 

စစ်ကောင်စီသည် ရက္ခိုင့်တပ်တော်(AA)တို့ အလွတ်သဘောအပစ်ရပ်ထားချိန်တွင် နှစ်ဖက် ယုံကြည်မှုကို ခိုင်မာအောင်တည်ဆောက်ရမည့်အစား လက်နက်ခဲယမ်းကျောက်နှင့် ရိက္ခာများဖြည့်တင်းခြင်း၊ အေအေကို ပြည်သူများ မထောက်ခံကြရန် ပြောဆိုစည်းရုံးမှုများကို ပြုလုပ်နေသောကြောင့် ရရှိနေသောငြိမ်းချမ်းရေး ထိခိုက်မည်ကို  အများပြည်သူများ စိုးရိမ်မှုများရှိနေသည်ဟု ဒေသခံများက ပြောဆိုသည်။ (NN-7)

ဆက်စပ် သတင်းများ