စနေ၊ ဇူလိုင်လ ၂၇ရက်၊ ၂၀၂၄

ကျောက်ဖြူမြို့နယ်တွင် ULA/AA နှင့်မပတ်သက်ကြရန် စစ်ကောင်စီတပ်က တစ်ရွာဝင်တစ်ရွာထွက် စည်းရုံးမှုများရှိနေဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ မတ် ၂၀၂၃
  • | ကြည့်ရှုသူ: 9.8k

နိရဉ္စရာ၊ မတ် ၁၀ /၂၀၂၂

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် ဇင်ချောင်းတိုက်နယ်တွင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)၊ ရက္ခိုင်တပ်တော် (AA) နှင့် မပတ်သက်ကြရန် စစ်ကောင်စီတပ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များပူးပေါင်းပြီး တစ်ရွာဝင်တစ်ရွာထွက် စည်းရုံးရေးဆင်းနေကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်သားများနှင့် ရဲတပ်ဖွဲ့ဝင် အင်အား ၃၀ ကျော်သည် ကျောက်ဖြူမြို့နယ် ဇင်ချောင်းတိုက်နယ်ရှိ ကျေးရွာများသို့ ပြီးခဲ့သည့် ဖေဖော်ဝါရီလမှစ၍ လာရောက်ကာ ရွာသူ၊ ရွာသားများကို မှုခင်းကိစ္စများဖြစ်ပေါ်ပေါက်ပါက စစ်ကောင်စီရဲစခန်းများသို့ လာရောက် တိုင်ကြားရန်နှင့် ULA နှင့် မပတ်သက်ရန်ပြောကြားခဲ့သည်ဟု ဇင်ချောင်းတိုက်နယ်အုပ်စုရှိ ဝက်တောပြင်ကျီးတွေကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။

 

"အနီးအနားကျေးရွာတွေက ဘုန်းကြီးကျောင်းတွေကိုသွားပြီး ULA နဲ့ဆက်စပ်မှုမလုပ်ရ၊ မှုခင်းတွေဖြစ်လာရင်လည်း စစ်ကောင်စီရဲ့ရဲဌာနတွေကိုတိုင်ရမယ်လို့ ပြောခဲ့တာတွေရှိတယ်။ ဖေဖော်ဝါရီလလောက်ကနေ တစ်လလုံးအချိန် ပြည့်သွားနေတာပါ။ ဇင်ချောင်းတိုက်နယ်ကရွာတွေရဲ့ ဘုန်းကြီးကျောင်းတွေမှာ စခန်းချတယ်။ ရွာသားတွေကို ဆေးကုပေးမယ်၊ ဘာတွေလိုအပ်လဲဆိုပြီး  စည်းရုံးရေးဆင်းတာတွေရှိတယ်။ ပြည်သူတွေကို သူတို့ရှိတဲ့ ဘုန်းကြီးကျောင်းတွေကို ခေါ်ပြီးပြောတာတွေရှိတယ်" ဟုပြောသည်။

အဆိုပါအဖွဲ့သည် ဇင်ချောင်းတိုက်နယ်ရှိ ဝက်တောပြင်ကျီးတွေ၊ ဝက်တောပြင်ကုန်းဘောင်၊ အလယ်ရွာသစ်၊ ကင်းပင်လယ်နား၊ ကင်းအောင်ဇေယျနှင့်အစရှိသည့် အနီးအနားကျေးရွာများသို့ ၁ဝ ရက်ခန့်တစ်ကြိမ် ရွေ့ပြောင်းသွားလာကာ စည်းရုံးရေးဆင်းနေကြခြင်းဖြစ်ကြောင်း ပြောသည်။

အဆိုပါအဖွဲ့သည် တစ်ခါတစ်ရံ ကျေးရွာသားများကို စည်းရုံးရေးဆင်းသည့်အနေဖြင့် မုန့်ဟင်းခါးလည်း ချက်ကျွေးသည်ဟု ဒေသခံများက ပြောသည်။

လက်ရှိဇင်ချောင်းတိုက်နယ်သို့ စည်းရုံးရေးဆင်းရန် ရောက်ရှိနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကျောက်ဖြူမြိူ့ရှိ ခလရ (၃၄)တပ်ရင်းမှ စစ်ကောင်စီတပ်သားများဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ ဇင်ချောင်းတိုက်နယ်တွင် စစ်ကောင်စီတပ်သားများ လှည့်လည်သွားလာနေသည့်အပေါ်တွင် ဝက်တောပြင်ကုန်းဘောင်ရွာသားတစ်ဦးက "အခုတစ်လောစစ်သားတွေ အသွားအလာ လှုပ်ရှားမှုတွေအရမ်းများနေတာရှိတယ်။ နောက်ထပ် ရခိုင်ပြည်သူတွေ ထပ်မံဖမ်းဆီးခံရမှာကို စိုးရိမ်မှုတွေရှိတယ်။ ဒေသခံတွေအနေနဲ့လည်း သတိထားသွားလာကြရင် ကောင်းမယ်"ဟုပြောသည်။

အဆိုပါစစ်ကောင်စီတပ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များလာရောက်စည်းရုံးရေးဆင်းနေမှုသည် ဒေသခံပြည်သူများက ၎င်းတို့အပေါ် အကောင်းမြင်စိတ်ပေါ်လာအောင် ဆွဲဆောင်နေခြင်းဖြစ်သည်ဟု မြင်မိကြောင်း ဝက်တောပြင်ကျီးတွေရွာမှ နောက်ထပ် အမည်မဖော်လိုသူ ကျေးရွာသားတစ်ဦးက ပြောသည်။

မကြာသေးခင်ကလည်း တောင်ကုတ်မြို့ရှိ ရွာအချို့တွင် စစ်ကောင်စီတပ်သားများက ဒေသခံများကို ULA နှင့်ပတ်သက်မှုမပြုလုပ်ရန် ပြောကြားမှုများရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

ရခိုင်တွင် တိုက်ပွဲများရပ်တန့်ပြီး တည်ငြိမ်းအေးချမ်းနေစဉ် စစ်ကောင်စီတပ်က တောင်ကုတ်၊ သံတွဲနှင့် ULA/AA နှင့် မပတ်သက်ရန်၊ အဆက်အသွယ်မလုပ်ရန်၊ ကူညီထောက်ပံ့ခြင်းများမလုပ်ရန်နှင့် ULA/AA သည် တရားမဝင်အဖွဲ့အစည်းဆိုကာ ဒေသခံများကို ပြောဆိုစည်းရုံးနေသည်ဟု ULA/AA ပြောခွင့်ရ ဦးခိုင်သုခက ဖေဖော်ဝါရီ ၂၇ ရက်တွင် ပြုလုပ်ခဲ့သည့် ULA/AA ၏ သတ္တမအကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

စစ်ကောင်စီတပ်၏ ယခုလုပ်ရပ်များကို ဆက်တိုက်လုပ်ဆောင်လာနေမှုသည် အချိန်မရွေးတိုက်ပွဲလမ်းကြောင်းကို ပြန်ရောက်သွားစေနိုင်သည်ဟုလည်း ဦးခိုင်သုခက ပြောသည်။

"မြန်မာစစ်တပ်အနေနဲ့ ဒီလိုလုပ်ရပ်၊ အပြုအမူတွေကို ဆက်လို့ ဆိုးဆိုးဝါးဝါးလုပ်ဆောင်လာရင် တိုက်ပွဲလမ်းကြောင်းကို အချိန်မရွေးပြန်ရောက်သွားနိုင်ပါတယ်" ဟု ပြောသည်။

ရခိုင်တွင် ရက္ခိုင့်တပ်တော်(AA)နှင့် မြန်မာစစ်ကောင်စီတပ်တို့သည် ၂ဝ၂၂ ခုနှစ်အတွင်း ၄ လကြာ တကျော့ပြန်တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့သည်။

တကျော့ပြန်တိုက်ပွဲများကို ဂျပန်အစိုးရ၏ မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဆာဆာကာဝါ၏ကြားဝင်ညှိနှိုင်းပေးမှုကြောင့် ယင်းနှစ် နိုဝင်ဘာလ ၂၆ ရက်မှစတင်ကာ နားလည်မှုဖြင့် နှစ်ဘက်အပစ်အခတ်ရပ်စဲထားသည်မှာ ယနေ့တိုင်ဖြစ်သည်။

အပစ်ရပ်ထားသော်လည်း နေ့စဉ်လူမှုဘဝလွတ်လပ်စွာ သွားလာနေထိုင်ခွင့်မရသေးဘဲ ကန့်သတ်တားဆီးပိတ်ပင်မှုများကို ရခိုင်ပြည်သူများ ခံစားနေရဆဲဖြစ်ပြီး တစ်ဘက်ကလည်း စစ်ကောင်စီက လူ၊ လက်နက်၊ ရိက္ခာအင်အားများ ဖြည့်တင်းမှုများကို နေစဉ်လုပ်ဆောင်နေလျက်ရှိနေဆဲဖြစ်ကြောင်း ဒေသခံပြည်သူများက ပြောသည်။ (NN-8)

 

ဓာတ်ပုံ- ပြီးခဲ့သည့်ရက်ပိုင်းကဖြစ်ပွားခဲ့သည့် စစ်တွေရှိ မီးလောင်မှုတစ်ခုတွင် စစ်ကောင်စီတပ်သားအချို့အားတွေ့ရစဉ်။

ဆက်စပ် သတင်းများ