စနေ၊ ဇူလိုင်လ ၂၇ရက်၊ ၂၀၂၄

စစ်ကောင်စီက လွတ်ငြိမ်းခွင့်ပြုသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ဝင် ၂၂ ဦးတွင် AA အဖွဲ့ဝင် ၁ ဦးသာပါဝင်


  • ရေးသူ: Web Master (NN 03)
  • | ရက်စွဲ: ၀၁ သြဂုတ် ၂၀၂၃
  • | ကြည့်ရှုသူ: 656

စစ်ကောင်စီက သြဂုတ်လ ၁ ရက်တွင် လွတ်ငြိမ်းခွင့်ပြုသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဝင် ၂၂ ဦးအနက် ရက္ခိုင့်တပ်တော်(AA)မှ တစ်ဦးသာ ပါဝင်သည်ဟု သိရသည်။

AA အဖွဲ့မှ လွတ်မြောက်လာသောသူမှာ သတ/၂၃/၀၀၃၈၉/က အောင်နိုင်မြင့်(ဘ) ဦးချစ်မောင် ဖြစ်သည်ဟု သိရသည်။

စစ်ကောင်စီ၏လွတ်ငြိမ်းခွင့်အမိန့်ထုတ်ပြန်ချက်တွင် ဒုတိယဝါဆိုလပြည့်နေ့၌ ကျရောက်သည့် ဓမ္မစကြာအခါတော်နေ့ အထိမ်းအမှတ် အားဖြင့်လည်းကောင်း၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး ရှေးရှုသော အားဖြင့်လည်းကောင်း အကျဉ်း ထောင်များတွင် ပြစ်ဒဏ်ကျခံလျက်ရှိသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ဝင် ၂၂ ဦးကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁) အရ လွတ်ငြိမ်းခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

“ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ “နောက်တစ်ကြိမ်ပြစ်မှု ထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်” ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြုလိုက်သည်” ဟုပါရှိသည်။

ယင်းထုတ်ပြန်ချက်ထဲတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ဝင်များဖြစ်သည့် MNDAAမှ ၂ ဦး၊ TNLA မှ ၁၆ ဦး၊ SSPP/SSA မှ ၃ ဦး နှင့် AA မှ ၁ ဦး တို့ကို နာမည်နှင့်တကွ ဖော်ပြထားသည်။



AA အဖွဲ့ဝင် လွတ်မြောက်လာခြင်း ဟုတ်/ မဟုတ်နှင့် ပတ်သက်၍ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် (ULA/AA) ပြောခွင့်ရသူ ဦးခိုင်သုခကို နိရဉ္စရာက ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

ယနေ့တွင် ကျရောက်သည့် ဒုတိယဝါဆိုလပြည့်နေ့တွင် စစ်ကောင်စီက မြန်မာနိုင်ငံမှ အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/သူ ၇၇၄၉ ဦးတို့ကို ပြစ်ဒဏ် လျှော့ပေါ့ကာ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်သည်ဟု သိရသည်။

ထို့အပြင် နိုင်ငံတော် သမ္မတဟောင်း ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်တို့ကိုလည်း ပြစ်မှုထင်ရှားပြီး ပြစ်ဒဏ်ကျခံရန်ကျန်ရှိသည့် ပြစ်ဒဏ်များအားလည်း လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်သည်ဟုလည်း သိရသည်။

 

ဓာတ်ပုံ - AA တပ်ဖွဲ့ဝင်အချို့အား တွေ့ရစဥ်။

 

ဆက်စပ် သတင်းများ