တနင်္လာ၊ မေလ ၁၃ရက်၊ ၂၀၂၄

ရခိုင်တောင်ပိုင်းမြို့နယ်များကို AA ဝင်ရောက်တိုက်ခိုက်မည်ကိုစိုးရိမ်၍ စစ်ကောင်စီက သံတွဲမြို့တွင် ဝါဒဖြန့်စာများကပ်


  • ရေးသူ: Web Master (NN 23)
  • | ရက်စွဲ: ၁၁ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 3.4k

ရခိုင်ပြည်နယ် တောင်ပိုင်းမြို့နယ်များကို ရက္ခိုင့်တပ်တော် (AA)က ဝင်ရောက်တိုက်ခိုက်မည်ကို စိုးရိမ်၍  သံတွဲမြို့ပေါ်တွင် အေအေကို လူထုမထောက်ခံသယောင် စစ်ကောင်စီက ဝါဒဖြန့်စာများ လိုက်ကပ်နေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ ချင်းပြည်နယ် ပလက်၀ကနေ  ရသေ့တောင်၊ဘူးသီးတောင်၊မောင်တောမြို့နယ်တွေမှာ ရှိတဲ့  စစ်စခန်းတွေ  သိမ်းပိုက်ခံထားရတော့  ရခိုင်တောင်ပိုင်းမြို့နယ်တွေအ ထိ ရက္ခိုင့်တပ်တော်က ထိုးစစ်ဆင်လာမည်ကိုစိုးရိမ်ပြီး AA နဲ့ ပတ်သက်ပြီး  ပြည်သူများ အထင်အမြင်လွဲမှားအောင် စစ်တပ်က လှုံ့ဆော်ဝါဒဖြန့်မှုတွေ လုပ်တာလို့ ယူဆလို့ရပါတယ်။ ခုတစ်လော ဒီလို စာမျိုးတွေကို ဆက်တိုက်လုပ်ဆောင်လာတာကို တွေ့ရပါတယ်” ဟု ၎င်းက ပြောသည်။

လက်ရှိကပ်ထားသော စာများတွင် "ရခိုင်ပြည်တောင်ပိုင်းမှာ ULA/AA အလိုမရှိ" ဟု ပါရှိသည်ဟု ၎င်းက ပြောသည်။ 

သံတွဲမြို့၊ ဒွါရာဝတီမြို့မဈေးကြီးအနီးဝန်းကျင်နှင့် မြို့ပေါ်ရှိလူစည်ကားရာနေရာများတွင် အဆိုပါစာများကို ကပ်ထူပြားတွင်ရေးသားကာ လိုက်လံကပ်ထားခြင်းဖြစ်ကြောင်း မျက်မြင် သံတွဲမြို့ခံ လူငယ်တစ်ဦးကပြောသည်။

" ULA/ AA ကိုအလိုမရှိဆိုတဲ့စာတွေကပ်ထားတာတွေ့တယ်။ အခုမနက်ကျွန်တော်ဈေးသွားတော့ ဈေးနားမှာလည်းကပ်ထားတာကို တွေ့ခဲ့တယ်" ဟု ပြောသည်။

နောက်ထပ် သံတွဲမြို့ခံလူငယ်တစ်ဦးကလည်း  ယနေ့ နံနက်ပိုင်းက သံတွဲမြို့မဈေးကြီးအနီးရှိ အမှတ်(၂)ရပ်ကွက်၊ ဘုရင့်နောင်လမ်းထဲမှ ဗာဒံပင်တစ်ပင်တွင်စာကပ်ထားသည်ကို တွေ့ခဲ့ရကြောင်း ပြောသည်။

အဆိုပါစာများတွင်လည်း  "ရခိုင်ပြည်တောင်ပိုင်းမာ ULA/AA အလိုမဟိ" ဟု ရခိုင်ဘာသာစကားဖြင့် ရေးသားထားသည်ဟုဆိုသည်။

အဆိုပါစာများကို ဒီဇင်ဘာလ ၉ ရက်လောက်ကပင် သံတွဲမြို့ပေါ်ရပ်ကွက်များတွင် ကပ်ထားသည်ကို တွေ့ရှိရပြီး ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် (ULA/AA) ပြည်သူများက မထောက်ခံကြရန်နှင့် အမုန်းပွားစေရန် စစ်ကောင်စီက တမင်ဝါဒ ဖြန့်ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

" ဒီစာတွေကဝါဒဖြန့်တဲ့စာတွေပါပဲ။ ဒါတွေကိုမြို့ထဲနေရာတွေမှာ အခုလို ရဲရဲတင်းတင်း လိုက်ကပ်နိုင်တာဆိုလို့ စစ်ကောင်စီပဲရှိတယ်။ ပြီးတော့ဒီကပ်ထားတဲ့စာတွေကို ဘယ်သူမှ ဖြုတ်ပစ်တာမျိုးမတွေ့ရဘူး။ ULA/AA ကို ပြည်သူတွေအမြင်မကြည်လင်အောင် ဝါဒဖြန့်တာ ဖြစ်ပါလိမ့်မယ်" ဟု သူကပြောသည်။

၎င်းပြင် စစ်ကောင်စီသည် အနည်းဆုံး သံတွဲဒေသခံ အရပ်သား ၁၀ ဦးထက်မနည်းကိုလည်း အေအေနှင့် ဆက်စပ်သံသယဖြင့် ဖမ်းဆီးထာသည်ဟု သိရသည်။

ရခိုင်တွင် ရက္ခိုင့်တပ်တော် AA က ပြီးခဲ့သည့်နိုဝင် ဘာလ ၁၃ ရက်ကစတင်ပြီး စစ်အာဏာရှင်အမြစ် ပြတ်ရေးတိုက်ပွဲဖော်ဆောင်ခဲ့ပြီး လက်ရှိတွင် စစ်ကောင်စီ၏ အင်အားကြီးဗျူဟာ ကုန်းစခန်းကြီး တစ်ခုနှင့် နယ်ခြားစောင့်စခန်း လေးခုကို ထိုးစစ်ဆင် သိမ်းပိုက်ထားသလို စွန့်ခွာသွားသည့် တပ်ရင်းနှင့်စခန်းနေရာ ၅၀ ကျော်ကိုထိန်းချုပ်ထားသည်။

AA နှင့် တိုက်ပွဲများတွင် စခန်းများမကျဆုံးရေး အသည်းအသန်ခုခံနေရသည့် စစ်ကောင်စီသည် ပြည်သူလူထု အကြောက်တရား လွှမ်းမိုးအောင်ဖမ်းဆီး၊ သတ်ဖြတ်၊ ကျေးရွာမီးရှို့စသည့် လူထု ဗဟိုပြုအကြမ်းဖက်နည်း ဗျူဟာကို သုံးနေကြောင်း ရခိုင်စစ်ရေးလေ့လာသူများနှင့် ပြည်သူများက နိရဉ္စရာသို့ပြောသည်။

စစ်အာဏာရှင်အမြစ်ပြတ် စစ်ဆင်ရေး" ၁၀၂၇" သည်လက်ရှိတွင် စစ်ဆင်ရေးဒုတိယ အဆင့်ရောက်ရှိနေပြီ ဖြစ်ပြီး ​မြန်မာပြည်သူ တစ်ရပ်လုံးက စစ်ကောင်စီကိုရရာနည်းလမ်း၊ ရရာလက်နက်ဖြင့် တော်လှန်တိုက်ခိုက်ကြရန် ဒီဇင်ဘာလ ၉ ရက်၊ ညပိုင်းတွင် ညီနောင်မဟာမိတ် သုံးဖွဲ့က ထုတ်ပြန်တိုက်တွန်းထားသည်။


(NN-23)

 

ဓာတ်ပုံံ- Narinjara

သံတွဲမြို့၊ အမှတ်(၂)ရပ်ကွက်၊ ဘုရင့်နောင်လမ်းအတွင်း ကပ်ထားသည့်စာတစ်ခုအား ယနေ့မနက်ပိုင်းကတွေ့ရစဥ်

ဆက်စပ် သတင်းများ