စနေ၊ ဇွန်လ ၂၂ရက်၊ ၂၀၂၄

ဧပြီ ၈ ရက်တွင်ဖြစ်ပေါ်မည့် နေအပြည့်ကြပ်မှုဖြစ်စဉ် မက္ကဆီကို၊ အမေရိကန် နှင့် ကနေဒါနိုင်ငံတို့မှ မြင်တွေ့ရမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 1.1k

 နွေနေ/ နိရဉ္စရာ၊ ဧပြီ ၂/၂၀၂၄ (နိုင်ငံတကာ)

လာမည့် ဧပြီလ ၈ရက်နေ့တွင် ဖြစ်ပေါ်လာမည့် နေအပြည့်ကြပ်မှု ( total eclipse) ဖြစ်စဉ်ကို မြောက်အမေရိကတိုက်၊ မက္ကဆီကို၊ အမေရိကန် နှင့် ကနေဒါနိုင်ငံတို့မှ သန်းပေါင်းများစွာသော လူအများ မြင်တွေ့ရလိမ့်မည်ဟု သိရသည်။

နေအပြည့်ကြပ်ခြင်းဆိုသည်မှာ လ သည် နေ နှင့် ကမ္ဘာကြား ဖြတ်သန်းသွားစဉ် နေမျက်နှာပြင် တစ်ခုလုံးကို လက ဖုံးအုပ်သွားသည့်အတွက် ကမ္ဘာမြေပေါ်မှ နေကို မမြင်တွေ့ရတော့ဘဲ အမှောင်ဖုံးသွားခြင်းကို ဆိုလိုသည်။

ယခု နေကြပ်မှုဖြစ်စဉ်ကို လ လမ်းကြောင်းဖြတ်သန်းသွားရာ မြောက်အမေရိကတိုက် မက္ကဆီကို၊ အမေရိကန် နှင့် ကနေဒါနိုင်ငံရှိ သန်းပေါင်းများစွာသော လူများ မြင်တွေ့ကြရမည်ဟု သိရသည်။

နေကို လ​၏အရိပ်က အပြည့်ဖုံးအုပ်သွားသဖြင့် နေ့အချိန်တွင် ရုတ်တရက် အမှောင်ကျသွားစဉ် နေမင်း​၏ အနားသတ် စက်ဝိုင်းကို ကမ္ဘာကမြင်တွေ့ကြရသည်။

ဤသို့ နေအပြည့်ကြတ်မှုဖြစ်ပွားစဉ် သဘာဝ​၏ တုံ့ပြန်မှုဖြင့် ရှင်သန်ကြသည့် တိရစ္ဆာန်အချို့သည် ကယောင်ခြောက်ခြားဖြစ်ပွားကာ အချိန်ခါမဟုတ် အိပ်တန်းတက်ခြင်း၊ အိပ်ရာနိုးခြင်းများ ဖြစ်လေ့ရှိသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သော နေအပြည့်ကြတ်မှုများတွင် ကျီးကန်းများ ရုတ်တရက်ပျံသန်းမှုများ ရှိခဲ့သည်။

ဧပြီလ ၈ ရက်တွင် ဖြစ်ပေါ်မည့် နေအပြည့်ကြပ်မှုဖြစ်စဉ်သည် တောင်ပစိဖိတ်မှ စတင်ပြီး မက္ကဆီကို မှတစ်ဆင့် အမေရိကန်အရှေ့ပိုင်း နှင့် ကနေဒါတို့ကို ဖြတ်သွားမည်ဖြစ်ရာ ထိုဒေသတွင် နေထိုင်သူများက နေအပြည့်ကြပ်သည်ကို မြင်တွေ့ရမည်ဖြစ်ပြီး ထိုဒေသအပြင်ဘက်က လူများက တစ်စိပ်တစ်ပိုင်း နေကြပ်သည်ကို မြင်တွေ့ရမည်ဖြစ်သည်။

​တောင်ပစိဖိတ် မက္ကဆီကိုတွင် ဒေသစံတော်ချိန် နံနက် ၁၁:၇ နာရီတွင် စတင်နေကြပ်ပြီး အမေရိကန်နိုင်ငံသို့ တက္ကဆက်ပြည်နယ်မှဝင်ရောက်မည်ဖြစ်သည်။

နေကြပ်ရာလမ်းကြောင်းသည် အိုကလာဟိုးမား၊ အာကန်ဆာ့၊ တင်နက်ဆီ၊အီလီနွိုက်၊ ကင်တပ်ကီ၊ အင်ဒီယာနာ၊ အိုဟိုင်းယိုး၊မီရှီဂန်၊ ပင်ဆယ်ဗေးနီးယား၊ နယူးယော့ခ်၊ ဗားမောင့်၊ နယူးဟမ့်ရှိုင်းယား နှင့် မိန်းပြည်နယ်များကို ဖြတ်သန်းသွားမည်ဖြစ်သည်။

ကနေဒါနိုင်ငံသို့ အွန်တာရီယိုမှ ဝင်ရောက်ပြီး ကွိဘက်၊နယူးဘန်းစ်ဝစ်၊ ပရင့်စ် အက်ဒ်ဝပ်ကျွန်း တို့ကိုဖြတ်သန်းကာ မြောက်အမေရိကကို အတ္တလန္တိတ်ကမ်းခြေ နယူးဖောင်လန်မှ ကနေဒါစံတော်ချိန် ညနေ ၅:၁၆ နာရီတွင် ထွက်ခွာမည်ဟု သိရသည်။

တစ်စိတ်တစ်ပိုင်း နေကြပ်မှု ( Partial eclipse) ဖြစ်စဉ်ကိုမူ အမေရိကန်ပြည်ထောင်စု ၄၈ ပြည်နယ်တွင် နေထိုင်သူများ မြင်တွေ့ကြရမည်ဟု ဆိုသည်။

ယခု နေကြတ်မှုကို မြန်မာနိုင်ငံမှ မြင်တွေ့ရမည် မဟုတ်ဘဲ မြောက်အမေရိက တစ်ဝန်းမှ လူများသာ မြင်တွေ့ကြရမည်ဟု သိရသည်။ ယခုကဲ့သို့ နေအပြည့်ကြပ်မှု နောက်တစ်ကြိမ်ကို မြောက်အမေရိကမှ လူများ ၂၀၄၄ ခုနှစ်ကျမှ ပြန်လည်မြင်တွေ့ရမည်ဟု ဆိုသည်။ Ref: bdnews24.

ဆက်စပ် သတင်းများ