သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ရခိုင်ပြည်နယ်က ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့လူနာ ၁၆ ဦးစလုံး ပြန်လည်သက်သာ၍ ဆေးရုံကဆင်းခွင့်ရသွားပြီ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ သြဂုတ် ၂၀၂၀
  • | ကြည့်ရှုသူ: 6.8k

ခိုင်လူလှ (ရိုးမမြေ)

နိရဥ္စရာ၊ သြဂုတ်၄/၂ဝ၂ဝ

ရခိုင်ပြည်နယ်က ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့လူနာ ၁၆ ဦးစလုံး ပြန်လည်သက်သာကောင်းမွန်သွားပြီဖြစ်၍ ဆေးရုံများမှ အသီးသီးဆင်းခွင့်ရသွားကြပြီဟု သတင်းရရှိသည်။

ဆေးရုံမှ ဆင်းခွင့်ရသွားသည့် ၎င်းလူနာများမှာ သံတွဲမှ လူနာအမှတ် ၁၈၈၊ တောင်ကုတ်မှ လူနာအမှတ် ၁၉ဝ၊ စစ်တွေမှ လူနာအမှတ် ၂၉၂၊ မောင်တောမှ လူနာအမှတ်စဉ် ၂၃၄၊ ၂၄၄၊ ၂၄၇၊ ၂၄၈၊ ၂၆၃၊ ၂၉၁၊ ၂၉၃၊ ၃၂၅၊ ၃၂၆၊ ၃၄၈၊ ဘူးသီးတောင်မြို့ လူနာအမှတ် ၂၅ဝနှင့် ၂၆၂နှင့် ကျောက်တော်မြို့မှ လူနာအမှတ် ၃၃၉ တို့  ဖြစ်ကြသည်။ 

မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က “ နောက်ဆုံး မောင်တောပြည်သူ့ဆေးရုံမှာ ကျန်နေတဲ့ လူနာ ၂ ယောက်က ဒီနေ့ ဆင်းခွင့်ရပါတယ်။ မောင်တောနဲ့ ဘူးသီးတောင်မှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက် နေရသူ တစ်ဦးမှ မရှိတော့ဘူး။ ပြောရရင်တော့ဗျာ။ ဘင်္ဂလာဒေ့ရှ်က ပြန်ဝင်လာတဲ့သူတွေမှာဘဲ ပိုးတွေ့ခဲ့ရတာဆိုတော့ အခု အကုန်လုံး ပိုးမတွေ့ရတဲ့ အတွက် ဆေးရုံက ဆင်းခွင့်ရသွားကြတာပေါ့” ဟု ပြောကြားသည်။ 

နောက်ဆုံး ပိုးတွေ့သူများထဲမှ ၂ ဦးမှာ  နယ်စပ်ကုန်သွယ်ရေးဂိတ်ကို မပိတ်ခင် ဇူလိုင် ၃ ရက်နေ့  အစောပိုင်းကတည်းက ဘင်္ဂလာဒေ့ရှ်သို့ ကုန်ပစ္စည်းများ သွားပို့ခဲ့ပြီး ၃ ရက်နေ့နောက်ပိုင်း ပြန်ဝင်လာသည့် ဘုတ်သမား ၁၇ ဦးထဲမှ ဖြစ်ကြောင်း၊ ၁၇ ဦးစလုံးမှာ ကြားလက်ခံရေးစခန်းတွင် ကွာရင်တင်းဝင်ခဲ့ကြရပြီး ကျန် ၁၅ ဦးကိုလည်း နှစ်ကြိမ်တိုင်တိုင် စစ်ဆေးခဲ့ပြီး ပိုးမတွေ့ရသဖြင့် ကွာရန်တင်းဝင်ရာမှ ဆင်းသွားကြပြီ ဖြစ်ကြောင်း အုပ်ချုပ်ရေးမှူးက ပြောကြားသည်။ 

“ လက်ရှိ ဘင်္ဂလာဒေ့ရှ်က ပြန်ဝင်လာသူလည်း မရှိတော့ဘူး။ ကွာရန်တင်း ဝင်သူလည်း မရှိတော့ပါဘူး။ မောင်တောနဲ့ ဘူးသီးတောင်မှာတော့ တရုတ်၊ မလေးရှားက ပြန်လာသူ နှစ်ဦး သုံးဦးလောက်တော့ ကွာရန်တင်း ဝင်ပြီးရှိနိုင်ပါသေးတယ်။ ဒါလောက်ဘဲရှိပါတော့တယ်” ဟု မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ပြောဆိုသည်။

ကျောက်တော်မြို့နယ် ပြည်သူ့ ဆေးရုံသို့ ဆက်သွယ်ရာ ဆရာဝန်ကြီး ဒေါက်တာသန်းထွန်းဦးက ကျောက်တော်မြို့နယ် အင်ဘာရီမှ ပိုးတွေ့ မူဆလင် လူနာအမှတ် (၃၃၉) မှာလည်း စစ်တွေပြည်သူ့ဆေးရုံမှ ကျန်းမာရေးကောင်းသွားသဖြင့် ဆင်းသွာပြီဟု အတည်ပြု ပြောကြားသည်။ 

စစ်တွေမြို့ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရသည့် လူနာအမှတ် ၂၉၂ အမျိုးသားအား နှစ်ကြိမ်တိတိ စစ်ဆေးရာတွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးမတွေ့ရှိရတော့သဖြင့် ဇွန်လ ၁၃ ရက် နံနက် ၁၁ နာရီခန့်က ဆေးရုံမှ ဆင်းခွင့်ရရှိခဲ့သည်ဟု စစ်တွေမြို့ပြည်သူ့ဆေးရုံကြီး မှ ဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်က နိရဥ္စရာ သတင်းဌာနသို့ အတည်ပြု ပြောဆိုသည်။


ဆက်စပ် သတင်းများ