- Web Master
- ၀၁ နိုဝင်ဘာ ၂၀၂၀
အိမ်စိုးဖြူ
နိရဥ္စရာ၊ သြဂုတ် ၂ဝ/ ၂ဝ၂ဝ
ကိုဗစ်အတည်ပြုလူနာအမှတ် ၃၉၆ နှင့်ဆက်စပ်မှု ရှိခဲ့၍ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် အတူ ဝန်ကြီး ၂ ဦးတို့ မှာ ယနေ့ တွင် ကွာရန်တင်းဝင်နေရကြောင်း သတင်းရရှိသည်။
ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုနှင့် ဝန်ကြီး ၂ ဦးတို့မှာ ယနေ့နံနက် ၈ နာရီက ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့သည့် အသက်(၂၉)နှစ် လူနာအမှတ် (၃၉၆)ဖြစ်သည့် ထွေအုပ်ဝန်ထမ်း အမျိုးသမီးနှင့် ထိတွေ့ ဆက်စပ်သူများထဲတွင် ပါဝင်သည့်အတွက် ဆေးစစ်ချက်နမူနာများရယူကာ ကွာရန်တင်းဝင်နေရခြင်း ဖြစ်ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်ပိုင်က ပြောသည်။
“ဝန်ကြီးချုပ်နဲ့ နောက်ထပ် ဝန်ကြီးနှစ်ဦး ကွာရန်တင်းဝင်နေရပါတယ်။ နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ် ယူထားတယ်။ ထွေအုပ်က လူနာ ၃၉၆ နဲ့ ထိတွေ့ဆက်စပ်လို့ပါ။ ထွေအုပ်က အဲဒီလူနာမိန်းကလေးရဲ့ အလုပ်ခန်းထဲက အရာရှိတွေနဲ့ ဝန်ထမ်းတွေအကုန်လည်း ကွာရန်တင်းဝင်ရမှာပါ။ လူအရေအတွက်က အတိကျ မသိရသေးဘူး” ဟု ဒေါက်တာစိုးဝင်ပိုင်ကပြောသည်။
၄င်းလူနာအမှတ် ၃၉၆ မှာ ယမန်နေ့ သြဂုတ်လ ၁၉ ရက်နေ့က ဖျားနာလာသဖြင့် စစ်တွေဆေးရုံတွင် စစ်ဆေးခဲ့ရာယနေ့ နံနက်တွင် သူမမှာ ရောဂါပိုးတွေ့ရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။
ယမန်နေ့သြဂုတ်လ ၁၉ ရက်နေ့တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်ကျန်းမာရေး ဦးစီးဌာန၊ စစ်တွေမြို့မြို့မိ၊ မြို့ဖတို့မှာ နေ့လယ် ၃ နာရီခန့်တွင် အစိုးရအဖွဲ့ရုံး၌ တွေ့ဆုံခဲ့သည့်အတွက် ၄င်းထိတွေ့မှု အခြေအနေအား မေးမြန်းရာ စိုးရိမ်စရာမရှိနိုင်ကြောင်း ဒေါက်တာစိုးဝင်းပိုင်းက ဆက်ပြောသည်။
“ မနေ့က အစည်းဝေးကတော့ ကျွန်တော်တို့ အကုန်လုံးနှာခေါင်းစည်းတပ်တယ်။ လက်ဆေးတယ်။ စည်းကမ်းနဲ့အညီလုပ်ခဲ့တဲ့အတွက် စိုးရိမ်စရာမရှိပါဘူး” ဟုသူကဆက်ပြောသည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးဝင်းမြင့်နှင့် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးတို့အား နိရဥ္စရာသတင်းဌာနမှဆက်သွယ်ရာ ဆက်သွယ်မှုမရရှိသေးပါ။
စစ်တွေမြို့တွင် ကိုဗစ်အတည်ပြုလူနာများကို သြဂုတ်လ ၁၆ နေ့တွင် တစ်ဦး၊ ၁၉ရက်နေ့တွင် သုံးဦးနှင့် ယနေ့သြဂုတ်လ ၂ဝ ရက်များတွင် ၂ ဦးတို့ကို တွေ့ရှိခဲ့သည်။ ၄င်းတို့မှာ လူနာအမှတ်(၃၇၅)၊(၃၇၇)၊ (၃၇၈)၊(၃၇၉)၊ (၃၉၅)နှင့် (၃၉၆)တို့ဖြစ်ကာ ပြည်ပခရီးသွားရာဇဝင်မရှိသူများဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရသိရသည်။