သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ကိုဗစ်ကာလ အလုပ်ဝင်လုပ်နေသည့်တောင်ငူမှ ကျောင်းသားနှစ်ဦး ငပလီကမ်းခြေတွင် ရေနစ်ပျောက်ဆုံးနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၁ နိုဝင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 3k

မာန်ယုကျော် (ရွှေဝမြေ)
စစ်တွေ၊ နိုဝင်ဘာ ၁ / ၂ဝ၂ဝ

ကိုဗစ်ကာလ အလုပ်ဝင်လုပ်နေသည့် တောင်ငူမှ ကျောင်းသားနှစ်ဦးသည် ရခိုင်ပြည်နယ် သံတွဲမြို့နယ် ငပလီမြို့ ဂေါ့ရပ်ကွက်ရှိ ကမ်းခြေတွင် ရေကူးရာမှ ရေနစ်ပျောက်ဆုံးနေကြောင်း သတင်းရရှိသည်။

ရေနစ်ပျောက်ဆုံးနေသူနှစ်ဦးမှာ တောင်ငူမြို့နယ် လဲဘူးကျေးရွာမှ ကိုသူရအောင်(ခေါ်) လေးပေါင် (၁၈ နှစ်)နှင့် ကိုဝေလျှံထက် (ခေါ်) အတူး (၂၂ နှစ်)တို့ဖြစ်သည်။

ညီအစ်ကိုဝမ်းကွဲများဖြစ်ကြသည့် ၎င်းတို့နှစ်ဦးသည် အခြား (၄)ဦးနှင့်အတူ ယမန်နေ့ အောက်တိုဘာလ ၃၁ ရက်နေ့ နေ့လယ် ၂ နာရီခန့်တွင် ငပလီ ဂေါ့ကမ်းခြေ၌ ရေဆင်းချိုးရာမှ ရေနစ်မြုပ်ပျောက်ဆုံးသွားခြင်းဖြစ်သည်ဟု မိသားစုဝင်များက ပြောသည်။

“အခုပျောက်သွားတဲ့နှစ်ယောက်က ရေကူးတတ်တယ်။ ပြန်ခါနီးမှာ လှိုင်းစီးတာကို ဓာတ်ပုံ ရိုက်တာလား မသိဘူး။ အဲဒီမှာ လှိုင်းပုတ်ပြီးတော့ ဆွဲယူသွားတာ”ဟု ရေနစ်ပျောက်ဆုံးနေသူ ကိုဝေလျှံထက် (ခေါ်) အတူး၏ ဖခင် ဦးဇော်လင်းက နိရဥ္စရာသို့ပြောသည်။

ပျောက်ဆုံးနေသူနှစ်ဦးအနက် ကိုသူရအောင်(ခေါ်) လေးပေါင်သည် ဒသမတန်း(ဘောဂတွဲ)ကျောင်းသား တစ်ဦးဖြစ်ပြီး ကိုဝေလျှံထက် (ခေါ်) အတူးသည် တောင်ငူတက္ကသိုလ် စိတ်ပညာမေဂျာ နောက်ဆုံး နှစ်ကျောင်းသား ဖြစ်သည်ဟု သိရသည်။

“ကိုဗစ်ကြောင့် ကျောင်းပိတ်ထားချိန်မှာ ရရာအလုပ်ကိုဝင်လုပ်နေကြသူတွေပါ”ဟု ဦးဇော်လင်းက ဆက်ပြောသည်။

သူတို့နှစ်ဦးနှင့် ကမ်းပေါ်တွင်ကျန်ခဲ့သူလေးဦး၊ ပေါင်း (၆)ဦးသည် သံတွဲမြို့နယ် ရွှေလှော်ကျေးရွာအနီး Mytel ဆက်သွယ်ရေးကုမ္ပဏီ၏ ဖုန်းတာဝါတိုင်တည်ဆောက်ရေးလုပ်ငန်းခွင်တွင် ဝင်ရောက် အလုပ် လုပ်ကိုင် နေကြသူများဖြစ်သည်။

သူတို့သည် ယမန်နေ့က ဂေါ့ကမ်းခြေတွင် ပျော်ပွဲစားလာရောက်ကြရာမှ ယခုကဲ့သို့ဖြစ်ပွားသွားခြင်းဖြစ်သည်ဟု ဂေါ့ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဇော်နိုင်ဦးက နိရဥ္စရာကို အတည်ပြုသည်။

“ပုံမှန်ဆိုလို့ရှိရင် အဲဒီနေရာတွေက ကျနော်တို့ရွာခံသားတွေကတောင် ရေမကူးကြဘူး။ ဘာလို့ဆိုတော့ အဲဒီနေရာတွေက ကျောက်နဲ့နီးတော့ ကျောက်ဝဲဆွဲလို့လေ။ အဲဒီနေရာတွေက တစ်ယောက်မှ ရေသွား ကူးတဲ့နေရာတွေမဟုတ်ဘူး။ သူတို့က ရွာခံသားတွေမပါဘဲလာတော့ အခုလိုဖြစ်သွားတာပေါ့”ဟု သူက ပြောသည်။

လက်ရှိတွင် ပျောက်ဆုံးနေသူနှစ်ဦးအား ရေငုတ်ရှာဖွေနေကြသလို အခြေအနေကိုစောင့်ကြည့်နေပြီး ရဲနှင့် ထွေ/အုပ်တို့ထံလည်း သတင်းပို့ထားသည်ဟု ရပ်ကွက်အုပ်ချုပ်ရေးမှူးက ပြောသည်။

ဂေါ့ကမ်းခြေတွင် ကမ်းခြေမတ်စောက်ပြီး လှိုင်းကြီးတတ်သည့်အတွက် ရေကစားရန် အန္တရာယ်ရှိသည့် ကမ်းခြေဖြစ်သည်ဟုလည်း ဒေသခံများက ပြောသည်။


ဓာတ်ပုံ - အခင်းဖြစ်ပွားသည့်နေရာအားတွေ့ရစဉ်။

ဆက်စပ် သတင်းများ