ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

အစိုးရစက်မှုလက်မှုသိပ္ပံ(သံတွဲ)ကျောင်းသားသမဂ္ဂဦးဆောင်ပြီး ဆန္ဒဖော်ထုတ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ စက်တင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 2.7k

နီမင်းထွန်း
နိရဥ္စရာ ၊စက်တင်ဘာ ၂/၂ဝ၁၉

ရခိုင်ပြည်နယ်၊ သံတွဲမြို့ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းတွင် စက်တင်ဘာလ ၂ ရက်နေ့ နံနက် ၁ဝနာရီအချိန်က အစိုးရ စက်မှု လက်မှုသိပ္ပံ(သံတွဲ) ကျောင်းသားသမဂ္ဂဦးဆောင်ပြီး စစ်ဘေးရှောင် ကျောင်းသား ကျောင်းသူများ အရေး အပါအဝင် ကျောင်းတွင်းနှင့် ဆိုင်သော ကိစ္စရပ်တစ်ချို့အား ဆန္ဒထုတ်ဖော်ကာ တောင်းဆို ခဲ့ကြသည်ဟု သတင်းရရှိသည်။

အဆိုပါ ဆန္ဒထုတ်ဖော်ပွဲနှင့်ပတ်သက်၍ အစိုးရစက်မှုလက်မှုသိပ္ပံ(သံတွဲ)က ဦးဆောင်းပြီး ကျောင်းဝင်းအထဲတွင် ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

၎င်းကျောင်း၏ ကျောင်းသားသမဂ္ဂ ဥက္ကဌ ကိုရဲနိုင်ထွန်းက “ရခိုင် ပြည်နယ်မှာ ဖြစ်ပွားနေတဲ့စစ်ပွဲတွေကြောင့် နေရပ် စွန့်ခွာ ထွက်ပြေး နေရတဲ့ ကျောင်းသူ ကျောင်းသားတွေကို သက်ဆိုင်ရာအာဏာပိုင်တွေနဲ့ ဘယ်လို ကိုင်တွယ်ဖြေရှင်းပေးရမလဲဆိုတာကို သိချင်တာရယ်။ ပီးတော့ အဲဒီကျောင်းသား ကျောင်းသူတွေကို အစိုးရကနေ ထောက်ပံကြေး ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ နောက်ထပ် ကျောင်းတွင်း လိုအပ်ချက်တွေကို ဆန္ဒပြတောင်းဆိုရတာဖြစ်ပါတယ်” ဟု သတင်းဌာနများကိုပြောသည်။

ဆန္ဒထုတ်ဖော်ရာတွင် စစ်ဘေးကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသော ကျောင်းသူ၊ ကျောင်းသာများကို သက်ဆိုင်ရာအာဏာပိုင်များမှ ပညာသင် ထောက်ပံ့ကြေးပေးရေး၊ ရခိုင်ပြည်နယ်မှာ ပညာရေးအသုံးစရိတ်များ တိုင်းမြှင့်ချပေးရေး ၊ ကျောင်းသား ၊ ကျောင်းသူများအပါအဝင် အပြစ်မဲ့ ပြည်သူများအား မတရားဖမ်းဆီးညှင်းပန်း နှိပ်စက်များ ချက်ချင်းရပ်ရေး၊ စစ်ပြေးရှောင်ပြည်သူများအား ကူညီမည့် ပြည်တွင်း ပြည်ပမှ အကူအညီများ ခွင့်ပြုပေးရေး၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် အတွင်း သတင်းအမှောင်ချထားမှုများအား ချက်ချင်းရပ်ရေး စသည့် အချက် (၅) ချက်တို့ကို တောင်းဆိုခဲ့ကြသည်။

ကျောင်းတွင်း လိုအပ်ချက် ၃ချက် ဖြစ်သော ကျောင်းတွင် အိမ်သာနှင့် ကျောင်းသန့်ရှင်းရေးလုပ်သားများတိုးမြှင့်ချထားပေးရေး ၊ ကျောင်းသား ကျောင်းသူများနေထိုင်စားသောက်စရိတ်များ ပြေလည်ရေးနှင့် ချိုသာသော စျေးနှုန်းများဖြင့် ကျောင်းတွင်းအဆောင်များဖွင့်လှစ်ပေးရေး၊ ကျောင်းအတွင်း ကျန်းမာရေးဝန်ထမ်းများချထားပေးရေး တို့ကို တောင်းဆိုခဲ့ကြသည်ဟု သိရသည်။

၎င်းဆန္ဒဖော်ထုတ်ပွဲတွင် ကျောင်းသား ကျောင်းသူ ၅ဝ ခန့် ပူးပေါင်း ပါဝင်ခဲ့ပြီး နံနက် ၁ဝ နာရီက စတင်ကာ ၁၁ နာရီအချိန်တွင် ပြီးဆုံးခဲ့သည်ဟု သိရသည်။

ဆက်စပ် သတင်းများ