စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

ရခိုင်မှ နောက်ထပ်တက္ကသိုလ်ဝင်တန်း စာစစ်ဌာနနှစ်ခု စာမေးပွဲစစ်ရန် ၃ ရက်အလိုမှ ပြောင်းရွှေ့ခံရ၍ ကျောင်းသားဦးရေ ၁ဝဝဝ ကျော် နေစရာမရှိဖြစ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ မတ် ၂၀၂၀
  • | ကြည့်ရှုသူ: 1.8k

ချစ်အိလှိုင်
နိရဥ္စရာ ၊ မတ် ၉/ ၂ဝ၂ဝ

တက္ကသိုလ်ဝင်တန်းစာစစ်ဌာန နှစ်ခုအား လုံခြုံရေးကြောင့် စာမေးပွဲဖြေဆိုရန် ရက်ပိုင်းအလိုတွင် ကျောက်တော်မြို့ပေါ်သို့ ပြောင်းရွှေ့လိုက်သဖြင့် ကျောင်းသား၊ ကျောင်းသူဦးရေ ၁ဝဝဝ ကျော် နေစရာမရှိဘဲ အခက်ခဲကြုံနေရသည်ဟု သတင်းရရှိသည်။

ပြောင်းရွှေ့ခံလိုက်ရသည့် စာစစ်ဌာနနှစ်ခုမှာ ကျောက်တော်မြို့နယ်ရှိ အပေါက်ဝ စာစစ်ဌာနနှင့် ဒုက္ကံချောင်း စာစစ်ဌာနတို့ဖြစ်ဖြစ်ပြီး စာမေးပွဲစစ်ရန် သုံးရက်အလို မတ်လ ၈ ရက်နေ့က အချိန်ကပ်ပြီး ပြောင်းရွှေ့ခံလိုက်ရသည်ဟု သိရသည်။

ပြောင်းဆိပ်ကျေးရွာမှ ကျောင်းသားမိဖ တစ်ဦးဖြစ်သူ ဦးဖြူသီးက “သမီးလေးက အပေါက်ဝ အထကကျောင်းမှာ တက်ပါတယ်။ စာစစ်ဌာနလည်း အပေါက်ဝမှာဖြေရမယ်ဆိုပြီး အဆင်သင့် လုပ်ထားကြပြီးမှ ပြောင်းရမှာတဲ့။ ဖြေရမဲ့ စာစစ်ဌာနကိုတောင် မသိတဲ့ ကျောင်းသားမိဘတွေ ရှိနေကြတယ်။ ကျွန်တော်တို့ ဒီပြဿနာကိုဘယ်လို ဖြေရှင်းရမလဲ။ ဒီလောက် အချိန်နီးကပ်နေတဲ့ အချိန်မှာ ကလေးတွေဟာ စိတ်ဖိစီးမှုရသွားတယ်။ စိတ်သောက ရောက်ရတယ်။ သူတို့ စာမေးပွဲဖြေဖို့ အခက်ခဲတွေ ဖြစ်ရတယ်။ အစိုးရက ရေရေလည်လည် တိတိကျကျ ကျောင်းသား တွေကို ဘာမှ မလုပ်ပေးနိုင်ဘူး။ တာဝန်ယူမှု၊ တာဝန်ခံမှုကင်းမဲ့စွာနဲ့ ကျွန်တော်တို့ကို လုပ်လိုက်တယ်လို့ ခံစားရပါတယ်။ ကလေးတွေလည်း စိတ်ဆင်းရဲနေကြတယ်။ မနေ့ညကလည်း စာကျက်လို့လည်းမရ။ သူတို့ဦးနှောက်တွေ ရှုပ်ပြီး စိတ်ဆင်းရဲနေကြတယ်” ဟု နိရဥ္စရာသတင်းဌာနအားပြောသည်။

အပေါက်ဝစာစစ်ဌာနတွင် မဖြေဆိုရတော့ကြောင်း အဆိုပါစာစစ်ဌာနမှသိရသဖြင့် ကျောက်တော်မြို့သို့ ယနေ့ မတ်လ ၉ ရက်နေ့၊ နံနက်က လိုက်လာခဲ့ရသော်လည်း နေစရာအတည်တကျမရှိသေးသဖြင့် အခက်အခဲများဖြစ်နေကြောင်း၊ သမီးဖြစ်သူ ဖြေရမည့် စာစစ်ဌာနကိုလည်း သိရှိခြင်း မရှိသေးသဖြင့် စိတ်ပူပန်နေကြောင်း ၄င်းက ဆက်ပြောသည်။

“မနေ့က ၂ နာရီလောက်မှာ သိရတဲ့အခါ ကျွန်တော်တို့ကျောင်းသားမိဘတွေဟာ သိပ်စိတ်ဒုက္ခ ရောက်သွားတယ်။ အခက်ခဲတွေသိပ်ဖြစ်သွားပါတယ်။ တချို့ကျောင်းသားတွေမှာ မိဘလည်း မရှိဘူး။ ဘယ်နေရာမှာနေရမလဲဆိုတာ အခုထိ အစီစဉ်မချရသေးပါဘူး။ ကျွန်တော်တို့ နေဖို့နေရာ ရှာနေကြတာပါ။ ကျောက်တော်မြို့နယ်တစ်ခုလုံး ကျောက်တော်မြို့မှာဖြေရမှာဆိုတော့ နေဖို့အိမ်တွေမှာလည်း လူတွေပြည့်နေကြပြီ။ သမီးလေးလည်း အခု စာမေးပွဲစစ်ရမယ့် ကျောင်းလိပ်စာကို လိုက်ရှာဖို့ သွားနေတယ်”ဟု ဦးဖြူသီးကပြောသည်။

အဆိုပါစာစစ်ဌာနနှစ်ခုအနက် အပေါက်ဝစာစစ်ဌာနကို ကျောက်တော်မြို့ပေါ်ရှိ မြို့နယ် ထွေ/အုပ်ရုံး၊ မြို့နယ်ပညာရေးမှူးရုံး၊ သမဝါယမရုံးနှင့် အောင်မြေသုခဓမ္မာရုံတို့တွင် ဖြေဆို ကြရမည်ဖြစ်ပြီး ဒုက္ကံချောင်းစာစစ်ဌာနကို မြို့နယ်အားကစားရုံတွင် ဖြေဆိုကြရမည် ဟု မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ကျောက်တော်မြို့နယ် ပညာရေးမှူး ဦးသိန်းမြိုင်က “ရဲတပ်ဖွဲ့က လုံခြုံရေးပေးဖို့တွက် လုံခြုံရေး မပေးနိုင်ဘူးတဲ့။ အခက်ခဲတော့ ရှိမှာပေါ့လေ။ နေရေးထိုင်ရေးက စီစဉ်ပေးနိုင်ခြင်းမရှိဘူး။ ဘာလို့ဆို မြို့ပေါ်ကိုအားလုံးလိုလိုပြောင်းရတာကိုး။ သူတို့က နောက်မှ ပြောင်းရတာကို။ အခြားလူတွေက အရင်ရောက်နေကြတော့ ဘုန်းကြီးကျောင်းတွေမှာလည်းပြည့်နေပြီ။ ကျွန်တော်တို့ ပညာရေးမှူးရုံးမှာလည်း ဟောခန်းတွေမှာလည်း စစ်ရမဲ့သဘောရှိတယ်။ နေရာက အကုန်ကျပ်သွားပြီ။ မရှိတော့ဘူး။ ခန်းမတို့နဲ့ ဘုန်းကြီးကျောင်းတွေမှာလည်းပြည့်သွားပြီ”ဟု နိရဥ္စရာသတင်းဌာနကို ပြောသည်။

အဆိုပါစာစစ်ဌာနများအနက် အပေါက်ဝ စာစစ်ဌာနတွင် ကျောင်းသား၊ ကျောင်းသူ ၆၆ဝ ဦးနှင့် ဒုက္ကံချောင်း စာစစ်ဌာနတွင် ၄၅၁ ဦးရှိပြီး စာစစ်ဌာနနှစ်ခုပေါင်း၍ အပေါက်ဝ စာစစ်ဌာနတွင် ဦးရေ ၁၁၁၁ ဦးဖြေဆိုရန်စီစဉ်ခဲ့ရာမှ လုံခြုံရေးမပေးနိုင်တော့ကြောင်း ရဲတပ်ဖွဲ့မှ ပြောလာသဖြင့် ယခုကဲ့သို့ ပြောင်းရွှေ့လိုက်ရခြင်းဖြစ်ကြောင်း မြို့နယ် ပညာရေးမှူးက ဆက်ပြောသည်။

ရခိုင်ပြည်နယ်တွင် တိုက်ပွဲများပြင်းထန်နေမှုကြောင့် ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံနှင့် အမ်းမြို့နယ်စသည် မြို့နယ် ၈ ခုရှိ နယ်စာစစ် ဌာနများအား လုံခြုံရေးအခြေအနေအရ မြို့ပေါ် စာစစ်ဌာများသို့ ပြောင်းရွှေ့စစ်မည် ဖြစ်သည်ဟု  ပြည်နယ်ပညာ ရေးမှူးရုံးမှ သိရသည်။

-------------------------------------

Unicode:



နိရဉ်စရာ ၊ မတျ ၉/ ၂ဝ၂ဝ










ဆက်စပ် သတင်းများ