သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

အင်တာနက်ပြန်ဖွင့်ပေးရန်တောင်းဆိုသည့် ရက္ခိုင်ကျောင်းသားများသမဂ္ဂမှ ကျောင်းသားခေါင်းဆောင်၂ ဦး ထောင်တစ်လချမှတ်ခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ ဇူလိုင် ၂၀၂၀
  • | ကြည့်ရှုသူ: 5.2k

အိမ်စိုးဖြူ

နိရဥ္စရာ၊ဇူလိုင် ၂၃/၂ဝ၂ဝ

ရခိုင်မြို့နယ် ရှစ်ခုနှင့်ချင်းပြည်နယ်ပလက်ဝမြို့နယ်တို့တွင် ပိတ်ထားသည့် အင်တာနက်ပြန်ဖွင့်ပေးရန် ဆန္ဒဖော်ထုတ် တောင်းဆိုခဲ့သည့် ရက္ခိုင်ကျောင်းသားများသမဂ္ဂ (တက္ကသိုလ်များရန်ကုန်)မှ ကျောင်းသားခေါင်းဆောင်၂ ဦးကို ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ(၁၉) ဖြင့် ယနေ့နံနက်က ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် တရားရုံးမှ ထောင်ဒဏ် ၁ လချမှတ်လိုက်ကြောင်းသိရသည်။

၎င်းကျောင်းသားခေါင်းဆောင် ၂ ဦးမှာ ရက္ခိုင်ကျောင်းသားများ သမဂ္ဂ (တက္ကသိုလ်များ-ရန်ကုန်)အထွေထွေအတွင်းရေးမှူးဖြစ်သည့် ကိုမြတ်ဟိန်းထွန်းနှင့် ယခင်ပြောရေးဆိုခွင့်ရှိသူ ကိုကျော်လင်းတို့ ဖြစ်သည်။

၄င်းတို့နှစ်ဦးမှာ ဖေဖော်ဝါရီ(၂၃)ရက်နေ့ ညနေ(၄)နာရီခန့်၌ ရက္ခိုင်ကျောင်းသားများသမဂ္ဂ (တက္ကသိုလ်များ-ရန်ကုန်)၊ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂများအဖွဲ့ချုပ်(ဗကသ)နှင့်  ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ( ရွာသာကြီးနယ်မြေ)မှ ကျောင်းသားများနှင့် ရခိုင်ပြည်နယ်အတွင်းတွင် အင်တာနက်ဖြတ်တောက်ထားမှု အပါအဝင် အချက် ၃ ချက်တောင်းဆိုဆန္ဒပြခဲ့ကြသဖြင့် တရားစွဲဆို ခံခဲ့ကြရသည်။  

ယနေ့ ၅ လမြောက်သည့်နေ့ ဇူလိုင် ၂၃ ရက်နေ့တွင် ငြိမ်းစုစီပုဒ်မဖြင့် ထောင်ဒဏ်ချမှတ်ခံရခြင်းဖြစ်ကြောင်း ရက္ခိုင်ကျောင်းသားများသမဂ္ဂ (တက္ကသိုလ်များ-ရန်ကုန်)မှ အတွင်းရေးမှူးအဖွဲ့ဝင် ကိုမျိုးမင်းသူက ပြောသည်။

“လွန်ခဲ့တဲ့ ငါးလတည်းက ငြိမ်းစုစီပုဒ်မနဲ့တရားစွဲဖို့ အမိန့်ထုတ်ခဲ့တာပါ။ ကြားထဲမှာ ကျွန်တော်တို့မှာ အခက်ခဲတစ်ခုကြောင့် တရားရင်မဆိုင်ခဲ့ဘူး။ ဒီနေ့မှာ စလို့ ရုံးချိန်းတဲ့နေ့မှာ ထောင်၁ လချလိုက်တာပါ။ ကျွန်တော်တို့အနေနဲ့ ဒီကိစ္စကို ဘဝင်မကျပါဘူး။ ဘာကြောင့်လဲဆိုရင် ရခိုင်ပြည်မှာ အင်တာနက်ပိတ်ထားတာ တစ်နှစ်ကျော်နေပြီ။ လူအခွင့်ရေးဆုံးရှုံးနေတာပါ။ အင်တာနက်မရှိတော့ အွင်လိုင်းကသင်တန်းတွေလည်း တက်ရောက်ခွင့်မရဘူး။ ကျွန်တော်တို့ကျောင်းသားတွေ အခွင့်အရေးတွေအများကြီးဆုံးရှုံးနေရတယ်။ အဲဒါတွေကြောင့် ဆန္ဒထုတ်ဖော်ခဲ့ရတာ”ဟု ပြောသည်။

၄င်းတို့ဆန္ဒထုတ်ဖော်သည့်နေ့က ရခိုင်ပြည်တွင်းခြွင်းချက်မရှိအင်တာနက်လိုင်း ပြန်လည်ဖွင့်ပေးရေး၊ ဘူးသီးတောင်မြို့နယ် စာသင်ကျောင်းအား လက်နက်ကြီးကျရောက်ပေါက်ကွဲမှုအား တာဝန်ယူ၊ တာဝန်ခံမှုရှိစွာ ဖြေရှင်းပေးရေးနှင့် ပြည်တွင်း၊ ပြည်ပသတင်းမီဒီယာများအား လွတ်လပ်စွာ သတင်းရယူခွင့်ပေးရေးတို့ကို ကြွေးကြော်တောင်းဆိုခဲ့သဖြင့် ယခုကဲ့သို့ ငြိမ်းစုစီပုဒ်မ(၁၉)ဖြင့် တရားစွဲခံခဲ့ရခြင်းဖြစ်သည်ဟု ကိုမျိုးမင်းသူကဆက်ပြောသည်။

၄င်းတို့ ၂ ဦးအပါအဝင် ကျောင်းသား ၉ ဦးကို တရားစွဲခဲ့ခြင်းဖြစ်ပြီး လွန်ခဲ့သည့် မတ်လ ၂၅ ရက်နေ့တွင် ကိုနောင်ထက်အောင်၊ ကိုအောင်ပြည့်စုံဖြိုး၊ မနှင်း၊ မအေးမြတ်မွန်ကျော်၊ ကိုသုတစိုး၊ ကိုစစ်နိုင် နှင့် ကိုသက်တင်အောင်တို့ကို  ၇ ဦးအား ရန်ကုန်မြို့နယ်၊ ကမာရွတ်မြို့နယ်တရားရုံးမှ ငြိမ်းစုစီပုဒ်မ(၁၉)ဖြင့်ပင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁ လ ချမှတ်ခဲ့ကြောင်း သူကဆက်ပြောသည်။

အလားတူ၂ဝ၂ဝ ခုနစ်ဇွန်လ ၂၁ ရက်နေ့တွင် အင်တာနက်ပြတ်တောက်မှုတစ်နှစ်ပြည့်လှုပ်ရှားမှု ပြုလုပ်ခဲ့ကြသည့် ကျောင်းသားလူငယ်တချို့မှာ ငြိမ်းစုစီပုဒ်မ(၁၉)ဖြင့် အမှုဖွင့် အရေးယူခံခဲ့ရကြောင်း သိရသည်။

၂ဝ၁၉ ခုနစ်ဇွန်လ ၂၁ ရက်နေ့မှစ၍ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နှင့် ရခိုင်မြောက်ပိုင်းမြို့နယ် ၈ ခုကို အင်တင်နက်ဖြတ်တောက်ထားခဲ့သည်မှာ ၁ နှစ်ကျော်ကြာမြင့်လာပြီဖြစ်သည်။

ရခိုင်တွင် အင်တာနက်ပိတ်ထားခြင်းမှာ စစ်ရေးဆိုင်ရာလျို့ဝှက်ချက်များပေါက်ကြားခြင်း၊ လူမျိုးရေး အမုန်းတရား လှုံဆော်မှုများ ရှိနေခြင်းတို့ကြောင့် ဖြစ်သည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ အတွင်းရေးမှူးဇော်မင်းထွန်းက လွန်ခဲ့သည့် ဇွန်လ ၂၃ ရက်နေ့ က နေပြည်တော်တွင်ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦး၏ အမေးကို ဖြေကြားစဉ် ပြောဆိုသွားခဲ့သည်။


ဆက်စပ် သတင်းများ