ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

ဆန္ဒဖော်ထုတ်ခဲ့သည့် မန္တလေးမှ ကျောင်းသား ၁၃ဦးကို ငြိမ်းစုစီပုဒ်မ ၁၉ ဖြင့်အမှုဖွင့်၊ လွိုင်ကော်တွင်ကျောင်းသား ၂ ဦးခံဝန်ထိုးရ၊ ပေါင်းတည်နှင့်နတ္တလင်းတွင် လှုပ်ရှားမှုများဆက်ရှိခဲ့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ စက်တင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 6.6k

နိရဥ္စရာ၊ စက်တင်ဘာ ၁၂/၂ဝ၂ဝ

မန္တလေးတွင် ရခိုင်အရေးနှင့် ပတ်သက်ပြီး ဆန္ဒဖော်ထုတ်ခဲ့သည့် ကျောင်းသား ၁၃ ဦးကို ရဲတပ်ဖွဲ့က ငြိမ်းစုစီပုဒ်မ ၁၉ ဖြင့် အမှုဖွင်ခဲ့ပြီး လွိုင်ကော်မြို့တွင် ကယားပြည်နယ် ကျောင်းသားသမဂ္ဂမှ ဦးဆောင်သူ နှစ်ဦးကို ခံဝန်ထိုးခိုင်းခဲ့ကြောင်း သတင်းရရှိသည်။

မန္တလေးတွင် ငြိမ်းစုစီပုဒ်မ ၁၉ ဖြင့် အမှုဖွင်ခံခဲ့ရသည့် ကျောင်းသား ၁၃ ဦးသည် စက်တင်ဘာ ၁ဝ ရက်နေ့က ရခိုင်ပြည်သူများနှင့် ဗကသများအဖွဲ့ချုပ်က တစ်သားတည်းရပ်တည်ကြောင်း၊ စစ်တွေမြို့တွင် စက်တင်ဘာ ၉ ရက်နေ့က အင်တာနက်ပြန်ဖွင့်ပေးရန်နှင့် အစိုးရအားဆန့်ကျင် ဆန္ဒြုပခဲ့ကြသဖြင့် ရခိုင်ပြည်ကျောင်းသား သမဂ္ဂမှ အဖွဲ့ဝင် ကျောင်းသား သုံးဦးအား ဖမ်းဆီးခြင်းကို ရှုတ်ချကြောင်း ထုတ်ဖော်ပြီး မန္တလေးမြို့ လမ်းမများပေါ်တွင် ချီတက် ဆန္ဒပြခဲ့ကြသည်။  

ထိုသို့ ဆန္ဒဖော်ထုတ်ခဲ့သဖြင့် ကျောင်းသား ၁၃ ဦးကို ငြိမ်းစုစီပုဒ်မ (၁၉) ဖြင့် အမှုဖွင့်ပြီး ဖမ်းဆီးစစ်ဆေးရန် စီစဉ်နေကြောင်း၊ စက်တင်ဘာ ၁ဝ ရက်နေ့ ည ၈နာရီခွဲခန့်တွင် ကျောင်းသားတစ်ဦးဖြစ်သူ ကိုဘချစ်အား ရဲတပ်ဖွဲ့က ခေါ်ယူသွားပြီး စစ်ဆေးမေးမြန်းကာ စက်တင်ဘာ ၁၁ ရက် နံနက် ၁၁ နာရီက ပြန်လွှတ် ပေးခဲ့ကြောင်း The Daily Eleven တွင် သတင်းဖော်ပြထားသည်။

၎င်းကျောင်းသားများသည် “ အာဏာရှင်ဆိုတာ ဘယ်တော့မှ အရှင်မထွက်ဘူး (လူထုဒေါ်အမာ)၊ ဖက်ဆစ် လူသတ်ဝါဒဆန့်ကျင်ကြ၊ Arakan state is not killing field၊ Stop Internet Shutdown အစရှိသည့် ဗီနိုင်းများကိုင်ဆောင်ကာ မန္တလေးမြို့ ချမ်းအေးသာဇံမြို့နယ် ၈၄ လမ်းနှင့် ၃၁ လမ်းထောင့်မှ စျေးချိုနာရီစင် ရှေ့ထိ လမ်းလျှောက်ကာ ကြွေးကြော်သံများ ကြွေးကြော်ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။

၎င်းပြင် ကယားပြည်နယ် ကျောင်းသားသမဂ္ဂမှ ရခိုင်တွင် အင်တာနက်ဖြတ်တောက်မှု အလိုမရှိ၊ စသည့် စာပါ စာရွက်များကို လွိုင်ကော်မြို့တွင် လိုက်လံကပ်သောကြောင်း ဦးဆောင်သူ ကျောင်းသားခေါင်းဆောင် နှစ်ဦးကို လွိုင်ကော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် နောက်ထပ် မလုပ်ဆောင်ရန် ခံဝန်ထိုးခိုင်းခဲ့သည်ဟု သိရသည်။

Daily Eleven မှ ဖော်ပြသောသတင်းတွင် ဦးဆောင်သူ ကယားပြည်နယ် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ မတိမ်ဆွေနှင့် မောင်ထွန်းသူအောင်တို့အား သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးမှူး၊ လွိုင်ကော် တက္ကသိုလ် ပါမောက္ခချုပ်၊ ရဲအရာရှိကြီးများ၊ ဥပေဒအရာရှိ လာရောက်တွေ့ဆုံကြပြီး ဒေသန္တရ အမိန့် ပုဒ်မ ၅ဝ၅(ခ)တို့နှင့် ငြိသဖြင့် ထပ်မံ မလုပ်ကြရန် ခံဝန်လက်မှတ်ထိုးခိုင်းခဲ့သည်ဟု ဆိုသည်။

ကယားပြည်နယ် ကျောင်းသားသမဂ္ဂမှ ကျောင်းသားအချို့သည် လွိုင်ကော်မြို့တွင်း လမ်းမများရှိ ဓာတ်တိုင်များ၊ မီးပွိုင့်များ၊ နောင်ယားကန်နှင့် ထေးလျားကန်တို့တွင် ရခိုင်တွင် အင်တာနက်ဖြတ်တောက်မှု အလိုမရှိ၊ No Bloody Government၊ No Murder Army၊ ရခိုင်ပြည်နယ် အစိုးရအား အယုံအကြည်မရှိ၊ ရခိုင်ပြည်သူလူထုနှင့် အတူ ရပ်တည်ကြ၊ ဖက်ဆစ်လူသတ်ဝါဒ ဆန့်ကျင်ကြစသည့် စာသားများကိုကပ်ပြီး လူပ်ရှားမှုများ ပြုလုပ်ခဲ့ကြသည်ဟု ဆိုသည်။

၎င်းပြင် ပဲခူးတိုင်း ဒေသကြီး (အနောက်ပိုင်း) ပေါင်းတည်မြို့နှင့် နတ္တလင်းမြို့တို့တွင်လည်း ပြည်တွင်းစစ်ရပ်စဲရေးနှင့် ရခိုင်ပြည်နယ် ကျောင်းသားသမဂ္ဂ၏ တောင်းဆိုချက် အပေါ် အတူရပ်တည်ကြောင်း ပြသသည့် အနေဖြင့် စက်တင်ဘာ ၁၁ ရက် နံနက် ၈ နာရီခွဲမှ ၁ဝ နာရီခွဲထိ လူမြင်ကွင်း နေရာများတွင် စာရွက်များကပ်ပြီး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

( Photo credit Photo Owner)

ဆက်စပ် သတင်းများ