သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ရခိုင်စစ်ပွဲဆန့်ကျင်ဆန္ဒပြတဲ့ မန္တလေးက နောက်ထပ်ကျောင်းသား ၃ ဦးဖမ်းဆီးခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ စက်တင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 4.2k

နိရဥ္စရာ၊ စက်တင်ဘာ ၂၆/၂ဝ၂ဝ

ရခိုင်စစ်ပွဲ ဆန့်ကျင်ရေးနဲ့ စစ်တပ်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တဲ့ မန္တလေးမြို့က နောက်ထပ် ကျောင်းသား သုံးဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

မနေ့ မနက် (စက်တင်ဘာ ၂၅ ရက်) နံနက် ၁ဝ နာရီဝန်းကျင်က မန္တလေးမြို့မှာ ဗကသ အဖွဲ့ဝင် ကျောင်းသား သုံးဦးကနေ စစ်တပ်ဆန့်ကျင်ရေးနဲ့ ရခိုင်စစ်ပွဲ အဆုံးသတ်ရေး ကြွေးကြော် ဆန္ဒပြခဲ့ကြပြီးနောက် ကျောင်းသား ကိုကျော်သီဟရဲကျော်၊ ကိုစိုးလှနိုင်တို့ကို  ရဲတပ်ဖွဲ့က လာရောက်ဖမ်းဆီးသွားခဲ့တာဖြစ်ပါတယ်။

သူတို့ကို  စက်တင်ဘာလ ၁ဝ ရက်နေ့က ဆန္ဒပြမှုအတွက် ငြိမ်းစုစီ ပုဒ်မ ၁၉နဲ့ ဖမ်းဝရမ်းထုတ်ထားသလို  နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅ (က) (ခ) တို့ဖြင့် အမှုဖွင့်ထားတဲ့အတွက် ဖမ်းဆီးခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့ နောက်ထပ် တစ်ဦးဖြစ်သူ ကိုရဲရင့်အောင်ကိုတော့ ကိုကျော်သီဟရဲကျော်နှင့် ကိုစိုးလှနိုင် တို့ကို ဖမ်းဆီးပြီးနောက် နေ့လယ် ၁၂နာရီ ဝန်းကျင်ခန့်မှာ ထပ်မံဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ ကိုရဲရင့်အောင်ကို ငြိမ်းစုစီ ပုဒ်မ (၁၉)ဖြင့်သာ ဖမ်းဆီးခံရခြင်းဖြစ်တယ်လို့ဆိုပါတယ်။

ခုလို ဖမ်းဆီးခံရတာကို ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ) ဒုတိယဥက္ကဋ္ဌ ကိုအောင်ပြည့်စုံဖြိုးက မီဒီယာတွေကို အတည်ပြုပြောဆိုထားပါတယ်။

စက်တင်ဘာလ ၂၄ ရက်နေ့ ကလည်း  ကျောင်းသား ကိုမျိုးချစ်ဇော်(ခ) ကိုဘချစ်ကို ဖမ်းဆီးပြီး နေ့ချင်းပြီး တရားရုံးက ပုဒ်မ ၁၉ ဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁ လ ချမှတ်ခဲ့ပါသေးတယ်။

(Source: Yangon Khit Thit Media)

ဆက်စပ် သတင်းများ