သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ရမ်းဗြဲမြို့တွင် ရခိုင်စစ်ပွဲဆန့်ကျင်ရေးစာများကပ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ အောက်တိုဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 9.9k

ထွန်းခိုင် (တောင်ရင်းကျွန်း)
နိရဥ္စရာ၊ အောက်တိုဘာ ၅ / ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့တွင် ရခိုင်စစ်ပွဲဆန့်ကျင်ရေး စာရွက်ကို ဓာတ်တိုင်များတွင် ကပ်ထားသည်ကို  တွေ့ရှိရကြောင်း မြို့ခံများက ပြောသည်။

ရမ်းဗြဲမြို့ဒေသခံတစ်ဦးဖြစ်သူ ကို မြင့်ကျော်က “ ဘယ်သူတွေလုပ်သွားလည်းတော့ မသိဘူး။ မနေ့ည အချိန်မှာလုပ်သွားတာထင်တယ်။ နေရာတွေကတော့ မြို့ရဲ့ လမ်းဆုံးလမ်းခွတွေမှာ အဓိကထားပြီး လုပ်သွားတာဖြစ်တယ်” ဟုပြောသည်။

၎င်းစာရွက်များကို ဓာတ်မီးတိုင်များတွင် ကပ်ပြီး အထက ၁ အနီး၊ တန်းချေပြင်နှင့် ဘုရားများအနီးတဝိုက်တွင် တွေ့မြင်ရသည်ဟု ၎င်းက ပြောဆိုသည်။

အဆိုပါစတေးကာ စာရွက်တွင် ပြည်တွင်းစစ်ချက်ချင်းရပ်၊ တပ်မတော်အလင်းဝင်ပါ၊ ဖက်ဆစ်စစ်တပ် အလိုမရှိ၊ ဖက်ဆစ်စစ်တပ် ကျဆုံးပါစေ၊ ပြည်တွင်းစစ်ချက်ချင်းရပ် စသောအချက်များပါရှိပြီး အင်္ဂလိပ်မြန်မာ နှစ်ဘာသာဖြင့် ကပ်ထားသည်ကို တွေ့ရှိရဟု ၎င်းက ပြောသည်။

အဆိုပါ ရခိုင်စစ်ပွဲဆန့်ကျင်ရေး ကမ်ပိန်းလှုပ်ရှားမှုနှင့် ပတ်သက်၍ ရခိုင်ပြည်ကျောင်းသား သမဂ္ဂခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုကျော်နိုင်ဌေးက ယခုလိုမျိုးလှုပ်ရှားမှုများကို မြင်တွေ့ရသဖြင့် ထောက်ခံကြိုဆိုကြောင်း ပြောသည်။

အဆိုပါကိစ္စများနှင့်ပတ်သက်၍ ရမ်းဗြဲရဲစခန်းသို့ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းဖို့ကြိုစားခဲ့သော်လည်း ဖုန်းပိတ်ထားသဖြင့် အဆက်အသွယ်မရရှိခဲ့ပါ။

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ မွန်ပြည်နယ် ချောင်းဆုံမြို့နယ်၊ မန္တလေးတိုင်း ၊ မိတ္ထီလာမြို့နယ်၊ ရခိုင်ပြည်နယ် စစ်တွေမြို့နယ်များတွင်  ရခိုင်စစ်ပွဲဆန့် ကျင်ရေး  လှုပ်ရှားမှုများ ဆက်တိုက် ပြုလုပ်လျက် ရှိကြောင်း  ဗကသ ကတရားဝင် သတင်းထုတ်ပြန်သည်။

စစ်တွေမြို့တွင်လည်း လူသွားလူလာများသည့် လမ်းမပေါ်တွင် အနီရောင်ဆေးမှုတ်ပြီး အောက်တိုဘာ ၃ရက်နေ့ ညက လှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြသည်။


ဆက်စပ် သတင်းများ